ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ကနေ တရားမဝင် မြန်မာအလုပ်သမား ၂၈ ဦး တင်ဆောင်လာတဲ့ ကားတစီး မနေ့က ညနေပိုင်းမှာ ဘန်ကောက်မြို့ကိုအလာ အဖမ်းအဆီးကိုရှောင်ရင်း တိမ်းမှောက်ခဲ့လို့ လူ ၉ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ကြပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ တောင်ဘက် ချအမ်းမြို့နားက အဝေးပြေး လမ်းမကြီးတခုပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ဒီအကြောင်း အပြည့်စုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ရနောင်းဘက်ကနေ တရားမဝင် မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီးဟာ ပက်ချ်ဘူရီ လမ်းမကြီးပေါ်မှာ မောင်းလာရင်း ချအမ်းမြို့မှာ စစ်ဆေးဂိတ်က စစ်ဆေးမူကိုမခံဘဲ ထွက်ပြေးရင်းနဲ့ လမ်းဘေးက သစ်ပင်ကိုတိုက်မိပြီး ကားမှောက်သွားခဲ့ရတာပါ။ဖြစ်ပွားပုံနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမာအရေး လုပ်နေသူတဦးက အခုလို ပြောပြပါတယ်။
"ရနောင်းဘက်ကနေပြီးတော့ နောက်ပွင့်ကား နံပါတ် (၈၆၈၃) က မြန်မာ ကလေးလူကြီး အားလုံးပေါင်း၂၈ ယောက်။ ဟိုင်းလက်ကားနဲ့ လူအပြည့်တင်လာတာပေါ့။ ရနောင်းမြို့ကနေ ဘန်ကောက်ကို တက်လာတဲ့အချိန် ညနေ ၅ နာရီ ၂၀ မိနစ်မှာ ပက်ချ်ဘူရီ အဝေးပြေး လမ်းမပေါ်က အရေးပေါ် ပုလိပ်တွေက စစ်ဆေးဖို့တားဆီးတဲ့အခါ အစစ်ဆေးမခံဘဲ၊ ရပ်လည်းမပေးဘဲ မောင်းပြေးခဲ့တာ။ ပုလိပ်ကားက အနောက်ကနေရပ်ဖို့ အချက်ပြတာ ရပ်မပေးဘဲနဲ့ ကားက အရှိန်လွန်ပြီး မြောင်းထဲကို ထိုးကျခဲ့တာ။ ပွဲချင်းပြီး ၇ ယောက် သေသွားတယ်။ ဆေးရုံမှာ နောက်ထပ် ၂ ယောက် သေတယ်။ အားလုံးပေါင်းသေတဲ့လူက ၉ ယောက်ပေါ့။ ဒဏ်ရာရသူက ၁၉ ယောက် ရှိတယ်။"
ကားမောင်းလာတဲ့သူကိုတော့ လူကုန်ကူးမူနဲ့ ရဲက ဖမ်းဆီးသွားပြီဖြစ်ကြောင်း ပြောပြပါတယ်။ ဆေးရုံကို ပို့ဆောင်ထားတဲ့ သူတွေကတော့ အခြေအနေ ဆိုးနေတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကလည်း ရနောင်းဘက်ကနေ မြန်မာအလုပ်သမားတွေ တင်လာတဲ့ ကားကြီးထဲမှာ လူတွေပိတ်မိပြီး ၅၄ ယောက်သေဆုံးမူ ဖြစ်ခဲ့သလို တရားမဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ နည်းအမျိုးမျိုးနဲ့ ဘန်ကောက်နဲ့ တခြားမြို့ကြီးတွေကို တက်ဖို့သွားရင်း လမ်းမှာပဲ အာဏာပိုင်တွေရဲ့ ပစ်ခတ်မူ၊ လူပွဲစားတွေရဲ့ သတ်ဖြတ်မှု၊ အသက်ရှူမွန်းကျပ်ပြီး သေဆုံးရမှုတွေ ခပ်စိပ်စိပ် ဖြစ်လာခဲ့တာ ဆယ်စုနှစ်တခုနီးပါး ရှိပြီဖြစ်ပါတယ်။
မြန်မာအလုပ်သမားတွေကို တရားဝင်တဲ့နည်းနဲ့ ယာယီ ပက်စ်စပို့တွေ လုပ်ပြီး အလုပ်လုပ်နိုင်ဖို့ ထိုင်းနိုင်ငံဘက်က လုပ်ဆောင်ခဲ့ပေမဲ့ မြန်မာအလုပ်သမား အများစုကတော့ ပက်စ်စပို့လုပ်ဖို့ အခက်အခဲတွေ ရှိနေကြသလို၊ ပက်စ်စပို့လုပ်သူ အလုပ်သမားတွေ ရင်ဆိုင်ရတာက တချို့ ပွဲစားတွေက ပက်စ်စပို့ကပ်ခွာလုပ်ပြီး အတုတွေနဲ့ ဘန်ကောက်ကိုပို့တဲ့အတွက် မသိနားမလည်ဘဲ အဖမ်းခံရတဲ့ မြန်မာ အလုပ်သမားတွေလည်း ရှိနေကြပါတယ်။ ယာယီပက်စ်စပို့ လုပ်ဖို့အတွက် နေထိုင်ခွင့်လက်မှတ်တွေ လုပ်ရတာမျိုး ငွေကြေးတောင်းပြီး လိမ်ညာခံနေရတာမို့ မြန်မာအလုပ်သမားတွေက အခုလိုမျိုး လူကုန်ကူးသူတွေနဲ့ စာရွက်စာတမ်းမလိုဘဲ ငွေပေးသွားတာမျိုးကို ပိုပြီး လုပ်လာကြပါတယ်။
ငွေမပေးနိုင်သူတွေကတော့ ဘန်ကောက်ရောက်မှ အလုပ်ရှင်ကို ၃ လနဲ့အပြီး အကြွေးပြန်ဆပ်တာမျိုးတွေ လုပ်ပြီးလူပွဲစားတွေနဲ့ မြို့ကြီးတွေကို တက်ကြပါတယ်။ မြန်မာပြည်မှာ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် အလုပ်အကိုင် ရှာဖွေရင်း လူပွဲစားတွေနဲ့ တက်လာကြတဲ့ မြန်မာအလုပ်သမားတွေ အများစုဟာ အခုလိုမျိုး ကားလမ်းကနေ သေဆုံးတာ၊ ကော့သောင်းက ရနောင်းကို အကူးလှေလမ်းတွေကနေ လှေမှောက် သေဆုံးရမူတွေ အသက်ရှူကျပ်ပြီး သေဆုံးတာတွေရှိပေမဲ့လည်း နေ့စဉ်ဘန်ကောက်ကို တက်သူတွေကလည်း အများအပြား ရှိနေဆဲဖြစ်ပါတယ်။