တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၄ ချက်ပါတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ကို ဆက်လက် အကောင်အထည် ဖော်ရမယ့်နေရာမှာ အောင်မြင်မှု အပြည့်အ၀ ရှိမယ်လို့ ယုံကြည်ထားတဲ့အကြောင်းလည်း မွန်ပြည်သစ်ပါတီက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်၊ စနေနေ့မနက်က မွန်ပြည်သစ်ပါတီက ဒုတိယ ဥက္ကဋ္ဌ နိုင်ရောစ ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အစိုးရဘက်ကတော့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့ဟာ မော်လမြိုင်မြို့မှာ ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြတာပါ။
ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အပစ်အခတ် ရပ်စဲရေးအပါအ၀င် နှစ်ဘက် ပဏာမ ညှိနှိုင်းမှုတွေကို ဒီကနေ့မှာ အတည်ပြု လက်မှတ်ထိုးကြတာလည်း ဖြစ်ပါတယ်။ ပြည်နယ်အဆင့် ဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး အပါအ၀င် ပြည်ထောင်စုအဆင့်မှာတော့ နိုင်ငံရေးဆိုင်ရာ အဓိက အချက် ၄ ချက်နဲ့အတူ အထွေထွေအချက် ၁၀ ချက်ပါတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတာပါ။
မွန်ပြည်သစ်ပါတီက နိုင်ငံရေးအရ တင်ပြချက်တွေကို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က နိုင်ငံတော် သမ္မတကို ပြင်လည် တင်ပြပြီး သဘောတူညီချက်ရမှ အခုလို သဘောတူ လက်မှတ်ထိုးခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီနဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့တို့ကြား သဘောတူညီချက်တွေရအောင် ဆောင်ရွက်ပေးခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ထဲက နိုင်စိုးမြင့်က ပြောပါတယ်။
“တပြည်လုံး အတိုင်းအတာနဲ့ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး၊ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲချိန်ကစပြီး ၄၅ ရက်အတွင်း နိုင်ငံရေးအရ ဆွေးနွေးမှု၊ political dialogue လုပ်ဖို့ ပါတယ်။ အဲဒီမှာ ကြားခံပုဂ္ဂိုလ်တွေ၊ အကျိုးဆောင်ပုဂ္ဂိုလ်တွေ ပါကြမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးရဲ့ကိုယ်စားလှယ်နဲ့ နိုင်ငံတော်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ပါတယ်။ ခုနက နံပါတ် (၂) အချက်မှာ ပင်လုံစိတ် ကျယ်ပြန့်သော ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ ပြည်တွင်း နိုင်ငံရေး၊ တိုင်းရင်းသားပါတီ ဖွဲ့စည်းရေး၊ ဒီမိုကရေစီ အင်အားစု နိုင်ငံရေးပါတီ အင်အားစုတွေ အားလုံး ပါဝင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ဆက်လက်ဖော်သွားဖို့တွေ ဆွေးနွေးတယ်။ အချက်တွေကို ကျနော်တို့က တင်ပြတော့ သူတို့က ဒါကို နိုင်ငံတော် သမ္မတကြီးကို တင်ပြပြီးတော့ ခွင့်ပြုချက်ရပြီး အတည်ပြုတယ်လို့ သူတို့က ဆိုပါတယ်ခင်ဗျ။ ဒီနေ့ အစည်းအဝေး ခန်းမမှာ။”
အခု မွန်ပြည်သစ်ပါတီနဲ့ အစိုးရ အဖွဲ့တွေကြား ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်တွေထဲက နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ အခက်အခဲမရှိ အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ထားတဲ့အကြောင်း မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ နိုင်တလညီက ပြောပါတယ်။
