သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး နယူးဇီလန်ထောက်ခံမှုအတွက် ဒေါ်စု ကျေးဇူးတင်


မြန်မာ့ဒီမိုကရေစီရေး နယူးဇီလန်ထောက်ခံမှုအတွက် ဒေါ်စု ကျေးဇူးတင်
မြန်မာ့ဒီမိုကရေစီရေး နယူးဇီလန်ထောက်ခံမှုအတွက် ဒေါ်စု ကျေးဇူးတင်

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာဖို့ နိုင်ငံရေး၊ သံတမန်ရေးနည်း စတဲ့ နည်းလမ်းစုံကို အသုံးချပြီး အစွမ်းကုန် ကူညီပေးသွားမယ်လို့ နယူးဇီလန် အတိုက်အခံ လွှတ်တော်အမတ်က ပြောကြားလိုက်ပါတယ်။ မြန်မာ့အရေးကို နယူးဇီလန်နိုင်ငံအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ ဆိုတာတွေကို မနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း အတိုက်အခံ လွှတ်တော်အမတ် Maryan Street က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အလုပ်သမားပါတီက လွှတ်တော်အမတ်လည်းဖြစ်၊ ပါတီရဲ့ နိုင်ငံခြားရေးရာ ပြောခွင့်ရအမျိုးသမီးလည်းဖြစ်တဲ့ Maryan Street ဟာ မနေ့ညက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြန်မာပြည်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် အခုလို တကူးတက ဖုန်းနဲ့ဆက်သွယ်ပြီး ဆွေးနွေးခဲ့ရတယ် ဆိုတာကိုတော့ အလုပ်သမားပါတီ လွှတ်တော်အမတ် Maryan Street က အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာမှသာ ရနိုင်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက် အကောင်အထည် ဖော်နိုင်ရေးအတွက် နယူးဇီလန်နိုင်ငံအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ကူညီနိုင်မလဲဆိုတာ မေးမြန်းဖို့ဖြစ်တယ်။” - လို့ ပြောသွားတာပါ။

သူမဘက်ကတော့ အဲဒီ ရည်မှန်းချက် အကောင်အထည်ပေါ်လာအောင် ကူညီသွားဖို့ ဆုံးဖြတ်ချက် ချထားတယ်လို့ Maryan Street က ဆက်ပြောပါတယ်။

သူပြောသွားတာကတော့ - “ကျမအနေနဲ့ အဲဒီရည်မှန်းချက် အကောင်အထည်ဖော်လာအောင် ကူညီလုပ်ဆောင်ပေးဖို့ သံဓိဌာန် ချထားပါတယ်တဲ့။ ဒီကိစ္စမှာ ကျမနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသဘောထားထဲ ရှိပါတယ်တဲ့။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်သလိုမျိုး ငြိမ်းချမ်းတဲ့နည်းနဲ့ ရည်မှန်းချက်ကို ရနိုင်ဖို့အတွက်ကတော့ နိုင်ငံရေးအင်အားတွေ၊ သံတမံနည်းလမ်းအရ ကျွမ်းကျင်မှုတွေ အားလုံးကို အသုံးချဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒါတွေကို ဆွေးနွေးချင်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းခေါ်လိုက်တာပါ။” - လို့ ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုပုံစံမျိုး တည်ဆောက်ချင်တယ် ဆိုတာကို ပြန်လည် ဆွေးနွေးခဲ့တဲ့အကြောင်း ဆက်ပြောပြပါတယ်။

“စိတ်ဓါတ်ခွန်အားအသစ်နဲ့ ပြည့်ဝပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဒီမိုကရက်တစ် နိုင်ငံတော်သစ်ကို တည်ဆောက်လိုတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်တဲ့။ ဒီကိစ္စတွေအတွက် နယူးဇီလန်နိုင်ငံက စိတ်ဝင်စားမှုရှိတဲ့အပေါ်မှာ ကျေးဇူးတင်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း၊” - Maryan Street က ပြောသွားတာပါ။

အတိုက်အခံပါတီဝင်တယောက်ဖြစ်တဲ့ သူ့အနေနဲ့ကတော့ မြန်မာပြည်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေးဟာ အာရှ ပစိဖိတ် ဒေသတခုလုံးရဲ့ ငြိမ်းရေးနဲ့ပါ သက်ဆိုင်နေတာမို့ ဒီကိစ္စ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လာအောင် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေပါ ပါဝင်လုပ်ဆောင်လာအောင် အဲဒီမှာရှိနေကြတဲ့ နယူးဇီလန် သံတမန်တွေကို အစိုးရက တိုက်တွန်းသွားဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူပြောသွားတာကတော့ - “လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်အတွင်း မြန်မာနိုင်ငံနဲ့ နယူးဇီလန်အကြား ဆက်ဆံရေးတွေ ကောင်းမွန်ခဲ့ခြင်း မရှိပါဘူးတဲ့။ ဒါပေမဲ့ နဂိုရှိခဲ့တဲ့ ဆက်ဆံရေးကောင်းမွန်မှုအပေါ် အခြေခံပြီး မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အနာဂတ် ဖြစ်ပေါ်လာရေးအတွက် စစ်အစိုးရကို ဖိအားပေးလုပ်ဆောင်ဖို့ အခုချိန်ဟာ အရေးကြီးဆုံးအချိန်ပဲ။” - လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံရဲ့ အနေအထားဟာ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်ဖို့ အလားသဏ္ဍာန်တွေ အများကြီး တွေ့နေရပေမဲ့ အဲဒီလို မဖြစ်သေးတာဟာ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်တယောက်အဖြစ် ရှိနေသေးတဲ့အတွက် ဖြစ်တယ်လို့ Maryan Street က ပြောပါတယ်။

နယူးဇီလန်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေမျိုး ရှိပါသလားလို့ မေးကြည့်တဲ့အခါမှာတော့ -

“အဲဒါ ဖြစ်နိုင်ချေ ရှိပါတယ်တဲ့။ ဘာဖြစ်လို့ ဖြစ်နိုင်သလဲဆိုတော့ ကျမတို့မှာ ကောင်းမွန်တဲ့ နိုင်ငံတကာ စံနစ်ရှိနေတာရယ်၊ နောက် ဘက်မလိုက်နိုင်ငံအဖြစ် ရပ်တည်နေတာတွေရယ် ကြောင့်ပါတဲ့။ ကျမတို့ဟာ သူများ တိုင်းပြည်တွေကိုယ်စား ကြားဝင် ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင်၊ ဒါမှမဟုတ် နှစ်ဖက် စကားပြောဖြစ်လာအောင် ကြားဝင် ဆောင်ရွက်ပေးတာမျိုး လုပ်ပေးဖို့ ကျမတို့ဆီမှာ အခွင့်လမ်းကောင်းတွေ ရှိပါတယ်။” - လို့ ပြောသွားတာပါ။

လွှတ်တော်အမတ် Maryan Street ဟာ တနင်္လာနေ့မှာ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို တင်ပြမယ်လို့ ပြောပါတယ်။ သူမအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာအောင် တည်ငြိမ် အေးချမ်းတဲ့ ဒီမိုကရက်တစ်နိုင်ငံတော် ဖြစ်ပေါ်လာအောင် အတတ်နိုင်ဆုံး စွမ်းဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

လက်ရှိ စစ်အစိုးရဟာ တရားမဝင် အစိုးရဖြစ်တာကြောင့် မြန်မာနိုင်ငံကို Myanmar လို့ ခေါ်ဝေါ် သုံးစွဲနေရာက Burma လို့ ပြန်ပြောင်း ခေါ်ဝေါ်ဖို့ နိုင်ငံခြားရေးဝန်ကြီး Murray McCully ရဲ့ အဆိုပြုချက်ကို နယူးဇီလန်အစိုးရက လက်ခံလိုက်ပြီးဖြစ်တဲ့အတွက် ရှေ့လျှောက် မြန်မာလို့ မခေါ်တော့ဘဲ Burma လို့ ခေါ်ဝေါ် သုံးစွဲသွားဖို့ နယူးဇီလန်အစိုးရက ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိ စစ်အစိုးရရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ရေးကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အဆိုပြုကို ထောက်ခံတဲ့ နိုင်ငံတွေထဲမှာ နယူးဇီလန်နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။

XS
SM
MD
LG