သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်မြင်တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပညာရေး အဓိကကျ


A man is seen on a damaged staircase in Homs, Syria.
A man is seen on a damaged staircase in Homs, Syria.

နိုင်ငံ့အရေးကိုကြည့်ရာမှာ ပညာရေးဟာ အဓိကကျတာမို့ မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ ပညာရေး ဖြစ်လာအောင် အားလုံး ဝိုင်းဝန်းကြိုးစားကြဖို့ လိုတယ်လို့ ဒီကနေ့ ကျရောက်တဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒီကနေ့ NLD ပါတီရုံးချုပ်မှာပြုလုပ်တဲ့ အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားအကြောင်းနဲ့အတူ တခြား အဖွဲ့အစည်းတွေကရော ဘယ်လိုပုံစံတွေနဲ့ ကျင်းပခဲ့ကြသလဲဆိုတာကို မသင်းသီရိက အစီရင်ခံထားပါတယ်။

နယ်ချဲ့အစိုးရရဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဟာ ကျွန်ပညာရေးစနစ်ဖြစ်တယ်ဆိုတဲ့ အမြင်တွေနဲ့ ခရစ်သက္ကရာဇ် ၁၉၂၀ ပြည့်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး ဆန့်ကျင် သပိတ်မှောက်ခဲ့တဲ့နေ့ကို အမျိုးသားအောင်ပွဲနေ့ ရယ်လို့ သတ်မှတ်ခဲ့တာ ဒီကနေ့ဆိုရင် (၉၁) နှစ်ပြည့်ပါပြီ။

ဒီလို အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံထားတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံ ပိုပြီးတော့ တိုးတက်လာအောင် လူတိုင်း ပညာဆည်းပူးနေဖို့လိုတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာပြုလုပ်တဲ့ NLD ပါတီရဲ့ အမျိုးသားနေ့အခမ်းအနားမှာ အခုလိုပြောခဲ့ပါတယ်။

“ကျမတို့ အမျိုးသားရေးစိတ်ဓာတ်ရှိတယ်ဆိုရင် ကျမတို့နိုင်ငံကို တကယ်ပဲ တိုးတက်(ချင်)တယ် ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ ပညာဆည်းပူးဖို့ တာဝန်ရှိတယ်လို့ ကျမ ပြောပါရစေ။ ငါတို့ ဘာအတွက် ဟိုးတုန်းက၊ ၁၉၂၀ ခုနှစ်တုန်းက ကျောင်းသူကျောင်းသားတွေဟာ ဘာအတွက် ရုန်းကန်ခဲ့လဲဆိုတာ ပြန်ပြီးတော့ စဉ်းစားစေချင်ပါတယ်။ အဓိကကတော့ ကျမတို့ရဲ့ အမျိုးသားရေးအမြင်ပေါ့။ ပညာဆိုတာဟာ ကျွန်စိတ်မွေးဖို့ မဟုတ်ဘူး။ ပညာဆိုတာဟာ၊ အဲဒီ တုန်းကတော့ တို့ဗမာအစည်းအရုံးတော့ မပေါ်သေးဘူးပေါ့နော်၊ ဒါပေမဲ့လည်း ပညာဆိုတာဟာ ကိုယ့်ကံကြမ္မာကို ကိုယ် ဖန်တီးနိုင်တဲ့ လူမျိုးတွေရဲ့စိတ်ဓာတ်ကို မွေးပေးဖို့၊ အသိဉာဏ် အမြင်တွေကို ပံ့ပိုးပေးဖို့ဆိုတဲ့အမြင်နဲ့ ဒီတိုက်ပွဲကိုဝင်ခဲ့တယ်လို့ ကျမ ဒီလိုပဲ မြင်ချင်ပါတယ်။ ဒီလိုပဲ မြစ်စေချင်ပါတယ်။”

နိုင်ငံ့အရေးဟာ ပညာရေးပေါ်မှာ အခြေခံထားတာမို့ မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ ပညာရေး စနစ်တွေ ဖြစ်လာအောင် ဝိုင်းဝန်းကြိုးစားဖို့ လိုမယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

“ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့အရေးကို ကြည့်တဲ့အခါမှာ ဒီနိုင်ငံရဲ့ပညာရေးကို အဓိကထားပြီး တော့ ကြည့်ရမှာပါ။ ကျမတို့နိုင်ငံ တိုးတက်ဖို့ဆိုလို့ရှိရင် ကျမတို့နိုင်ငံပညာရေးကို မြှင့်တင်ရမယ်။ ပညာရေးကို မြှင့်တင်တယ်ဆိုတာဟာ ဘွဲ့ရတွေအများကြီးထုတ်ရုံနဲ့ မပြီးပါဘူး။ ရတဲ့ဘွဲ့ တွေဟာ အနှစ်သာရ ရှိရပါလိမ့်မယ်။ ဘွဲ့ရလာတဲ့ ကျမတို့ရဲ့လူငယ်တွေဟာ တကယ်ပဲ ပညာတတ်လူငယ်တွေ ဖြစ်ရပါလိမ့်မယ်။ ကျမတို့ဟာ ခေတ်အဆက်ဆက်မှာ ကျမတို့ အမျိုးသားတွေဟာ အောင်ပွဲခံနိုင်တဲ့ နိုင်ငံသူနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကို ကျမတို့ ပြနိုင်မှသာ တကယ့်အောင်ပွဲဖြစ်မှာပါ။

“အဲဒီတော့ ကျမတို့ဟာ ခေတ်အဆက်ဆက် အောင်နိုင်မှုရနိုင်တဲ့ နိုင်ငံသူနိုင်ငံသားတွေဖြစ်ဖို့ကို လိုအပ်တဲ့ပညာတွေကို ဆည်းပူးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။”

ဒါကတော့ NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲက တစိတ်တပိုင်းပါ။ NLD ရုံးချုပ်မှာ ဒီကနေ့မနက်ပိုင်းက အမျိုးသားရေးနဲ့ နိုင်ငံရေးတွေကို အခြေခံပြီး ကာတွန်း ဆရာတွေ ရေးဆွဲထားတဲ့ ကာတွန်းပေါင်း ၁၁၀ ကျော်ကို ပြသတာလုပ်သလို နေ့လည်ပိုင်းမှာ NLD အဖွဲ့ဝင်တွေ၊ နိုင်ငံခြားသံတမန်တွေနဲ့အတူ တခြားဧည့်သည်တွေပါ တက်ရောက်တဲ့ အမျိုးသားနေ့အခမ်းအနားကို ကျင်းပခဲ့တာပါ။

တခါ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုတဲ့ အညတရ သူရဲကောင်း ဆုပေးပွဲ အခမ်းအနားကိုပါ တဆက်တည်းကျင်းပပါတယ်။ သရက်ထောင်က ကိုသန့်ဇော်၊ ဗန်းမော်ထောင်မှာရှိနေတဲ့ မမာမာဦးအပြင် ကျောက်ဖြူထောင်က ဦးစိုင်းလှအောင်နဲ့ မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ ဦးဝိသူရတို့ကို ငွေသားနဲ့အတူ ချီးမြှင့်တဲ့ ဆုတံဆိပ်တွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင့်ခဲ့ပြီး တခြားလူတွေက ကိုယ်စား လက်ခံယူခဲ့ကြပါတယ်။

နေ့လည်ပိုင်းမှာ အမျိုးသားအောင်ပွဲနေ့ စာပေဟောပြောပွဲအဖြစ် ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူ နဲ့ ကဗျာဆရာ ကိုလေး( အင်းဝဂုဏ်ရည်) တို့ ဟောပြောခဲ့ပါတယ်။

ရန်ကုန်၊ ကြည့်မြင်တိုင်မှာရှိတဲ့ ရွှေညဝါကျောင်းတိုက်မှာလည်း နိုင်ငံရေးအကျဉ်းသား ဟောင်းတချို့နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ပူးပေါင်းပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စုပေါင်းဆွမ်းကပ်လှူပွဲ ကျင်းပခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန် လွှတ်ပေးဖို့ စုပေါင်းလက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်ရဲဝင်းက ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် တချက်ပေါ့၊ နောက်တချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့ဆိုတဲ့ အချက်နှစ်ချက်ပေါ်မှာ မူတည်ပြီးတော့ စုပေါင်း လက်မှတ်ရေးထိုးပြီးတော့ သမ္မတကြီးဆီကို စာတင်မှာဖြစ်ပါတယ်။ လက်မှတ်ပေါင်း ၅၀၀ လောက်ရပါတယ်။ ကျနော်တို့ ဒီရက်ပိုင်းအတွင်းမှာ တင်တော့မှာပါ။

“ဝါရင့်နိုင်ငံရေးသမား တချို့လည်းလာတယ်၊ ပြီးတော့ အဘဦးဝင်းတင် လာတယ်၊ ဆရာကြီးဒဂုံတာရာလည်း လာပါတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုတွေလည်း လာကြပါတယ်။”

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်ရဲဝင်းပါ။ အခုလိုမျိုး ရန်ကုန်မှာ (၉၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွေ ကျင်းပကြသလို ပဲခူးတိုင်းအတွင်းက နယ်မြို့တချို့နဲ့အတူ မန္တလေးတိုင်း အတွင်းမှာလည်း ကျင်းပခဲ့ကြပါတယ်။

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်ပေးပို့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ သဝဏ်လွှာထဲမှာတော့ ဒို့တာဝန်အရေးသုံးပါးကို မီးမောင်းထိုးပြောဆိုထားသလို အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း နှိုးဆော်ထားတာကို ဒီကနေ့ထုတ် အစိုးရအာဘော် သတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG