သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မီဒီယာက အပြောင်းအလဲတချို့


သတင်းသမားတွေ လိုက်နာကျင့်သုံးသင့်တဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာတွေကလည်း လေးစားလိုက်နာမယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ သမ္မတနဲ့ စာနယ်ဇင်းကောင်စီ တွေ့ဆုံပြီးနောက်ပိုင်း အခုလို ကြေညာလိုက်တာပါ။ ပြန်ကြားရေးဝန်ကြီးသစ် ခန့်အပ်ပြီးတဲ့နောက်မှာ မြန်မာသတင်းမီဒီယာ စာနယ်ဇင်းလောကမှာ ဘာအပြောင်းအလဲတွေ ရှိနေတယ်ဆိုတာတွေကို မဆုမွန်က တင်ပြထားပါတယ်။

အရင်က သတင်းမီဒီယာ ထိန်းချုပ်မှုတွေ တင်းတင်းကျပ်ကျပ် ထားခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်လာပြီးတဲ့နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့် အတော်အသင့် ရလာခဲ့တာပါ။ သတင်းမီဒီယာကို ထိန်းချုပ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ နှုတ်ထွက်ခွင့် ပေးခဲ့တဲ့နောက်ပိုင်း သမ္မတ ဦးသိန်းစိန်က အမည်တင်သွင်းခဲ့တဲ့ ဒုပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ပြန်ကြားရေးဝန်ကြီးအဖြစ် သြဂုတ်လ ၁ ရက်နေ့မှာတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံတော်သမ္မတရုံးက အတည်ပြု ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

မကြာသေးခင်က သတင်းသမားတွေ ဖမ်းဆီးထောင်ချ အပြစ်ပေးခံနေရတဲ့ အနေအထားမှာ သတင်းသမားတွေရဲ့ စာနယ်ဇင်းကျင့်ဝတ် လိုက်နာမှု အားနည်းတယ်လို့ အစိုးရဘက်က ဝေဖန်မှုတွေ ရှိခဲ့ပြီးနောက် သတင်းသမားတွေနဲ့ အာဏာပိုင်တွေကြား အခြေအနေက တင်းမာခဲ့တာပါ။ ဒီအခြေအနေမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ သမ္မတ ဦးသိန်းစိန်၊ ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်တို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်တချို့ ရရှိခဲ့တယ်လို့ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ဦးဇော်သက်ထွေး က ပြောပါတယ်။ ဒီသဘောတူညီမှုတွေထဲ သတင်းမီဒီယာတွေကြား လုပ်ဆောင်သင့်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်တွေ ပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး-

“ဒီရလဒ်က ဘယ်နေရာကလာသလဲဆိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျနော်တို့နဲ့ သမ္မတနဲ့တွေ့တဲ့အခါမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဟာ မီဒီယာနဲ့ အစိုးရကြားမှာ ကျနော်တို့က engagement လုပ်ပေမဲ့ အကြီးဆုံးအဖွဲ့အစည်းအဖြစ် ကျနော်တို့ နှစ်ဘက်စလုံးက အသိအမှတ်ပြုပြီးတော့မှ ဒီရလဒ်ပေါ်လာတယ်လို့ ယူဆပါတယ်။ နောက် နံပါတ် ၂ က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် နှုတ်ထွက်ပြီးတဲ့နောက်မှာ ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ် ဖြစ်လာပါတယ်။ ဒါဟာ ဦးရဲထွဋ်အနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ ပြန်ကြားရေးဝန်ကြီးကြား ပြန်ကြားရေးဝန်ကြီးဌာနကြားထဲမှာ ခုနက နားလည်မှုလွဲမှားတာတွေ၊ တယောက်နဲ့တယောက် ယုံမှားသံသယတွေ အားလုံးကို ဖြေလျှော့ဖို့ ကျနော်တို့ ရည်ရွယ်ပြီးတော့မှ ဒီခြေလှမ်းကို စတင်လှမ်းတယ်လို့ ယူဆပါတယ်။”

အခုတော့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ထုတ်ဝေတဲ့ ကြေးမုံ၊ မြန်မာ့အလင်းနဲ့ New Light of Myanmar သတင်းစာက မြန်မာစာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို လေးစားလိုက်နာပါမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ အစိုးရပိုင် သတင်းစာတွေက စာတည်းအဖွဲ့ဝင်တွေ၊ သတင်းထောက်တွေအနေနဲ့လည်း လိုက်နာဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးရဲနိုင်က အခုလို ပြောပါတယ်။

“ဒီစာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ ထုတ်ပြန်တဲ့ ကျင့်ဝတ်တွေက ကျနော်တို့ သတင်းစာတွေအတွက် အထောက်အကူဖြစ်တယ်။ ကျနော်တို့သတင်းထောက်တွေအတွက်လည်း အထောက်အကူဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ဒီကျင့်ဝတ်ကို ကျနော်တို့လည်း လိုက်နာမယ်ဆိုပြီး ပြောခြင်းဖြစ်ပါတယ်။ အဲ့ဒီတော့ ကျနော်တို့က အခုလို လုပ်ရင်းကနေ ကျနော်တို့ သတင်းထောက်တွေ၊ သတင်းစာတွေကနေ တကယ်လို့ မှားယွင်းမှုတွေ ရှိလာပြီဆိုရင် ကျနော်တို့က တိုင်ကြားလာတဲ့ အတိုင်းအတာအပေါ် မူတည်ပြီးတော့မှ ကျနော်တို့က ကျနော်တို့ရဲ့ သတင်းစာကျင့်ဝတ် ပါတဲ့အတိုင်းပဲ အမှားပြင်ဆင်ခြင်းတို့၊ ပြင်ဆက်ချက် ဖော်ပြခြင်းတို့ ဒါမျိုးတွေ သူ့ရဲ့အတိမ်အနက်အပေါ် မူတည်ပြီးတော့ လုပ်သွားမယ်။ လုပ်သွားရင်းကနေ မဟုတ်ဘူး၊ မကျေနပ်ဘူးဆိုရင် စာနယ်ဇင်းကောင်စီ (ယာယီ) ကို သူ့သတင်းမီဒီယာ ဥပဒေထဲကအတိုင်းပဲ ဖြေရှင်းပေးရမယ့် ကိစ္စမျိုးဆိုရင်လည်း ကျနော်တို့ စာနယ်ဇင်းကောင်စီက ခေါ်ယူတဲ့အတိုင်းပဲ ကျနော်တို့ ဒီဘက်က သွားမယ်။ ဟိုဘက်က မကျေလည်တဲ့သူက သွားမယ်။ ဒီလိုမျိုးသွားမှာပေါ့။ နောက်ဆုံး တရားရေးကို သွားမယ်ဆိုရင်လည်း ဟိုတနေ့က သမ္မတကြီးနဲ့ စာနယ်ဇင်းကောင်စီနဲ့ တွေ့တဲ့အတိုင်းပါပဲ။ အဲ့ဒီအတိုင်းကို ကျနော်တို့က ဆက်လက် လိုက်နာအကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်။”

စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ ရေးသားဖော်ပြချက်တွေ တွေ့ရင် အရင်ဆုံး သတင်းနဲ့ စာနယ်ဇင်းသတင်းဌာန၊ ကြေးမုံ၊ မြန်မာ့အလင်းနဲ့ New Light of Myanmar က စာတည်းမှူးချုပ်တွေကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဘက်ကလည်း သတင်းအချက်အလက်ပိုင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စတွေ အငြင်းပွားမှုတွေကို ဝင်ရောက်ဖြေရှင်းပေးဖို့ကိုလည်း သမ္မတနဲ့ ဆွေးနွေးခဲ့တယ်လို့ ဦးဇော်သက်ထွေးက ဆိုပါတယ်။

“စာနယ်ဇင်းကောင်စီရဲ့ အဓိကလုပ်ငန်း တာဝန်အရ ကျနော်တို့က engagement လုပ်တဲ့တာဝန်ပါ။ ကျနော်တို့က punishment ပေးတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ တကယ်၍ ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ နစ်နာတဲ့သူက တိုင်ကြားမယ်ဆိုရင်တော့ စတင်ပြီးတော့ ဒီသတင်းကို ရေးသားတဲ့နေရာမှာ တာဝန်ရှိတဲ့သူနဲ့ နစ်နာတဲ့သူ နှစ်ဦးကို တွေ့ဆုံစေပြီးတော့မှ အပြန်အလှန် ညှိနှိုင်းဖို့ပဲ စာနယ်ဇင်းကောင်စီက ဆောင်ရွက်ပေးမှာပါ။ အဲဒီညှိနှိုင်းဆောင်ရွက်မှုအပေါ်မှာ တယောက်နဲ့တယောက် နားလည်မှုရပြီးတော့ ပြဿနာပြေငြိမ်းသွားရင် ကျနော်တို့ရဲ့ တာဝန်ယူတဲ့ အပိုင်းကဏ္ဍ အောင်မြင်တယ်လို့ ပြောလို့ရမှာဖြစ်ပြီးတော့ သူတို့သဘောမတူလို့ သူတို့အနေနဲ့ မကျေနပ်လို့ တရားရုံးကို ရောက်သွားမယ်ဆိုရင်တော့ ဒါက ကျနော်တို့အနေနဲ့ ဒီတာဝန်ကို မထမ်းဆောင်နိုင်ဘူးလို့ ပြောလို့ရပါတယ်။”

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်တဲ့ စာနယ်ဇင်းကျင့်ဝတ်ပါ အချက်အလက်တွေကို လေးစားလိုက်နာဖို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် အချက်တွေကို အစိုးရပိုင်း သတင်းစာတွေမှာ သတင်းရေးသားနေတဲ့ သတင်းထောက်တွေထံကို ပေးပို့ အကြောင်းကြားနေသလို သတင်းကျင့်ဝတ်ပိုင်းဆိုင်ရာ သင်တန်းတွေကိုလည်း ပို့ချပေးဖို့ စီစဉ်နေတယ်လို့ သတင်းနဲ့ စာနယ်ဇင်း တာဝန်ရှိသူက ပြောပါတယ်။

XS
SM
MD
LG