သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာတချို့ နေ့စဉ် ထုတ်ဝေခွင့်ရ


မြန်မာ့သတင်းစာ၊ ဂျာနယ် လက်ကားဈေးကွက်တွင် စာစောင်များကို ထုတ်ယူနေကြစဉ်။
မြန်မာ့သတင်းစာ၊ ဂျာနယ် လက်ကားဈေးကွက်တွင် စာစောင်များကို ထုတ်ယူနေကြစဉ်။
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် သတင်းစာ ၈ စောင်ကို နေ့စဉ်သတင်းစာထုတ်ဝေခွင့် ပြန်ကြားရေးဌာန က ချပေးလိုက်ပါတယ်။ ဧပြီလ ၁ ရက်နေ့ကစလို့ ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာတွေကို ထုတ်ဝေခွင့် ပြုတော့မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကကြေညာပြီး လျှောက်လွှာခေါ်ယူခဲ့တာမှာ လောလောဆယ် ၈ ခုကို နေ့စဉ်သတင်းစာထုတ်ဝေခွင့် ပေးလိုက်တယ်လို့ စနေနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ခေတ်မိုး သတင်းစာ၊ ရွှေနိုင်ငံသစ် သတင်းစာ၊ ပြည်ထောင်စု နေ့စဉ်သတင်းစာ၊ အင်ပါယာ နေ့စဉ်သတင်းစာ၊ The Messenger ၊ နောက်ဆုံးရ နေ့စဉ် သတင်းစာ၊ မြန်မာနယူးဝိခ် နေ့စဉ်သတင်းစာ၊ မဇ္ဈိမသတင်းစာ တို့ ထုတ်ဝေခွင့် ရသွားကြတာဖြစ်ပါတယ်။

နေ့စဉ်သတင်းစာထုတ်ဝေခွင့်လျှောက်ထားမှုက စုစုပေါင်း ၁၇ ခုဖြစ်ပေမဲ့ ကျန်တဲ့ လျှောက်လွှာတွေထဲက ၃ ခုကို စိစစ်ဆဲဖြစ်ပြီး ကျန် ၆ စောင်ကတော့ လိုအပ်မှုတွေ ရှိနေတဲ့အတွက် ပြန်လည်ပြင်ဆင် လျှောက်ထားဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ပြန်ကြားရေးက ပုံနှိပ်သူများ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးကို နောက်တကြိမ် မတ်လကုန်ပိုင်းမှာ ကျင်းပရင် လျှောက်လွှာတွေကို ဆက်ပြီးစိစစ် ဆုံးဖြတ်သွားမယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံပိုင်နေ့စဉ်သတင်းစာတွေကလွဲလို့ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာတွေ မရှိရာကနေ အခုလို ပုဂ္ဂလိကကို အခွင့်ပေးလိုက် ပြီဆိုပေမဲ့ သတင်းစာတွေ နေ့စဉ်အချိန်မီ ထုတ်ဝေနိုင်ဖို့အပိုင်းမှာ စိန်ခေါ်မှုတွေအများကြီး ကြုံရနိုင်သေးတယ်လို့ သတင်းမီဒီယာအသိုင်းအဝိုင်းက ပြောဆိုနေပါတယ်။
XS
SM
MD
LG