မြန်မာနိုင်ငံမှာ ဒီလကုန်ပိုင်းရောက်ရင် ကျင်းပမှာဖြစ်တဲ့ လွှတ်တော်မှာ ပါဝင်ဖို့ စစ်တပ်က ခန့်ထားတဲ့ လွှတ်တော်အမတ် ၂၅% ရဲ့ စာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းထဲမှာ စစ်တပ်ထဲက ဘယ်လိုအဆင့် ခေါင်းဆောင်တွေ ပါလာနိုင်ပါသလဲ၊ ပါလီမန်ထဲမှာရော ဘာတာဝန်တွေ ယူကြမှာလဲ၊ အမတ်နေရာ အများစု ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ဆက်ဆံရေးမှာရော ဘယ်လိုအခြေအနေ ရှိနိုင်သလဲ၊ အကြောင်းစုံ သိနိုင်အောင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံရဲ့ ယာယီ သံရုံးတာဝန်ခံအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အထက်တန်း အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ကိုအောင်လင်းထွဋ် ခင်ဗျား၊ စစ်တပ်ကခန့်တဲ့ လွှတ်တော်အမတ် စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်ပြီလို့ မြန်မာ့အသံက မနေ့ညက ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာတဲ့အခါမှာ အထက်လွှတ်တော်ဖြစ်တဲ့ အမျိုးသားလွှတ်တော်အတွက် ၅၆ ဦး၊ အောက်လွှတ်တော်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်အတွက် ၁၁၀၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်တွေ အတွက်တော့ ၂၂၂ ဦးလို့ ကြေညာသွားတာ တွေ့ရပါတယ်။ အခုလို အရေအတွက်တွေကို ကြေညာသွားပေမဲ့ စစ်တပ်က အမတ်တွေရဲ့ နာမည်စာရင်းကိုတော့ ထုတ်ပြန် ကြေညာသွားတာ မရှိပါဘူး။ အဲဒီစာရင်းကို ဒီနေ့ သတင်းစာတွေမှာ ထုတ်ပြန်ကြေညာမယ်လို့ ဖော်ပြသွားတာ တွေ့ရပါတယ်။ အဲဒီတော့ အခုလို ခန့်အပ်လိုက်တဲ့ အမတ်တွေထဲမှာ စစ်တပ်က ဘယ်လို ရာထူးအဆင့်ရှိတဲ့ ခေါင်းဆောင်တွေ ပါလာနိုင်မယ်လို့ မှန်းဆကြည့်လို့ ရပါသလဲ။
“အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်မှာတော့ တပ်မတော်ကနေ အနိမ့်ဆုံး ဗိုလ်မှူးကြီးအဆင့် အထက်ရှိတဲ့ လူတွေကို ရွေးချယ် တာဝန်ပေးမယ်လို့ ထင်ပါတယ်။ အဲဒီလို ရွေးချယ် တာဝန်ပေးတဲ့ အခါမှာ တိုင်းမှူးတွေရှိမယ်၊ တပ်မမှူးတွေရှိမယ်၊ ကာကွယ်ရေး ဝန်ကြီးဌာနက အထူးစစ်ဆင်ရေး အဖွဲ့မှူးတွေရှိမယ်၊ ဒီအဖွဲ့မှူးတွေကတော့ မပါမနေရ အနေနဲ့ ပြည်သူ့လွှတ်တော်ထဲမှာ ပါလာပါလိမ့်မယ်။
“အလားတူ စစ်ရုံးမှာရှိတဲ့ စစ်ထောက်ချုပ်တို့၊ စစ်ရေးချုပ်တို့၊ ကျန်တဲ့ ညွှန်ကြားရေးမှူး ရုံးတွေမှာရှိတဲ့ ဗိုလ်ချုပ်တွေကလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပါလာကြမှာ ဖြစ်ပါတယ်။”
အဲဒီတော့ နိုင်ငံတော်အဆင့်မှာ ပါလာမယ့် လူအများစုက ၄ လပတ် အစည်းအဝေးတွေမှာ ပါတဲ့ အဆင့်တွေနဲ့ရော သွားတူနိုင်လား။
“မှန်ပါတယ်ခင်ဗျ။ ၄ လပတ်အဆင့်မှာ ပါတဲ့သူတွေ အားလုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဖြစ်လာဖို့ များပါတယ်။”
ဟုတ်ကဲ့၊ နိုင်ငံတော်အဆင့်မှာပေါ့နော်။
“မှန်ပါတယ်ခင်ဗျ။”
အဲဒါဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်တွေ အတွက်ရော။
“သက်ဆိုင်ရာ စစ်တိုင်းဌာနချုပ်တွေ လက်အောက်မှာ ဗိုလ်မှူးကြီးအဆင့် အမြင့်ဆုံးပေါ့လေ၊ အနိမ့်ဆုံး ဗိုလ်မှူးအဆင့်ပေါ့၊ ဒီပုဂ္ဂိုလ်တွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ ရွေးချယ်ပါလိမ့်မယ်။ အဲဒီလို ရွေးချယ်တဲ့ အခါမှာ တိုင်းစစ်ဌာနချုပ်တွေက အလုပ်နည်းပါးတဲ့ စစ်ဦးစီး ပထမတန်းတွေ ရှိပါတယ်။ စစ်ဦးစီး ပထမတန်း (ရေး၊ ထောက်) အစရှိသဖြင့် ဒီလိုပုဂ္ဂိုလ်တွေက တိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပါမှာဖြစ်ပါတယ်။”
အဲဒီအခါ အခုလို ပါလီမန်အမတ်တွေ ပါလီမန်ထဲမှာ လုပ်ပုံကိုင်ပုံ၊ လုပ်ထုံးလုပ်နည်းအရ ဘယ်လိုဖြစ်လာမယ်လို့ ခန့်မှန်းလဲ၊ မကြာသေးခင်က သင်တန်းတွေ ပေးထားတယ်လို့တော့ ကြားထားပါတယ်။ ကိုအောင်လင်းထွဋ်ရော အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ။
“သင်တန်းတွေပေးတဲ့ သတင်းတော့ ကျနော်လည်း ကြားပါတယ်။ သင်တန်းပေးတဲ့ ရည်ရွယ်ချက်ကတော့ လုပ်ထုံးလုပ်နည်း၊ လုပ်နည်းလုပ်ဟန်တွေ၊ လုပ်တတ်ကိုင်တတ်အောင် ခေါ်ပြီးတော့ ညှိနှိုင်းပေးတဲ့ သဘောပါ။ ရက်တိုသင်တန်း သဘောမျိုးလေးပဲ ဖြစ်ပါတယ်။ အဲတော့ ပါလီမန် တကယ်ထွက်လာတဲ့ အခါမှာ ရေးရာကော်မတီတွေ၊ ဆပ်ကော်မတီတွေ၊ အသီးသီး ရှိလာပါလိမ့်မယ်။ ဒီလိုရှိလာတဲ့အခါ အဲဒီတာဝန်တွေကို ထမ်းဆောင်တဲ့အခါ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်တဲ့အခါမှာ လုပ်တတ် ကိုင်တတ်အောင်လည်း တပိုင်းပေါ့လေ။
“နောက်တခုကတော့ ခပ်ကြမ်းကြမ်းလေး ပြောရရင်တော့ မင်းတို့ လွှတ်လိုက်တဲ့ ၂၅% သော တပ်မတော်သားတွေက မင်းတို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်အောက်မှာရှိတယ်၊ မင်းတို့ ယူနီဖောင်း ဝတ်ထားတယ်၊ စစ်မှုထမ်းနေဆဲ ဖြစ်တယ်၊ စစ်မှုထမ်းနေဆဲ ဖြစ်တဲ့အတွက် စစ်စည်းကမ်းကို လိုက်နာရမယ်၊ အမိန့်ပေးရင် အမိန့်ပေးတဲ့အတိုင်း လုပ်ရမယ် ဆိုတာကို ခေါ်ပြောတာလည်း ဖြစ်နိုင်ပါတယ်။”
လွှတ်တော်ထဲမှာ ၂၅% ရှိလာတဲ့အခါကြတော့ ကျန်တဲ့ အများစု ရထားတဲ့၊ စစ်တပ်ခေါင်းဆောင်ဟောင်း အများစုပါတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ် အများစုနဲ့ ဘယ်လို ဆက်ဆံရေး အနေအထားမျိုး ရှိမယ်လို့ ထင်ပါသလဲ။
“ဆက်ဆံရေး ကြားထဲကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ပဲ တိုက်ရိုက်ဆက်ဆံမယ့် အနေအထားမျိုး ရှိပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ အနေနဲ့လည်း ဗိုလ်ချုပ်ကြီးတွေ ဆိုသော်လည်း စစ်တပ်က ၂၅% ကို သူတို့ အမိန့်ပေးလို့ မရပါဘူး။ သူတို့လိုလားချက်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိပြီး လုပ်ရပါမယ်။ ညှိနိုင်ဖို့ အတွက်ကလည်း အကြီးဆုံး နိုင်ငံ့ဥသျှောင်ကြီးက ရှိနေပါမယ်။ သူ့ရဲ့ ညှိနှိုင်းပေးချက်အရပဲ အခု ၅ နှစ်သက်တမ်း လွှတ်တော်ကတော့ ရှိနေဦးမယ်လို့ ကျနော် မြင်ပါတယ်။”
ဦးအောင်လင်းထွဋ် ပြောပြသွားတာ ဖြစ်ပါတယ်။