ပဲခူးမြို့က နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ အစ္စလာမ် သုသာန်ဟောင်းတခုကို အာဏာပိုင်တွေက ဖျက်သိမ်းဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံမူစလင် ဘာသာသာဝင်တွေဟာ မကျေမနပ်ဖြစ်ပြီး ဘာသာရေးဖိနှိပ်မှုအဖြစ် ဒါကို ရှုမြင်နေကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ အတွက် ဘိုးဘွားတွေရဲ့ သုသာန်ဟာ အထွဋ်အမြတ်ပြုရာ နေရာတခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းခွင့်ရထားတာလို့ ယုံကြည်တာကြောင့် သာသနာရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို မဖျက်သိမ်းဖို့အတွက် ပန်ကြားထားပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အခုလို ဖျက်သိမ်းဖို့ဆောင်ရွက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရှေးဟောင်းသုသာန်ကတော့ ပဲခူးမြို့ မြိ့ုသစ် (၈) ရပ်ကွက်က ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ ရှိတာဖြစ်ပါတယ်။ ဒီလ ၁၃ ရက်နေ့က မြို့နယ်အေးချမ်းသာယာရေးနဲ့ ဖံ့ွဖြိုးရေးကောင်စီ ဥက္ကဌက ဒီသုသာန်နေရာမှာ အဆောက်အဦး ဆောက်လုပ်မှာ ဖြစ်တာကြောင့် သုသာန်ဟောင်း တံခါးသော့ကို လာရောက်အပ်နှံဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် မနေ့က စတင် ဖျက်သိမ်းတာဖြစ်တယ်လို့ ဒေသခံ မူစလင်ဘာသာဝင်တဦးက အခုလို ပြောပါတယ်။
“ပဲခူးမြို့ မန္တလေးအထွက်မှာရှိတဲ့ မူစလင် သုသာန် အဟောင်းပေ့ါဗျာ။ ဒီသုသာန်က နှစ်ပေါင်း ၁၀၀ ကျော်လောက်ရှိပြီ။ သာသနာမြေ အစိမ်းရောင် ချထားတဲ့နေရာ။ အစိုးရက တရားဝင် သတ်မှတ်ထားပြီးသား မြေနေရာပေါ့ဗျာ။ အဲဒီသုသာန်အဟောင်းကို မနေ့က ညနေ ၃ နာရီထိုးမှာ မြေတူးစက်နဲ့ လာတူးကြတယ်။ မြေတူးစက်နဲ့ လာတူးတယ်ဆိုတာက ကျနော်တို့ ဘာမှမသိရဘဲ ဖျက်ပြီးတော့မှသိရတာပေါ့။ ဒီမှာ တာဝန်ရှိတဲ့ သာသနာရေး အဖွဲ့အစည်းက ဘာမှအကြောင်းကြားခြင်းမရှိဘဲနဲ့ သူတို့သဘောနဲ့သူတို့ အောက်ခြေအာဏာပိုင်တွေက ဖျက်လိုက်တာပေါ့နော်။”
အစ္စလာမ်ဘာသာဝင်တွေအတွက် ကွယ်လွန်သူတွေကို ရည်စူးပြီး သချိုၤင်းမြေမှာ သွားရောက် ဝတ်ပြုဆုတောင်းခြင်းဟာ အရေးပါတဲ့ အချက်တခု ဖြစ်သလို တချိန်မှာ ကွယ်လွန်သွားသူတွေဟာ သူတို့ သင်းချိုၤင်းမြေက ပြန်လည်ရှင်ပြန် ထမြောက်မှာဖြစ်တယ်လို့ ယုံကြည်ထားတာဖြစ်ပါတယ်။ ဒီလို ဘူဒိုဇာတွေ ထိုးချဖျက်ဆီးတာကြောင့် ပဲခူးမြို့မှာရှိတဲ့ မူစလင် ဘာသာဝင်အများစုက မကျေမနပ် ဖြစ်နေတယ်လို့ ပဲခူးမြို့က မူစလင်ဘာသာဝင်က အခုလိုဆက်ပြောပါတယ်။
“မူစလင်အများစုကတော့ မကျေနပ်ဘူးပေါ့ဗျာ။ ကျနော်အပါအဝင်ပေါ့။ ဒါက ကျနော်တို့ကို notice စာပေးပြီးတော့မှ ၁၅ ရက်တပတ် ကြိုတင်ပြောတယ်ဆိုရင် ကျနော်တို့က တမျိုးလေ။ အခုက ကျနော်တို့ကို ဒီသော့ကို မ.ယ.က က တောင်းတယ်။ တောင်းတာမပေးတော့ သော့ကို ရိုက်ဖျက်မယ်။ ခင်ဗျားတို့မပေးလည်း ရိုက်ဖျက်မယ်တို့ ဘာတို့ ဒီလို ဥပဒေမဲ့ စကားတွေ သူတို့ ပြောဆိုတာရှိတယ်။ နောက်ပြီးတော့ အခုလို လုပ်တဲ့အခါမှာလည်း ကျနော်တို့ကို အကြောင်းကြားခြင်းလည်း မရှိဘူးပေါ့။ သူတို့သဘောနဲ့ သူတို့ လုပ်ချလိုက်တဲ့အခါကျတော့ မူဆလင်အများစုက မကျေနပ်ဘူးဖြစ် နေတာပေါ့။”
ပဲခူးမြို့မှာ ခန့်မှန်းခြေအရဆိုရင် မူစလင်ဘာသာဝင် ၂ သောင်းလောက် ရှိပါတယ်။ အခုလို အစ္စလာမ်ဘာသာဝင်တွေရဲ့ သချိုၤင်းဟောင်းကို ဖျက်ဆီးတာဟာ ဒေသခံအာဏာပိုင်တွေအနေနဲ့ ဥပဒေ ချိုးဖောက်တာ ဖြစ်သလို ဘာသာရေးဖိနှိပ်မှု တခုဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီမြေက စက်ရှင်တရားသူကြီး ဆူဘတ်ဆိုတဲ့သူ သူက လှုဒါန်းခဲ့တာဗျ။ ၁၈၈၆ ခုနှစ်တည်းက။ အဲဒီကတည်းကနေ နိုင်ငံတော်အစိုးရက အသိအမှတ် ပြုထားတဲ့ စာရွက်စာတမ်းတွေ ကျနော်တို့ဆီမှာ အကုန်ရှိတယ်။ နောက်တခုက ဒီနိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ထုတ်ပြန်ထားတဲ့ ၉/၉၈ အရ ရှေးဟောင်း အဆောက်အဦး တခုအဖြစ် ပါဝင်တယ်ပေါ့ဗျာ။ ပါဝင်တဲ့အတွက်ကြောင့်ကို ဥပဒေပုဒ်မ (၂) အပိုဒ်ခွဲ ခ-၄ အရ သူက ဖယ်ရှားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်း မပြုလုပ်နိုင်ဘူးဆိုတာ အစိုးရကိုယ်တိုင် သတ်မှတ်ထားတဲ့ကိစ္စ၊ သို့ပေမဲ့ ဒီနေ့အချိန်ခါမှာ ဒီလိုမျိုး ဖျက်မယ်ပြုမယ် ဖြစ်လာတဲ့အခါကျ ဒါက အစ္စလာမ် ဘာသာဝင်တွေအပေါ်မှာ ရှိတယ်ဆိုတာ ပေါ်ပေါက်နေပြီ။”
ဒီလိုဖျက်သိမ်းနေတာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သာသနာရေးဦးစီးဌာနနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးဆီကို ဒီသုသာန်ဟောင်းကို မဖျက်ဖို့အတွက် ပန့်ကြားခဲ့ပါတယ်။ ဒီကနေ့မှာတော့ သုသာန်မြေအတွင်းမှာ မြေတူးစက်ကို ဆက်လက် ထားရှိထားပေမဲ့ သချိုၤင်းဂူတွေ ဖျက်တာကိုတော့ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဒီသုသာန်ဟောင်းကို ၁၉၈၇ ခုနှစ်က စတင်ပြီး ကွယ်လွန်သူတွေ ထပ်မံမမြှုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ခဲ့သလို ၂၀၀၅ ခုနှစ်မှာတော့ ဒီသုသာန်တွင်းကို ဝင်ရောက်ပြီး ဝတ်ပြုဆုတောင်းတာ၊ ပုတီးစိတ်တာ၊ တရားအားထုတ်တာတွေ မလုပ်ဖို့ ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။