မြန်မာနိုင်ငံမှာ ပြောင်းလဲမှုရှိလာတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့အတူ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကိုလည်း ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ပြည်တွင်းပြည်ပ သတင်းသမားတွေ စုပေါင်းပြီး မြန်မာ သတင်းမီဒီယာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့ အင်းယားလိပ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ၂ ရက်ကြာ ကျင်းပနေတဲ့ ဒီ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ပြဌာန်းသင့်တဲ့ မီဒီယာဥပေဒတွေနဲ့အတူ သတင်းကျင့်ဝတ် ဆိုင်ရာတွေအပြင် သတင်းထောက် သင်တန်းကျောင်းတွေ ဖွင့်နိုင်ရေး ကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အခုကျင်းပနေတဲ့ သတင်းမီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းပြည်ပ သတင်းသမားတွေ တွေ့ဆုံဆွေးနွေးကြတဲ့ ပွဲဖြစ်သလို အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် တိုးတက်မှုတွေ ရှိလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကြား သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့က ဦးဆောင်ပြီး စင်ကာပူအခြေစိုက် AMIC လို့ခေါ်တဲ့ အာရှသတင်းမီဒီယာ ဖွံ့ဖြိုးရေးအဖွဲ့နဲ့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကနေ ရလာမယ့် သတင်းကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်တွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးနိုင်မယ့် တာဝန်ရှိသူတွေဆီ တင်ပြဖို့အထိ စီစဉ်ထားတယ်လို့ ဒီပွဲကို ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်တဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။
“ကျနော်တို့ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းထဲမှာလည်း စတုတ္ထမဏ္ဍိုင်ရဲ့ အနေအထားကို ပြောတယ်။ အဲဒီအတွက် ကျနော်တို့က အဖြေရှာမယ်။ အကြံပြုချက်တွေပေါ့။ ဒီ workshop ကရမယ့် recommendation တွေ၊ action plan တွေကို သင့်တော်မယ့် သူများဆီ ပို့ဖို့ ကျနော်တို့က စီစဉ်ထားပါတယ်။ ကျနော်တို့ လုပ်လို့ရတဲ့အပိုင်းတွေက တတ်နိုင်သလောက် လုပ်သွားရင်တော့ တိုးတက်မှာပေါ့လေ။ ကျနော်တို့ လုပ်လို့မရဘဲနဲ့ အာဏာပိုင်တွေကပဲ လုပ်ပေးမှ ရမယ့်အပိုင်းကတော့ လုပ်ပေးမှပဲ တချို့က တိုးတက်မှာ။ အဲဒီတော့ နှစ်ပိုင်း ကျနော် ပြောချင်ပါတယ်။ policy maker တွေ လုပ်ပေးရမယ့်အပိုင်းကတော့ ဒါကတော့ အဲဒီ policy maker တွေရဲ့ ကိစ္စသာ ဖြစ်ပါတယ်။”
ဒီဆွေးနွေးပွဲမှာ ပြည်တွင်းအပြင် ပြည်ပက သတင်းပညာရှင် ၉ ဦးက ဒီကနေ့မှာ စာတမ်း ၉ စောင် ဖတ်သွားပါတယ်။ အများစုက နိုင်ငံတကာ သတင်းမီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး ပြောပြသွားသလို စာပေစိစစ်ရေးက ဒုညွှန်မှူး ဦးတင့်ဆွေကလည်း ပြန်ကြားရေးဌာနက ရေးဆွဲနေတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ အချက်တချို့ကို ရှင်းသွားရာမှာ ပုံနှိပ်ထုတ်ဝေရေး အတွက်သာ လျော့ပေါ့မှုတွေနဲ့ ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် သတင်းမီဒီယာ တစ်ခုလုံး လွတ်လပ်မှုအတွက် ခြုံငုံပြီး ရေးထားတာ မဟုတ်ဘူးလို့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ပြောပါတယ်။
“တကယ်တမ်းပြောရရင် အခုဖြစ်လာမယ့်ဥပဒေ နံမည်ကို ကျနော်ပြောပြမယ်။ Printing, Press and Publication Law ဆိုတော့ မီဒီယာလို့ မသုံးထားဘူး။ ပုံနှိပ်စက်တွေနဲ့ ပုံနှိပ်ထုတ်ဝေခွင့် စာအုပ်များဆိုင်ရာ ဥပဒေ ဆိုတဲ့ပုံစံမျိုး။ သူက print မီဒီယာ တစ်ခုတည်း ရည်ရွယ်တဲ့သဘောမျိုး၊ ဆင်ဆာ မထားတော့ဘူး ဆိုတဲ့သဘောမျိုး။ ဆိုတော့ အရင်ဟာထက်စာရင်တော့ လွတ်လပ်မယ်၊ အကုန်လုံးတော့ လွတ်လပ်ခွင့် ပေးတာတော့ မဟုတ်သေးဘူး။ ကျနော်တို့ ပြောထားတာကတော့ လက်ရှိ ပြန်ကြားရေးက ရေးတဲ့ဥပဒေကို ရှေ့နေချုပ်ရုံးကို တင်ထားတယ်။ ပြန်ကျန်တဲ့အခါမှာ လွှတ်တော်ကို မတင်ခင်မှာ ကျနော်တို့ကို ဆွေးနွေးခွင့်ပေးမယ်၊ ချပြမယ်လို့တော့ ကတိပေးထားတယ်။ ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း လိုအပ်တာတွေ ပြောကြတယ်။ ကျနော်တို့ human resource နဲ့ ပတ်သက်ပြီး တော်တော်လိုနေတယ်။ ဒါကြောင့်မိုလို့ training တွေ အများကြီးလုပ်ဖို့ လိုမယ်။ အဲဒါတွေတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော် ထင်တာတော့ အကုန်လုံး ရဖို့ မရဖို့ ဆိုတာထက် ကိုယ်သွားချင်တဲ့နေရာကို ခြေလှမ်းတစ်လှမ်းတော့ စလှမ်းလို့ ရတာပေါ့။ ကျနော်တော့ အဲဒီလို မြင်ပါတယ်။”
မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစော ပြောသွားတာပါ။ ဒီကနေ့ ဆွေနွေးမှုတွေအပေါ် ပြည်တွင်းသတင်းအယ်ဒီတာ ဦးစည်သူအောင်မြင့် သုံးသပ်တာကတော့ -
“တကယ့်တကယ် ဒီမှာတက်တဲ့သူတွေက အများစု စိတ်ဝင်စားကြတာက ကျနော်တို့ မြန်မာပြည်က အခြေအနေပေါ့နော်၊ မီဒီယာ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အခြေအနေ။ လက်ရှိ အနေအထားအပေါ်မှာတော့ ကျနော်တို့ သိပ် မဆွေးနွေး နိုင်ဘူး။ မဆွေးနွေးနိုင်တာက လောလောဆယ်မှာ ဆွေးနွေးဖို့ဆိုရင် အပြန်အလှန် ခေါ်တာပေါ့နော်။ ကျနော်တို့ ဒီဘက်က ဒါကို တာဝန်ယူလုပ်ကိုင် ဆောင်ရွက်နေတဲ့ အစိုးရပိုင်းကလူတွေလည်း ဆွေးနွေးပေးရမယ်။ နောက် ကျနော်တို့ ဒီဘက်က ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ မီဒီယာသမားတွေကလည်း ဆွေးနွေးပေးရမယ်။ ပြီးတော့ နိုင်ငံတကာကလည်း ဒီဆွေးနွေးချက်တွေ အပေါ်မှာ သူတို့အမြင်တွေ ဘာတွေ ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အဲဒီဥစ္စာတွေကတော့ ဒီလောက်အထိ မဆွေးနွေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားကလူတွေက သူတို့ အတွေ့အကြုံတွေလောက် ပြောတယ်။ ကျနော်တို့ကလည်း မေးမြန်းတယ်။ ဒီလောက်ပဲ ကျနော်တို့ ဆွေးနွေးနိုင်တယ်။”
မနက်ဖြန်မှာတော့ သတင်းသမားတွေ အပြန်အလှန် ဆွေနွေးကြမယ့်အထဲမှာ သတင်းကျင့်ဝတ်ပိုင်း ဆိုင်ရာတွေ၊ သတင်းထောက် သင်တန်းကျောင်း ဖွင့်နိုင်ရေး တွေလည်း ပါဝင်မယ်လို့ ဦးဆောင်စီစဉ်သူ ဦးကိုကို (စက်မှု) က ပြောပါတယ်။
“ဒါ မီဒီယာ ဥပဒေတစ်ခုတင် မကဘူး။ ဘယ်လိုဥပဒေ မျိုးတွေရော ကျနော်တို့က ရှိသင့်သလဲ၊ ဘယ်လို ဥပဒေမျိုးကတော့ မရှိသင့်ဘူးလဲ ဆိုတာတွေလည်း ကျနော်တို့က ဆွေးနွေးတဲ့အထဲမှာ ပါပါတယ်။ နောက်တစ်ခုကတော့ ကျင့်ဝတ် ethic ပေ့ါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ကျင့်ဝတ်နဲ့ပတ်သက်ပြီးတော့ သူ့ဟာသူ ဆွဲပြီး ကျင့်သုံးနေတာတွေလည်း ရှိတယ်။ အဲဒီတော့ မနက်ဖြန်မှာ ကျနော်တို့ကတော့ အနည်းဆုံးတော့ အားလုံးသိတဲ့ အားလုံး သဘောတူနိုင်မယ့် ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ guideline လေးတစ်ခုကိုပါ ချနိုင်အောင်လို့ ကျနော်တို့ ကြိုးစားမှာဖြစ်ပါတယ်။ နောက် တတိယအချက်ကတော့ ကျနော်တို့က သတင်းထောက်တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် သင်တန်းကျောင်းတစ်ခုဖြစ်အောင် ကျနော်တို့က ကြိုးစားနေတယ်။ အဲဒီ သင်တန်းကျောင်းကို ဘယ်လို ပုံစံမျိုး ပေါ်ပေါက်လာမယ်၊ ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ် ဆိုတာကို ဝိုင်း အဖြေရှာမယ်။ ဝိုင်း ဆွေးနွေးမယ်။ သတင်းထောက်နဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းတစ်ခုကို ကျနော်တို့ သိပ်မကြာမီပေါ့လေ တည်ထောင်သွားဖို့ ရှိပါတယ်ခင်ဗျ။”
မြန်မာနိုင်ငံ စာပေ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) ပြောသွားတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမယ့် ဒီ သတင်းမီဒီယာဖွံ့ဖြိုးမှု အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်တွင်းက သတင်းဌာနတွေကို ဦးဆောင်နေတဲ့ သတင်းအယ်ဒီတာတွေ၊ သတင်းထောက်တွေအပြင် အိမ်နီးချင်းနိုင်ငံတွေက သတင်းထောက်တွေ နဲ့အတူ ပြည်ပအခြေစိုက် ဗွီအိုအေ၊ ဘီဘီစီ၊ အိန္ဒိယအခြေစိုက် မဇ္ဇျိမ သတင်းဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်နေတာ ဖြစ်ပြီး သတင်းသမားဦးရေ ၁၀၀ နီးပါးလောက် ဆွေးနွေနေကြတာ ဖြစ်ပါတယ်။