သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ အလားအလာ


မြန်မာနိုင်ငံဟာ ယူရေနီယံ တူးဖော်ပြီးတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရယူနေတယ်လို့ ကုလသမဂ္ဂ နျူကလီးယား စစ်ဆေးရေး အရာရှိဟောင်းတဦးက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ပေါ်ထွက်လာတဲ့ အစီရင်ခံစာသစ်တစောင် အရကတော့ မြန်မာနိုင်ငံဟာ နျူကလီးယား လက်နက်ပိုင်ရှင် ဖြစ်လာမယ့် အလားအလာ အလှမ်းဝေးနေသေးတာ တွေ့ရတယ်လို့ ဗွီအိုအေ သတင်းထောက် Kate Woodsome က ဆိုပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာ တင်ပြထားပါတယ်။

မြန်မာပြည်ရဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့အတွက် ရည်ရွယ်ချက်ကတော့ ရှင်းနေတယ်လို့ IAEA ခေါ် နိုင်ငံတကာ နျူကလီးယား အေဂျင်စီ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ (Robert Kelley) က ဆိုပါတယ်။ ကယ်လီ ဟာ မကြာခင်ကမှ မြန်မာပြည်က ထွက်ပြေးလာတဲ့ ကာကွယ်ရေးဌာန အင်ဂျင်နီယာဟောင်း တယောက်စီကရတဲ့ ဓာတ်ပုံတွေ၊ မှတ်တမ်းတွေကို လိုက်လံစိစစ် လေ့လာနေတဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ တွေ့ရှိချက်ကို နော်ဝေအခြေစိုက် DVB သတင်းဌာနအတွက် ရေးသားခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူ တွဲဖက် သုတေသန လုပ်ခဲ့သူ အာလီ ဖောင်လီ (Ali Fowle) ကတော့ မြန်မာနိုင်ငံ နျူကလီးယား လက်နက်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ယူဆနိုင်တဲ့ အကောင်းဆုံး အထောက်အထား တခုကတော့ bomb-reduction vessels လို့ခေါ်တဲ့ သန့်စင် ယူရေနီယံမှုန့်တွေ ထည့်တဲ့အိုးတွေရဲ့ ဓာတ်ပုံပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“စက်ရုံတွေထဲမှာ လုပ်တဲ့စက်တွေဟာ ယူရေနီယံ ဓာတုဒြဗ်ပေါင်းတွေအတွက် လုပ်နေတယ်ဆိုတာ အတော်လေး ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ အဲဒီအိုးဟာ သန့်စင်ယူရေနီယံမှုန့်တွေကို သတ္တုဖြစ်အောင် လုပ်ဖို့အတွက် ဖြစ်နိုင်ပါတယ်။ ဒီအိုးတွေကို တခြား ကိစ္စတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဒါပေမဲ့ နျူကလီးယား လက်နက်အတွက်ပဲ ဖြစ်နိုင်ပါတယ်။”

အစီရင်ခံစာထဲက ရောင်စုံ ဓာတ်ပုံတွေထဲမှာတော့ မြန်မာစစ်ဗိုလ်တွေနဲ့ အရပ်သားတွေဟာ Vacuum glove box လို့ခေါ်တဲ့ စက်ပစ္စည်းတခုရဲ့ဘေးမှာ ရပ်နေပြီး အဲဒီစက်ဟာ ယူရေနီယံ သတ္တု ထုတ်တဲ့နေရာမှာ သုံးတဲ့စက် ဖြစ်ပါတယ်။ ဒီအစီရင်ခံစာထဲက စက်ရုံနှစ်ခုဟာ မြန်မာ အင်ဂျင်နီယာတွေချည်းပဲ လုပ်ကိုင်နေတဲ့ စက်ရုံတွေ ဖြစ်ကြပြီး သူတို့ဟာ နျူကလီးယား နည်းပညာ ထုတ်လုပ်ဖို့ အင်မတန် စောနေသေးတဲ့အဆင့်မှာပဲ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

“သူတို့ ကိုင်တွယ်နေတဲ့ စက်တချို့၊ ဒါမှမဟုတ် သူတို့ထုတ်လုပ်နေတဲ့ ပစ္စည်းတွေဟာ အကြမ်းထည် ရှေးဦးအဆင့်မှာပဲ ရှိနေပါသေးတယ်။ သူတို့အနေနဲ့ ပြင်ပအကူအညီတွေ မရသေးတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပိုက်လုံးနှစ်ခု ထွက်နေတဲ့ မီးဖိုတခု ပုံကိုလည်း တွေ့ရပါတယ်။ အဲဒီပုံကို ပြပြီး သူ့အိမ်က ရေပိုက်ပြင်သမားကတောင် ဒီထက်ကောင်းအောင် လုပ်နိုင်ဦးမယ်လို့ ကျမနဲ့အတူတွဲပြီး သုတေသန လုပ်နေတဲ့ ဘော့ဘ် (Bob) က ပြောပါတယ်။”

ဒီကိစ္စ အဓိက စုံစမ်းရာမှာ အရေးပါသူ တဦးကတော့ စစ်တပ် အင်ဂျင်နီယာဟောင်း ဒုံးကျည်ရေးရာ ကျွမ်းကျင်သူ စိုင်းသိန်းဝင်း ဖြစ်ပါတယ်။ ဖောင်လီ အပြောအရ ရုရှားနိုင်ငံမှာ သင်တန်းတက်ခဲ့ပြီး အခု မြန်မာပြည်က ထွက်ပြေးလာသူ စိုင်းသိန်းဝင်းဟာ သူ သိထားတဲ့ကိစ္စတွေကို ကမ္ဘာကသိအောင် လုပ်ပေးရမယ်လို့ ခံယူထားသူဖြစ်တယ်လို့ ဆိုပါတယ်။

စိုင်းသိန်းဝင်း ရဲ့ အထောက်အထားတွေကို သုံးသပ်ရာမှာ ဒါတွေဟာ အကောင်းဆုံး အထောက်အထားတရပ် မဟုတ်သေးဘူးလို့တော့ ကယ်လီက ဝန်ခံပါတယ်။ ဒါပေမဲ့ စိုင်းသိန်းဝင်းရဲ့ နောက်ခံအခြေအနေဟာ အချက်အလက် မှန်တွေ ဖြစ်ပြီး ဓာတ်ပုံတွေဟာလည်း ပုံကောင်းတွေ အမြောက်အများ ဖြစ်နေတဲ့အတွက် အမှန်တကယ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာ မထွက်လာခင် နာရီပိုင်းမှာပဲ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ဟာ မြန်မာပြည်သွားမယ့် ခရီစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီကိစ္စအတွက် ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်လင်းပွဲမှာ ခု အစီရင်ခံစာမှာ တွေ့ရှိခဲ့ရတဲ့ အချက်တွေကို သူက ညွှန်းဆိုသွားပါတယ်။ ပြီးတော့ မြောက်ကိုရီးယားက မြန်မာပြည်ကို တင်ပို့နေတယ် ဆိုတဲ့အတွက် အမေရိကန်က စိုးရိမ်မကင်း ဖြစ်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

“အချက်အလက်တွေ ဘယ်လောက်မှန်တယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ဒီလို မြန်မာပြည်ဟာ မြောက်ကိုရီးယားနဲ့ နျူကလီးယား ကိစ္စမှာ ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားနဲ့တင်ပဲ လုံလောက်နေပါပြီ၊ ကျနော် မြန်မာပြည်ကို မသွားသင့်ဘူးဆိုတာ။”

ဝက်ဘ် ဟာ အမေရိကန် အထက်လွှတ်တော်ရဲ့ အရှေ့အာရှ နိုင်ငံခြား ဆက်ဆံရေး ကော်မတီကို ကြီးကြပ်ရသူလည်း ဖြစ်ပါတယ်။ အိုဘားမား အစိုးရ မြန်မာစစ်အစိုးရနဲ့ စေ့စပ်ဆက်သွယ်ရေး အားထုတ်နေမှုကို စိတ်ဝင်တစား စိတ်အားထက်သန်သူလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယား ဟာ မြန်မာပြည်ကို ဒုံးကျည်နဲ့ နျူကလီးယား နည်းပညာ လျို့ဝှက် တင်ပို့နေတယ်လို့လည်း ကုလသမဂ္ဂရဲ့ ပြီးခဲ့တဲ့လက အစီရင်ခံစာ တရပ်မှာ ဖော်ပြခဲ့ပါတယ်။ မြန်မာပြည်ရဲ့ နျူကလီးယား အစီအစဉ်ကို မြောက်ကိုရီးယားက ပံ့ပိုးနေတယ်ဆိုတဲ့ ထင်မြင်ချက်ကိုတော့ ဖောင်လီက ပယ်ချပါတယ်။

“နျူကလီးယား အစီအစဉ်လို့ ကျမတို့ ယူဆနိုင်တဲ့ကိစ္စမှာ မြောက်ကိုရီးယားက ပံ့ပိုးနေတယ်ဆိုတာ ကျမတို့မှာရှိတဲ့ ဘယ် အထောက်အထားကမှ ညွန်ပြနေတာ မရှိပါဘူး။”

ဒီကိစ္စနဲ့ပတ်သက်ပြီး အပြည့်အ၀ တုံ့ပြန်စစ်ဆေးကြဖို့ကိုလည်း ကယ်လီက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG