သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် လုပ်ပိုင်ခွင့်အပေါ် NLD ဝေဖန်


အစိုးရသစ် လုပ်ပိုင်ခွင့်အပေါ် NLD ဝေဖန်
အစိုးရသစ် လုပ်ပိုင်ခွင့်အပေါ် NLD ဝေဖန်

လက်ရှိ မြန်မာအစိုးရသစ်ဟာ ပြောတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသေးဘူးလို့ အမျိူးသား ဒီမိုကရေစီအဖွ့ဲချုပ် (NLD) က ဝေဖန်လိုက်ပါတယ်။ လောလောဆယ် အရေးတကြီးအဆင့် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ပြဿနာကို ကိုင်တွယ်သင့်ပြီလို့ ယူဆကြောင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာပြောခဲ့တဲ့ ကတိတွေထဲက နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံဖြိူးရေး ဆိုင်ရာ အချက်တွေကို စတင် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ NLD ပါတီက တိုက်တွန်းတဲ့စာကို ဧပြီလဆန်းပိုင်းကတည်းက ပို့ထားပေမဲ့ အခုအချိန်ထိ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ နိုင်ငံရေးပါတီတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး လမ်းကြောင်း ဖွင့်မယ်လို့ အစိုးရတာဝန်ရှိသူတွေ ပြောပေမဲ့ ခုချိန်ထိ ဘာမှလက်တွေ့ ဖြစ်လာတာ မရှိသေးဘူးလို့ NLD ပါတီရဲ့ ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ ပြန်လွတ်ဖို့ဆိုတဲ့ ကိစ္စအပေါ် တောင်းဆိုမှုတွေ ပိုများလာတာကို တုံ့ပြန်ရင်းနဲ့ ပြောထားတဲ့ ကတိတွေနဲ့မူတွေကို စတင် အကောင်အထည် ဖော်သင့်ပြီလို့ ဦးတင်ဦးက ပြောပါတယ်။

“သူတို့ အခုပြောတဲ့မိန့်ခွန်းက မူပဲလေ။ ဒါပေမဲ့ လက်တွေ့ကတော့ ဒီနေ့အထိ ပြည်သူလူထုထဲမှာ ဘာမှ ထူးထူးခြားခြား မတွေ့ရသေးဘူးလေ။ အခြေအနေကတော့ အရင်နဲ့ ဘာမှမထူးခြားပါဘူး။ အကျဉ်းကျခံ ထားရတဲ့ နိုင်ငံရေးသမားတွေက တချို့လည်း လွတ်ရက်စေ့နေပြီ။ တချို့လည်း လွတ်ရက် နီးနေပြီ။ ဒါတွေနဲ့ပတ်သက်တဲ့ အားလုံးကို ခုထက်ထိကို မလွှတ်သေးဘူးဆိုတော့လည်း အားမရဘူးပေါ့။ ဒီလိုတော့ ရှိပါတယ်။ ဒီ့အပြင် တခြား များများစားစား ချိန်ကြည့်စရာမရှိပါဘူး။ အဲဒီဟာလေး တခုနဲ့ ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်က သူ သိပ်ပြီးတော့ လုပ်နိုင်ပုံ မပေါက်ဘူးထင်တယ်။ ဒီဟာနဲ့ ပတ်သက်တာ အားလုံးက အပေါ်က ချုပ်ကိုင်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာရှိတယ်။ အဲဒီမှာက တာဝန်လွှဲပြောင်း ပေးသွားပြီဆိုတဲ့ ပုဂ္ဂိုလ်က ဆက်ပြီးသြဇာ ရှိနေသေးတော့ အဲဒီကနေ အကြောင်းကြီးငယ် မရသေးလို့ပဲ ဖြစ်မလားမပြောတတ်ဘူး။ သူတို့ပြောတဲ့စကားတွေ အပေါ်မှီပြီးတော့ လုပ်ကိုင်ပေးကြပါ ဆိုတာကို ရေးတာပဲ။”

ပြည်တွင်းက လူငယ်ကွန်ယက် အဖွဲ့တွေက ဦးဆောင်လှုပ်ရှားနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုကြတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတွေကလည်း နယ်မြို့တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေပြီဖြစ်သလို စာပေနဲ့ အနုပညာ အသိုင်းအဝိုင်းတွေကလည်း ပါဝင် လက်မှတ်ရေးထိုး ပေးကြတယ်လို့ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“နှစ်ဆန်းတရက်နေ့က စတာပေါ့နော်။ ၁၇ ရက်နေ့အထိ။ အဲဒီနေ့ကနေ စပြီးတော့ ကျနော်တို့ နယ်တွေ ကိုလည်း ပို့ပါတယ်။ နယ်တွေကလည်း ဖုန်းဆက်ပြီးတော့ မှာကြားတာတွေ ရှိပါတယ်။ အဲဒီတော့ လောလောလတ်လတ် အနေအထားမှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေအပြင်ကို နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူတွေ အများအပြား ပါဝင်လက်မှတ် ထိုးပါတယ်။ နောက်ပြီးတော့ စာနယ်ဇင်းတို့၊ ရုပ်ရှင်တို့က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင် လက်မှတ်ထိုးကြတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က ရသလောက်ကိုတော့ ပထမအဆင့်တော့ အစိုးရရုံးတွေ ပြန်ဖွင့်ပြီးတဲ့အခါ ပေါ့နော်။ ၂၅ ရက်နေ့လောက်မှာ ကျနော်တို့ နိုင်ငံတော် သမ္မတရုံးကို လိပ်မူပြီးတော့ ပို့ပါမယ်။ ပြီးတဲ့အခါကျတော့ ဒီလက်မှတ်တွေကိုလည်း ကျနော်တို့ နောက်ပိုင်း ဝက်ဆိုက်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးသွားမှာပါ။”

မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့အတူ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။ မိသားစုတွေနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေကို ပို့ခံထားရတာမို့ မိသားစုတွေက ထောင်ဝင်စာ ပုံမှန် သွားမတွေ့နိုင်တဲ့ ပြဿနာတွေအပြင် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရကြသလို ကျန်းမာရေးချိုယွင်းတဲ့ အခြေအနေတွေ တွေ့ကြုံနေရသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒါ့ကြောင့်မို့ အခုတက်လာတဲ့ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိစ္စအပေါ် ကိုင်တွယ် ဖြေရှင်းပေး လာလိမ့်မယ်လို့ မိသားစုဝင်တွေက မျှော်လင့်နေကြတဲ့ အကြောင်း ဗန်းမော်ထောင်မှာ နှစ်ရှည် ထောင်ဒဏ် တွေနဲ့ ပြစ်ဒဏ်ပေးခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောပါတယ်။

“လိုက်လျောရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အချက်ကတော့ မလိုက်လျောဘဲနေလို့ မသိချင်ယောင် ဆောင် နေမယ်၊ ရက်ရှည်လများ လုံး၀ မစဉ်းစားဘဲနေမယ် ဆိုရင်တော့ ဒီကိစ္စက အစိုးရသစ်အတွက် အရုပ်ဆိုး အကျည်းတန်တဲ့ကိစ္စတခု ဖြစ်လိမ့်မယ်လို့ အန်တီထင်တယ်။ အဲဒီ အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စတခုကို ကြာကြာရင်ဆိုင်နေမယ် လို့တော့ အန်တီ မတွေးဘူးလေ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ ကိစ္စရပ်ကြီးကို သူတို့ ဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းမလား။ ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ နည်းလမ်း စဉ်းစားပြီးတော ဖြေရှင်းမလဲ ဆိုတာတော့ အန်တီတို့က မျှော်လင့်ချက်ထားပြီး စောင့်ကြည့်ရမယ့် အနေအထားတော့ ရှိပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ် ရဲ့ မိခင် ပြောပြခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား အားလုံး ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး အဆိုပြုလွှာကို နိုင်ငံရေး ပါတီ တချို့က လွှတ်တော်မှာ တင်သွင်းခဲ့ကြပေမဲ့ ဒီနေ့အထိ အကြောင်းပြန်တာ မရှိသေးပါဘူး။ မြန်မာ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့ အမေရိကန်အပါအဝင် အနောက် နိုင်ငံ ကြီးတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျော့ကျလာဖို့အတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးတဲ့ လမ်းကြောင်းနဲ့ ခြေလှမ်းတွေ စသင့်ပြီလို့ ပြည်တွင်းပြည်ပက ထောက်ပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG