သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်ပြည်မ တန်းတူရေး၊ NLD ရှင်းပြ


ပြည်နယ်ပြည်မ တန်းတူရေး၊ NLD ရှင်းပြ
ပြည်နယ်ပြည်မ တန်းတူရေး၊ NLD ရှင်းပြ

တိုင်းရင်းသားဒေသတွေမှာ ခွဲခြား ဆက်ဆံခံရတာတွေ၊ ဆက်သွယ်ရေး၊ ပညာရေး အဆင့်အတန်း နိမ့်ကျနေတာတွေအတွက် တတ်နိုင်တဲ့ဘက်က ဆောင်ရွက်ပေးသွားမယ်၊ တိုင်းရင်းသားဒေသတွေဟာလည်း ပြည်ထောင်စုစစ်စစ် မူအောက်အောက်မှာ တန်းတူအခွင့်အရေးရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ရခိုင်ပြည်နဲ့ချင်းပြည်နယ်တို့က စည်းရုံးရေးမှူးတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြစဉ်မှာ အခုလို ပြောဆိုသွားခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

စနေနေ့က စတင်ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ချင်း၊ ရခိုင် စည်းရုံးရေးမှူးတွေ တွေ့ဆုံဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားကိုယ်စားလှယ်တွေက သူတို့ဒေသမှာ ကြုံရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ အဓိကတင်ပြဆွေးနွေးသွားကြတာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ဒေသဖွံ့ဖြိုးမှုနှေးကွေးတာတွေကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ ရခိုင်ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြတယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒေသမှာက - ကျေးရွာမှာ နာမကျန်းဖြစ်လို့ မြို့တက်ဆေးကုဖို့လည်း တချို့က တတ်ကိုမတတ်နိုင်ဘူးတဲ့။ ဝိုင်းဝန်းပံ့ပိုးလို့ အမြန်ဆုံးရောက်ဖို့ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေက ရေလမ်းဖြစ်တဲ့ အတွက် အမြန်မရောက်လို့ သေရတယ်ဆိုရင်လည်း သေသွားကြတာပဲတဲ့။ ဒေသတခုနဲ့တခု သွားရေးလာရေးတွေမှာ အစ္စလာမ်ဘာသာဝင်တွေကို ကန့်သတ်ထားတဲ့ကိစ္စတွေ၊ အဲဒီကနေ ဆက်နွယ်ပြီးတော့ ဒီအစ္စလာမ်ဘာသာဝင်တွေက မတရားဖိနှိပ်ခံရတဲ့ အခြေအနေတွေ၊ အမျိုးသမီး အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ မတရားပြုလုပ်မှုတွေလည်း ရှိတယ်လို့ သူတို့တင်ပြပါတယ်။”

ဒီလိုမျိုး ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့အခြေအနေကို စုံစမ်းပြီးတော့ တရားဥပဒေလမ်းကြောင်းအတိုင်း လိုအပ်သလို ဆောင်ရွက်ပေးသွားဖို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာကတော့ လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ကိစ္စက အဓိကရင်ဆိုင်ရတဲ့ပြဿနာတခုပါ။ ဒီကိစ္စအပါအဝင် ချင်းပြည်နယ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ချင်းပြည်နယ်ထဲက ကိုယ်စားလှယ်တွေက အဓိက ချင်းပြည်နယ်ထဲမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ပညာရေး အဆင့်အတန်းတွေ သိပ်နိမ့်နေတယ်လို့ ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ရင် ဒီဟာကတော့ ကျနော်တို့ အဖွဲ့ချုပ်က ဆောင်ရွက်နိုင်ဖို့ အခြေအနေ မရှိပါဘူး။ ဒါက အစိုးရကသာ ဆောင်ရွက်ရမှာ။ အဲဒီတော့ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် အခု ကွန်ပျူတာတို့၊ တယ်လီဖုန်းတို့ ဆိုတာတွေကို ကျနော်တို့ လေ့လာမယ်။ ဖြစ်နိုင်တာတွေ ကျနော်တို့ ပံ့ပိုးမယ်လို့ ပြောခဲ့ပါတယ်။ အခု တချို့ဒေသတွေမှာ ဘိန်းစိုက်တာတွေ ရှိတယ်။ ဘိန်းထွက်လို့ လူငယ်တွေ မူးယစ်ဆေးဝါး စွဲတာတွေလည်း ရှိနေတယ်လို့ သူတို့ပြောပါတယ်။ ဆိုတော့ ကျနော်တို့ အဲဒါကိုလည်း ဘိန်းပပျောက်ရေးနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာတွေကို ကျနော်တို့ လိုအပ်သလို ကျနော်တို့ ဆက်သွယ်တင်ပြပေးမယ်လို့ ကျနော်တို့ ဒီလိုပြောထားပါတယ်။”

ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ NLD ပါတီဟာ ချင်းပြည်နယ်မှာတင်မကဘဲနဲ့ တခြား ပြည်နယ်နဲ့တိုင်းတွေမှာပါ အဖွဲ့ချုပ်ဘက်က တတ်နိုင်သလို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်သွားကြမှာ ဖြစ်သလို တချိန်တည်းမှာပဲ ဒေသခံကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ နည်းလမ်းရှာလုပ်ဆောင်သွားကြဖို့ လိုတယ်လို့လည်း ပြောခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။ သူကပဲ ဆက်ပြီးတော့ -

“ကျနော်တို့ နိုင်ငံတော် ဖွဲ့စည်းပုံပေါ့။ တကယ်လို့ နောင်ကိုဖြစ်လာမယ်ဆိုရင် သူတို့က ပြည်ထောင်စုစစ်စစ်မူနဲ့ အခွင့်အရေး တန်းတူရရှိရေးကို စဉ်းစားပေးသင့်တဲ့အကြောင်း၊ ဒါဟာလည်း ကျနော်တို့ အဖွဲ့ချုပ်ရဲ့ သဘောထားနဲ့အတူတူပါပဲ။ ပြည်နယ်နဲ့ပြည်မ တန်းတူအခွင့်အရေးရှိတယ်၊ ရှိရမယ်ဆိုတာ သူတို့ကိုရှင်းပြပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောသွားတာဖြစ်ပါတယ်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက ပါတီစည်းရုံးရေးမှူးတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မတ်လ ၃ ရက်နေ့ကတည်းက စတင်ဆွေးနွေးနေကြတာဖြစ်ပါတယ်။ မတ်လ ၁၈ ရက်နေ့အထိ ပြည်နယ်နဲ့တိုင်းအလိုက် အလှည့်ကျဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့ရှိပါတယ်။

XS
SM
MD
LG