သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ချက် NDF ဘဝင်မကျ


ပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ချက် NDF ဘဝင်မကျ
ပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ချက် NDF ဘဝင်မကျ

နိုင်ငံတော်သမ္မတက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ချက်ဟာ ထူးထူးခြားခြား မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြစ်ဒဏ်ကျခံထားရသူတွေဟာ ရွေးကောက်ပွဲဝင်ဖို့ အသနားခံစာ တင်ရမယ်ဆိုတဲ့အချက် ထုတ်ပြန်ထားတာမို့ အခုပြင်ဆင်ချက်ထဲမှာ အကျုံးဝင်မှုရှိမရှိ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့လည်း NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ချက်ဟာ နိုင်ငံပါတီတွေအဖို့ လှုပ်သာလူးသာအခြေအနေတစ်ခု ရှိလာတာကလွဲရင် ထူးခြားတဲ့အချက်တွေ မပါဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။

“မထူးလှပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကတော့ လုပ်နိုင်ကိုင်နိုင်ချေရှိတယ်၊ ပွင့်လင်းလာတာ ရှိတယ်လေ။ သိပ်ပြီးတော့ထင်ရှားတဲ့ အပြောင်းအလဲကြီးတစ်ခုတော့ မဟုတ်သော်လည်းပဲ ဝင်ချင်တဲ့သူတွေ ဝင်နိုင်အောင် လမ်းကြောင်းပေးထားတာကတော့ ထူးခြားပါတယ်။ အကျဉ်းကျဖူးတဲ့ ပုဂ္ဂိုလ်တွေကတော့ လွတ်လပ်စွာ ဝင်ခွင့်ရှိသွားပြီပေါ့။ ကျန်တဲ့နှစ်ချက်ကတော့ သိပ်ပြီးမထူးလှပါဘူး။ ၂၀၁၀ တုန်းကလည်း ပါတီတစ်ပါတီမှာ လူ ၃ ယောက်ဝင်ရမယ်ဆိုတာ၊ နေရာသုံးနေရာပေါ့ ပြည်သူ့လွှတ်တော်၊ အောက်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ပေါ့။ ဒါက သိပ်မထူးပါဘူး။ နောက်ပြီး ကျနော်တို့ တင်လိုက်တဲ့ အခြေခံဥပဒေကို လေးစားလိုက်နာရမယ်ဆိုတာနဲ့ ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ ကိစ္စကတော့ ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာက စစ်တပ်မဟုတ်တဲ့အခါကျတော့ ကာကွယ်စောင့်ရှောက်လို့ မရပါဘူး။ လေးစားလိုက်နာရမယ်ဆိုတာကတော့ တော်တော်ကြီး ဆီလျော်တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ပုဒ်မ (၄၀၅/ခ) မှာ နိုင်ငံရေးပါတီအခန်းကဏ္ဍမှာ “နိုင်ငံရေးပါတီတိုင်းသည် အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်” ဆိုပြီးတော့ ပုဒ်မ (၄၀၅/ခ) မှာ ပါပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ဒါကို သမ္မတကြီးက ရွေးကောက်ပွဲဥပဒေမှာ ပြန် ပြင်ပေးတာပဲဖြစ်လို့ ကျနော်တို့အတွက်ကတော့ သိပ်ပြီး မထူးလှပါဘူး။”

NDF ပါတီထဲကဆိုရင် ဦးခင်မောင်ဆွေ အပါအဝင် ဦးစိန်လှဦး၊ ဦးတင်အောင်အောင် နဲ့ ဦးသာဆန်းတို့ လေးဦးဟာ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ အရင်က ပြစ်ဒဏ်ကျခံထားဖူးတာမို့ ၂၀၁၀ ရွေးကောက်ပွဲဝင်မယ် ဆိုရင် အသနားခံစာတင်ရမယ် ဆိုတဲ့အတွက် သူတို့လေးဦးစလုံးဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဝင်ခဲ့ကြတာပါ။ အခုပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) ကို ဖျက်ပစ်လိုက်တာမို့ အရင်က ပြစ်ဒဏ်ကျထားဖူးတဲ့သူတွေ ရွေးကောက်ပွဲဝင်ခွင့် ရှိတယ်ဆိုပေမဲ့ အယူခံဝင်ပြီးမှ ရွေးကောက်ပွဲဝင်ရမယ် ဆိုတဲ့သူတွေအတွက် အကျုံးဝင်သွားပြီလား၊ ဒါမှမဟုတ် မသက်ဆိုင်တော့ဘူးလား ဆိုတဲ့အချက်တွေကလည်း ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ပြောပါတယ်။

“အဲဒါကတော့ နောက်ထပ် ကျနော်တို့ အမိန့်ကြော်ငြာစာတို့၊ ငြိမ်းဥပဒေတို့ ထုတ်ဦးမလား မသိဘူးပေါ့ဗျာ။ ဒါပေမဲ့ သိပ်တော့ မရှင်းသေးဘူးပေါ့ဗျာ။ ကျနော်တို့က အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင်ကနေ စာပို့ထားတာကိုး။ နိုင်ငံတော်အကြီးအကဲကို အဲဒီတုန်းကတော့ ဗိုလ်ချုပ်သန်းရွှေကို အသနားခံစာတင်ရမယ် ဆိုပြီးတော့ ပါတယ်လေ။ ပါတော့ အဲဒီတုန်းကတော့ ကျနော်တို့ မတင်လိုက်ပါဘူး။ အခုကျတော့ ဒါက အကျုံးဝင်တယ် မဝင်ဘူးဆိုတာကတော့ ကော်မရှင်ကိုပဲ ကျနော်တို့ ပြန်မေးမှသိမှာပါ။”

NDF ပါတီအနေနဲ့ကတော့ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ နေရာ ၂၀ လောက်ထိ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။

“နေရာ ၂၀ လောက်ကိုပြိုင်ဖို့ ကျနော်တို့ စဉ်းစားပြီးပါပြီ။ ပြိုင်မယ့်ပုဂ္ဂိုလ်များ တန်းစီထားတဲ့ စာရင်းဇယားတွေလည်း ရုံးမှာရောက်နေပါပြီ။ ကျနော်တို့ ရွေးချယ်ရေးကော်မရှင်ဖွဲ့ပြီးရင်တော့ နံမည်နဲ့ နေရာတွေနဲ့ ထွက်လာမှာပါ။ အဲဒီထဲကတော့ ဝင်ချင်တဲ့သူရှိရင်တော့ ဝင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုကတော့ မစဉ်းစားပါဘူး။ သို့သော်လည်း ဝင်မယ့်သူတွေကတော့ ဝင်နိုင်ချေရှိပါတယ်။”

NDF ပါတီကို ဦးဆောင်နေသူထဲက တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ အခု နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ချက် ထွက်လာတဲ့အပေါ် ၂၀၀၈ ဖွဲစည်းပုံကို လက်မခံလို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကတော့ အကောင်းမြင်တယ်လို့ ပြောပေမဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး မတင်ရေးကတော့ NLD ပါတီတွင်း ဆွေးနွေးဆုံးဖြတ်ရဦးမယ်လို့ NLD ပါတီ ထိပ်ပိုင်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

XS
SM
MD
LG