“ကျနော် ထင်တာကတော့ ဒါကိုတော့ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်လေ။ ဘာလို့လဲဆိုတော့ အခု ကျနော်တို့ လက်မှတ်ထိုးတဲ့အခါကျတော့ ပြည်ထောင်စု ၀န်ကြီးဘက်က ၀န်ကြီး ၆ ယောက်ပါတဲ့ အနေအထားမှာလည်း ရှိတယ်လေ။ နောက်ပြီးတော့ ပြည်နယ် ၀န်ကြီးချုပ်လည်း ပါတယ်။ နောက်ပြီးတော့ ၀န်ကြီးချုပ်ရုံးကလည်း ပါတယ်။ နောက်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ပါတယ်ဆိုတော့ သဘောတူညီချက်ကတော့ ကျနော်တို့ ခိုင်မယ်တယ်လို့ ပြောလို့ရတယ်။”
မွန်ပြည်သစ်ပါတီနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကိုရော ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတွေဖြစ်ဖို့ ဘယ်လောက်ထိ အာမခံချက်ရှိနိုင်မလဲလို့ နိုင်တလညီကို မေးကြည့်တော့ -
“နိုင်ငံရေးကိစ္စ ဆိုတော့လည်း အခက်အခဲတော့ ရှိမှာပေါ့နော်။ ဒါပေမဲ့ ဒါကိုလည်း ကျနော်တို့ ဆွေးနွေး အဖြေရှာ ညှိနှိုင်းသွားမယ် ဆိုရင်တော့ နှစ်ဘက်သဘောထား အပေါ်မှာမူတည်ပြီးတော့ ကျေနပ်ဖို့ ဆိုတာကတော့ အားလုံးနဲ့ ဆိုင်တာပေါ့နော်။”
မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ နိုင်တလညီ ပြောသွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားပြီးသားဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့တချို့နဲ့ ပြန်ပြီး တိုက်ပွဲတွေ ဖြစ်နေတာ၊ ကချင်လို တိုင်းရင်းသားအဖွဲ့ကြီးနဲ့ ခုချိန်ထိ ညှိနှိုင်းလို့မရသေးတဲ့ အခြေအနေတွေအပေါ်မှာ ငြိမ်းချမ်းရေး အကျိုးဆောင် နိုင်စိုးမြင့် သုံးသပ်တာကတော့ -
“ဒါကတော့ ကျနော်တို့လည်း မေးပါတယ်။ ကျနော်တို့လည်း သုံးသပ်တယ်။ မတူတာက KIO က နိုင်ငံရေးကိစ္စကို ဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့မှ အပစ်ရပ်မယ်ဆိုတဲ့ အခြေခံကို ယူထားပါတယ်ခင်ဗျ။ အဖွဲ့အနေနဲ့လည်း ကွာခြားချက် အများကြီး ရှိပါတယ်။ တချို့ အခုပြန်ဖြစ်တဲ့အဖွဲ့တွေဆိုရင် ဥပမာ၊ ဒီကေဘီအေ တို့ဘာတို့ ဖြစ်တာ ကျနော်တို့ မေးကြည့်တော့ ဒေသခံအချင်းချင်းတွေပေါ့လေ။ အဲဒါကို ပြန်လည် ညှိနှိုင်းလို့ရမယ်လို့ သူတို့က ပြောတယ်။ အဲဒီတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီနဲ့ အကျိုးဆောင်တွေရဲ့ အမြင်ကတော့ political dialogue ကို ဆက်ပြီးတော့ သွားကြမယ်ပေါ့ဗျာ။ ဒါနဲ့ ပိုပြီးတော့ ကျယ်ပြန့်တဲ့ ပြည်တွင်း နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျနော်တို့ အတွင်းက တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပါဝင်လာဖို့ ဒါကို ဦးတည်ထားရပါတယ်။”
ငြိမ်းချမ်းရေးအကျိုးဆောင် နိုင်စိုးမြင့် ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေ အပါအ၀င် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပါတဲ့ ဒီပဏာမ သဘောတူညီချက်တွေကို အစိုးရဘက်ကတော့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့အတူ မွန်ပြည်သစ်ပါတီဘက်က ဒုတိယဥက္ကဋ္ဌ နိုင်ရောစ ဦးဆောင်ပြီး နိုင်တလညီ၊ နိုင်လေသောင်း အပြင် နိုင်ဗညားနဲ့အတူ နိုင်ဘခိုင်အပြင် မွန်ပြည်သစ်ပါတီက ဗဟိုကော်မတီဝင် ၇ ဦး ပါဝင်ခဲ့ကြပါတယ်။