သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကုန်တွေအတွက် နေရာအသစ်-မြန်မာနိုင်ငံ


နယူးယောက်မြို့ရှိ Lord & Taylor ကုန်တိုက်ကြီးတွင် ခင်းကျင်းပြသထားသော Kardashian တံဆိပ် ရေမွှေးဘူးများ။ သြဂုတ် ၂၃၊ ၂၀၁၂။
နယူးယောက်မြို့ရှိ Lord & Taylor ကုန်တိုက်ကြီးတွင် ခင်းကျင်းပြသထားသော Kardashian တံဆိပ် ရေမွှေးဘူးများ။ သြဂုတ် ၂၃၊ ၂၀၁၂။
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား မြန်မာပြည်ကို အလည်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အလျင်အမြန်ကို တိုးတိုက်လာလိမ့်မယ်လို့ မြန်မာပြည်ထဲမှာ စီးပွားရေးလုပ်ငန်းတွေ စတင် လည်ပတ်နေပြီဖြစ်တဲ့ အမေရိကန်ကုမ္ပဏီတွေ က မျှော်လင့်နေကြပါ တယ်။ သေးငယ်သေး တယ်လို့ပြောရမယ့် မြန်မာနိုင်ငံထဲက နိုင်ငံခြား ကုန်ပစ္စည်းဈေးကွက်ထဲကိုလည်း အမေရိကန် ကုန်ပစ္စည်း အမှတ်တံဆိပ်တွေက အလုံးအရင်းနဲ့ဆိုသလို ဝင်ရောက်လာနေ တာပါ။ ဒီအကြောင်း Reuters သတင်းဌာနရဲ့ သတင်းဆောင်းပါးတပုဒ်ကိုအခြေခံပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ကမ္ဘာ့ ကုန်စည်ကူးသန်းရောင်းဝယ်မှု အခန်းကဏ္ဍရဲ့ အပြင်ဘက်မှာ ဖယ်ကျဉ်ထားခြင်းခံခဲ့ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစ လို့ မြန်မာအစိုးရသစ် ရဲ့ နိုင်ငံတွင်း စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အနောက်နိုင်ငံ အစိုးရတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းခဲ့ပြီး၊ စီးပွားရေး လမ်းကြောင်းတွေကိုလည်း ချဲ့ထွင်လာခဲ့ပါတယ်။

တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုရောက်ရှိလာမယ့် အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမားရဲ့ ခရီး စဉ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာတွေရှိမယ်လို့ အများ က မျှော်လင့်နေကြတာပါ။ စီးပွားရေးမှာ နည်းဗျူဟာအရ အဓိကကျသလို သယံဇာတနဲ့ လူသား အင်အားအရင်းအမြစ်လည်း ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ကုမ္ဗဏီတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် မာစတာကဒ်ကုမ္ပဏီကလည်း မာစတာ ကဒ်တွေကို မြန်မာနိုင်ငံထဲမှာ ကြာသပတေးနေ့တုန်းက စတင်ထုတ်ဝေလိုက်ပါပြီ။ ဒါဟာ မြန်မာနိုင်ငံ ထဲမှာ ပထမဆုံး အလိုအလျောက်ငွေထုတ်စက် ATM စက်တွေကို နိုင်ငံခြားကုမ္ပဏီတခုက ပထမဆုံး ထုတ်ဝေလိုက်တာလည်းဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ လောလောဆယ်မှာ ဒီ ATM စက်တွေ ကနေ ငွေထုတ်တာတခုတည်းပဲ လုပ်လို့ရပါသေးတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာတော့ ဒီ ATM စက်တွေဟာ အခုထိတော့ အသစ်အဆန်းဖြစ်နေဆဲပါ။ Mastercard ကုမ္ပဏီအနေနဲ့ မြန်မာတနိုင်ငံလုံးမှာ ဒီစက်မျိုး ၃၆ လုံး တပ်ဆင်ပြီးသွားပါပြီ။ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ သူတို့အနေနဲ့ ဈေးကွက်အတွင်း ရင်းနှီးမြှုပ် နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ရာမှာ ယုံကြည်မှုတွေ ပိုပြီးရှိလာစေတယ်လို့ Mastercard ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ Antonio Corro က ပြောပါတယ်။
New York မြို့ရှိ Lord & Taylor ကုန်တိုက်ကြီးတွင် ခင်းကျင်း ပြသထားသော Ivanka Trump တံဆိပ် ဖိနပ်များ။ သြဂုတ် ၂၃၊ ၂၀၁၂။
New York မြို့ရှိ Lord & Taylor ကုန်တိုက်ကြီးတွင် ခင်းကျင်း ပြသထားသော Ivanka Trump တံဆိပ် ဖိနပ်များ။ သြဂုတ် ၂၃၊ ၂၀၁၂။

“လာမယ့်အပတ်ထဲမှာ သမ္မတ အိုဘားမားမြန်မာပြည်ကို လာမယ်။ ဒါက အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရအပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြလိုက်တာပါ။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း ဈေးကွက်ထဲ မှာ တိုးတက်မှုတွေရှိလာမယ့် မျှော်လင့်တယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကဏ္ဍမှာ တိုးတက်လာအောင်လည်း ကျနော်တို့ ကူညီပေးချင်ပါတယ်။ ပြီးတော့ ဒီကလူတွေကိုလည်း ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းတွေ ပွင့်လာအောင်လို့ ကူညီပေးချင်ပါတယ်”

မာစတာကဒ်ကုမ္ပဏီဟာ မြန်မာနိုင်ငံထဲမှာ သမဝါယမဘဏ်နဲ့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပြီး၊ တခြားနိုင်ငံတွေက ATM ကဒ် တွေနဲ့ မြန်မာနိုင်ငံထဲက ဒီ ATM စက်တွေထဲမှာ ငွေထုတ်လို့မရတဲ့ ကန့်သတ်ချက်တွေတော့ရှိနေပါတယ်။ ဒါပေမယ့် ကမ္ဘာ လှည့်ခရီးသည်တွေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ ဒေါ်လာငွေစက္ကူတွေကို ကိုင်ပြီး ခရီးသွားစရာမလို တော့ပဲ၊ ဒီ ATM စက်တွေမှာ ငွေထုတ်လို့ရပါတယ်။

ဒီနှစ်အစောပိုင်းမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းကြောင်း ကြေငြာပြီးတဲ့နောက်မှာပဲ Coca-Cola နဲ့ Pepsi ကုမ္ပဏီတွေ ဟာ မြန်မာနိုင်ငံဘက်ကို ခြေဦးလှည့်လာခဲ့ပါတယ်။ ဒီကုမ္ပဏီနှစ်ခုစလုံးဟာ အခုဆိုရင် မြန်မာ တနိုင်ငံလုံးမှာ အအေးပုလင်းတွေ ဖြန့်ဖြူးနေတာပါ။

အရင်တုန်းက ထိုင်းနဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကနေတဆင့် အအေး ပုလင်းတွေ မြန်မာနိုင်ငံထဲကို တင်သွင်းခဲ့ကြပေမယ့်၊ Coca-Cola ကုမ္ပဏီကတော့ မြန်မာနိုင်ငံထဲမှာ တရားဝင်လုပ်ငန်းလည်ပတ်မှုတွေကို နှစ်ပေါင်း ၆၀ လောက်ရပ်ဆိုင်းခဲ့ပါတယ်။ Pepsi ကုမ္ပဏီ ကတော့ လူ့အခွင့်အရေးအုပ်စုတွေရဲ့ ဖိအားကြောင့် ၁၉၉၇ ခုနှစ်မှာပဲ မြန်မာနိုင်ငံကနေ လုပ်ငန်းတွေရပ်ဆိုင်းခဲ့ရပါတယ်။

အခုအခါမှာတော့ ဒီကုမ္ပဏီတွေရဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေက ရန်ကုန်မြို့ရဲ့ နေရာ အနှံ့အပြားမှာတွေ့နေရတာပါ။ နုယူးယောက်အခြေစိုက် နိုင်ငံတကာ music video ကုမ္ပဏီကြီး တခုဖြစ်တဲ့ MTV ကလည်း ခေါင်းပုံဖြတ်မှုနဲ့ လူကုန်ကူးမှု ပပျောက်ရေး လှုပ်ရှားမှုနဲ့အတူ လူငယ်တွေအတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံထဲမှာ ခြေချနိုင်ဖို့ အခွင့်အလမ်းတခုကို ရှာဖွေနေ တာပါ။
လာမယ့် ဒီဇင်ဘာလထဲမှာပဲ MTV ရဲ့ လူကုန်ကူးမှုပပျောက်ရေးအဖွဲ့က ရန်ကုန်မြို့မှာ Live Show ပွဲတပွဲလုပ်ဖို့ စီစဉ်နေ ပါတယ်။ ဆန်းသစ်တဲ့၊ နုပျိုလတ်ဆတ်တဲ့ ပုံရိပ်ကိုဖော်ညွှန်းတဲ့ MTV ကို အမှီပြုပြီးတော့ သူတို့ရဲ့ သတင်းစကားကို လူငယ် တွေကြားထဲ ပျံ့နှံ့အောင် လုပ်ဖို့ မျှော်လင့် ထားတယ်လို့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Matt Love က ပြောပါတယ်။

“MTV က နိုင်ငံတကာအမှတ်တံဆိပ်တွေထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ထဲမှာတော့ မရှိသေးပါဘူး။ မျက်စိပိတ် - နားပိတ်ခံခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်း ခဲ့ရတဲ့ မြန်မာလူငယ်တွေ၊ MTV အမှတ်တံဆိပ်တွေကို သတိထားမိ တယ်ဆိုတာ သိရလိုက်တော့ ကျနော် အံ့သြမိပါတယ်။ MTV ရုပ်သံအစီအစဉ်တွေက တရုတ်ပြည်မှာရော၊ တခြား အာရှနိုင်ငံ တွေမှာလည်း ရှိပါ တယ်။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကမှ ပေါ်လာတာပေါ့လေ။ လူငယ်တွေအနေနဲ့ MTV အမှတ်အသားကို သတိပြုထားမိကြပါတယ်။ ဒီအမှတ်အသားနဲ့ သူတို့ တနည်းနည်းတော့ ပက်သက်မှုရှိကြမှာပါ။ အခု တော့ ဒီလူငယ်တွေ၊ MTV နဲ့ အပြင်မှာ တကယ်ကိုထိတွေ့ခွင့်ရဖို့ အခွင့်အလမ်းတခုကို ကျနော်တို့ ဖန်တီးပေးနိုင်တော့မှာပါ”

အမေရိကန်ထုတ် Levi’s denim jeans အစ Spam အဆုံး၊ အမေရိကန် classic ပစ္စည်းတွေရောင်းတဲ့ ရန်ကုန်မြို့ထဲက U.S.A စတိုးဆိုင်ပိုင်ရှင် ဦးတင်ထွန်းတို့လို ပုဂ္ဂိုလ်တွေအတွက်တော့ အမေရိကန်ကုန်ပစ္စည်း တံဆိပ်တွေနဲ့ စိမ်းမနေတော့ပါဘူး။

အမေရိကန်ပြည်ထောင်စုက နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ Oakley, Revlon နဲ့ Coach ပစ္စည်းတွေကို သူ့ဆိုင်မှာလည်း ရောင်းချနေတာပါ။ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်တာကြောင့် အမေရိကန် ပြည်ထောင်စုမှာပဲ ဝယ်လို့ရတဲ့ အခုလို နာမည်ကြီးပစ္စည်းတွေကို အခုအခါမှာ မြန်မာပြည်မှာလည်း ဝယ်လို့ရလာနေ တာ ဖြစ်ပါတယ်။ မြန်မာပြည်က အမေရိကန် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ ပတ်သက်ပြီး ဦးတင်ထွန်းဦးက အခုလိုပြောပြပါတယ်။

“ကျနော်တို့ စီးပွားရေးလုပ်နေတာက သေးပါသေးတယ်။ ဒီကို တံဆိပ်တွေအကုန်လုံးဝင်နေတာပဲ။ ကုမ္ပဏီကြီးတွေ ဒီမှာလာထိုင်ပြီဆိုရင်တော့ ကျနော်တို့ ဈေးကွက် သေချာပေါက် ပျောက်သွားမှာပါ”
အခုအခါမှာ သူ့အနေနဲ့ M&Ms နဲ့ California Raisins တံဆိပ်တွေလို အမေရိကန်ထုတ် ပစ္စည်းတွေကိုမှ နှစ်သက်တဲ့သူတွေကို ရောင်းချခွင့်ရနေတဲ့အတွက်က သူ့အနေနဲ့ ဝမ်းသာပါတယ်လို့လည်း ဦးတင်ထွန်းဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG