သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဝန်ကြီး ခရီးစဉ် အမေရိကန် စိုးရိမ်


မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်အုချမ်း (Pak Ui Chun) မြန်မာနိုင်ငံမှာ ရောက်နေချိန်မှာ ပွင့်ပွင့်လင်းလင်း မသိရတဲ့ ၂ နိုင်ငံဆက်ဆံရေးအပေါ် အမေရိကန်က စိုးရိမ်တယ်လို့ ထပ်ပြီးပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ကြာသပတေးနေ့က ရောက်လာပြီး တနင်္ဂနွေနေ့အထိ ရှိနေမယ်လို့ ခန့်မှန်းရတဲ့ မြောက်ကိုရီးယား ဝန်ကြီးဟာ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သံတမန် ရပ်ကွက်ကလာတဲ့ သတင်းတွေက ပြောပါတယ်။ ဒါပေမဲ့ ဘာတွေ ဆွေးနွေးကြမယ် ဆိုတာကတော့ မသိနိုင်ပါဘူး။

ထင်သာမြင်သာ မသိနိုင်တဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အနေအထား အပေါ်မှာ စိုးရိမ်မကင်း ဖြစ်တယ် ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ PJ Crowley က မနေ့ ကြာသပတေးနေ့က ပြောပါတယ်။ နျူကလီးယား ဆိုင်ရာ တရားမဝင် ဆောင်ရွက်မှုတွေ ရှိနေတဲ့ မြောက်ကိုရီးယား နိုင်ငံနဲ့ ဆက်ဆံတဲ့ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယား လက်နက် မပြန့်ပွားအောင် နိုင်ငံတကာက လိုက်နာရမယ့် ဝတ္တရားတွေအတိုင်း လိုက်နာမယ်လို့ မျှော်လင့်တယ်လို့လဲ သူကပြောပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေးကိုလဲ အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန်က ပြောပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီနေ့ထုတ် မြန်မာအစိုးရ သတင်းစာတွေထဲမှာ တစုံတရာ ဖော်ပြတာ မတွေ့ရပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကမ်ဂျုံအီးလ် (Kim Jong Il) ရဲ့ အကြောင်း စာရေးဆရာ ဟိန်းလတ်ရေးသားတဲ့ အထုပ္ပတ္ထိ စာအုပ်တွေကို မြောက်ကိုရီးယား သံရုံးက ကန့်ကွက်ခဲ့ပါတယ်။ စာအုပ်ထဲမှာရေးသားထားတဲ့ အကြောင်းအရာတချို့ မှားယွင်းနေတဲ့အတွက် ထုတ်ဝေပြီးသား စာအုပ်တွေကို မြောက်ကိုရီးယား သံရုံးတာဝန်ရှိသူတွေက သက်ဆိုင်ရာကို စာအုပ် ပြန် သိမ်းခိုင်းတာဖြစ်တယ်လို့ စာရေးဆရာ ဟိန်းလတ်ကပြောပါတယ်။

တကယ်တော့ ဒီစာအုပ်ကို စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေခဲ့တာလို့ သူက ပြောပါတယ်။ တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန်း ကစလို့၊ အမေရိကန်သမ္မတ Barack Obama အထိ ကမ္ဘာ့ခေါင်းဆောင်ပေါင်း ၂၅ ယောက်ရဲ့ အထုပ္ပတ္ထိတွေကို စာရေးဆရာ ဟိန်းလတ်က ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။

XS
SM
MD
LG