သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘောလုံးအဖွဲ့ချုပ် အရေးယူခံရ


မြန်မာဘောလုံးအဖွဲ့ချုပ် အရေးယူခံရ
မြန်မာဘောလုံးအဖွဲ့ချုပ် အရေးယူခံရ

၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာနဲ့ အိုမန် အသင်းတို့ ပွဲရပ်ဆိုင်းလိုက်ရတဲ့ အဆင့်ထိဖြစ်ခဲ့ရတဲ့ ပြဿနာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MNF ကို ဒဏ်ငွေ ချမှတ်တာနဲ့အတူ အရေးယူတာတွေ လုပ်လိုက်ပါပြီ။ အမေရိကန်ဒေါ်လာ ၃ သောင်းကျော် ဒဏ်ကြေးနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုဘူးဆိုတဲ့ FIFA ရဲ့ ပြစ်ဒဏ်ကို မြန်မာနိုင်ငံနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အယူခံဝင်မယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအကြို အာရှဇုံ ဒုတိယအဆင့် ခြေစစ်ပွဲမှာ မြန်မာနဲ့ အိုမန် အသင်းတို့ ကစားစဉ်အတွင်း ဖြစ်ခဲ့တဲ့ပြဿနာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က စက်တင်ဘာလ ၂၉ ရက်နေ့မှာ အရေးယူလိုက်တဲ့စာကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို အကြောင်းကြားလိုက်တာပါ။ ရန်ကုန် သုဝဏ္ဏကွင်းမှာ ကစားခဲ့တဲ့ဒီပွဲမှာ ပွဲကြည့် ပရိဿတ်တွေက ကွင်းထဲကို ပုလင်းခွံတွေ၊ ခဲတွေနဲ့အတူ ရေဘူးတွေနဲ့ပါ ပစ်ပေါက်တဲ့အထိ ဖြစ်ခဲ့တာမို့ ပွဲကို ရပ်နားလိုက်ရတဲ့အပေါ်မှာ FIFA က အရေးယူခဲ့တာဖြစ်ပါတယ်။

ဒီပြဿနာကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အမေရိကန်ဒေါ်လာ ၃ သောင်းကျော် FIFA အဖွဲ့ကို ဒဏ်ကြေးပေးဆောင်ရမှာဖြစ်သလို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာနိုင်ငံကို ကစားခွင့်မပေးဘဲ ပိတ်ပင်တဲ့ ပြစ်ဒဏ်နှစ်ခု ချမှတ်လိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။ အခု ဒဏ်ကြေးအဖြစ် ပေးဆောင်ရမယ့်ဒီငွေကို ကိုယ့်လုပ်ငန်းထဲက ပိုက်ဆံနဲ့ စိုက်ထုတ် ပေးဆောင်မှာဖြစ်တယ်လို့ ဦးဇော်ဇော်က ပြောသလို ဒီပြစ်ဒဏ်နှစ်ခုစလုံးအတွက် လာမယ့် ရက်သီတင်းပတ်တွေအတွင်း အယူခံဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

“၂၀၁၈ ခုနှစ် World Cup ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုဘူးပေါ့။ အဲဒီတော့ ကျနော်တို့အနေနဲ့က appeal တော့ လုပ်ကြည့်မယ်ပေါ့နော်။ ငွေတော့ ကျနော်တို့ သွင်းလိုက်မယ်။ appeal လုပ်လို့ရရင်တော့ သူတို့ ပိုက်ဆံပြန်ပေးရမှာပေါ့။ ဆိုတော့ ကျနော်တို့က ဒီတပတ်အတွင်း အပြီးလုပ်ရမယ်ဆိုတော့ လာမယ့် အပတ်တော့ ကျနော်တို့ appeal လုပ်ကြည့်မယ်။ အားလုံးကစားခွင့်ရဖို့အတွက် ၂၀၁၈ အတွက် အရေးကြီးတယ်လေ။ ဒါကို ကစားလို့ရရင် ပိုကောင်းတာပေါ့။ ကြိုးစားကြည့်မှာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နိုင်ငံခြားကရတဲ့ငွေက တစ်နှစ်မှ ဒေါ်လာ ၂ သိန်းကျော်ပဲ ရှိတာပါ။ တကယ်တမ်း ဒီဘောလုံးအဖွဲ့ကြီး လည်ပတ်နေတဲ့ ဘောလုံးလောက တိုးတက်ဖို့အတွက်ဆိုတာ ကျနော်တို့ တစ်နှစ်ကို ဒေါ်လာ ၂ သန်းကျော်လောက် သုံးနေတယ်။ နောက်တခုက ကျနော်တို့ development လုပ်တဲ့အတွက် ကျနော်တို့ အကယ်ဒမီ ဆောက်တာတို့ ကျန်တဲ့ကိစ္စတို့ ရှိတဲ့အတွက် အမှန်အတိုင်း ပြောရင်တော့ ကျနော်တို့ရဲ့ငွေနဲ့ပဲ ပေးရမှာပါ။”

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် နိုင်ငံဖြစ်တာမိုလို့ FIFA အဖွဲ့ရဲ့ အခုလို အရေးယူတာကို ခံရတာဖြစ်ပါတယ်။ ပြဿနာဖြစ်ပြီးကတည်းက အာရှအဖွဲ့ချုပ်နဲ့ ကမ္ဘာ့ဖလားဘောလုံး အဖွဲ့ချုပ်တို့ကိုလည်း ဒီပြဿနာတွေအတွက် အယူခံစာတွေ ကြိုပြီး တင်ထားတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့က နိုင်ငံတကာ ၂၀၈ နိုင်ငံပါတဲ့ FIFA ရဲ့ အဖွဲ့အစည်းအောက်မှာ နေတာပါ။ ဆိုတော့ ကျနော်တို့က နိုင်ငံတကာမှာရှိတဲ့ ပြိုင်ပွဲတွေလိုပဲ သူတို့ရဲ့ စည်းကမ်းဥပဒေအတိုင်း လိုက်နာရမှာပေါ့နော်။ အဲဒီလို ကျနော်တို့ လိုက်နာလို့ ဒီလိုမျိုး ပရိဿတ်ဘက်က လွန်လွန်ကျူးကျူး အားပေးမိတဲ့အတွက် ဖြစ်သွားတာမျိုးတို့၊ ဒီလိုပဲ ဒီတခုတည်းတင် မဟုတ်ပါဘူး။ တခြား ပြိုင်ပွဲတွေရဲ့ စည်းမျဉ်းစည်းကမ်းကို မလိုက်နာမိတာတို့ ဒီလိုမျိုးပဲ အရေးယူမှုဆိုတာကတော့ ကျနော်တို့ ရှိနေမှာပဲ။ ပေးတာကတော့ ကျနော်တို့ လုပ်ငန်းရှင်တယောက်အနေနဲ့ ကျနော်တို့ ပေးနိုင်ပါတယ်။ သို့သော်လည်း ဒီဟာကိုတော့ ပြည်သူတွေသိအောင်တော့ ကျနော်တို့ ချပြရင်းနဲ့ နောင်ကျရင် ဒါမျိုး မဖြစ်အောင် ကျနော်တို့ ပရိဿတ်ကို ကျနော်တို့လုပ်တဲ့ ပွဲတွေဆိုရင်တော့ ကိုယ့်ရဲ့နိုင်ငံ ဂုဏ်သိက္ခာရှိကြဖို့အတွက်လည်း ကျနော်တို့ အစီအစဉ်ရှိပါတယ်။”

ဒီကိစ္စနဲ့ ဆက်လျဉ်းပြီးတော့ လာမယ့်တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်မှာပါ။ မြန်မာနိုင်ငံ ဘောလုံးလောက တိုးတက်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကရော၊ အာရှဘောလုံးအဖွဲ့ချုပ်ကပါ အားပေးနေတာဖြစ်တယ်လို့လည်း ဦးဇော်ဇော်က ပြောပါတယ်။

“ကျနော်တို့ကို အဓိက ကူညီတယ်ဆိုတာက ကျနော်တို့က FIFA နဲ့ အများကြီး ရင်းနှီးပါတယ်။ ကျနော်တို့နဲ့ လုပ်ငန်းပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းတွေမှာ အများကြီး ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ကျနော်ကိုယ်တိုင်လည်း အာရှအဖွဲ့ချုပ်မှာ လူငယ်ကော်မတီ ဥက္ကဋ္ဌဆိုတော့ ကျနော်တို့ အာရှအဖွဲ့ချုပ်နဲ့ပတ်သက်လို့လည်း ကျနော်တို့ နာဂစ်ဖြစ်တုန်းက ကူညီတာတွေရှိတယ်။ နောက်ပြီးတော့ ဘောလုံးလောက တိုးတက်ဖို့အတွက် သူတို့ဆီက အကြံပြုတာတွေ ရှိတယ်။ ဒီလိုမျိုးတွေ ရှိပါတယ်။ သီးခြားနိုင်ငံအနေနဲ့ ကူညီနေတာတော့ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ ၂၀၈ နိုင်ငံစလုံးက တော်တော်များများနိုင်ငံတွေက ကျနော်တို့နဲ့ ပုဂ္ဂိုလ်ချင်း ရင်းနှီးတာ ရှိတယ်။ စေတနာလည်း ပါကြပါတယ်။ ငွေရေးကြေးရေးနဲ့ ကူညီတာကတော့ ဘယ်နိုင်ငံမှ မရှိဘူး။”

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဆက်သွယ် မေးမြန်းခဲ့တာပါ။ ပြဿနာဖြစ်ခဲ့တဲ့ပွဲမှာ အိုမန် ဘောလုံးအသင်း နည်းပြဆရာတယောက် ဒဏ်ရာရသွားခဲ့သလို အိုမန်နဲ့ မြန်မာအသင်း ကစားနေတဲ့ ဘောလုံးပွဲကိုလည်း ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

XS
SM
MD
LG