သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး စိုးရိမ်မကင်းဖြစ်မှုများ အိုဘားမား ဦးစားပေး ဆွေးနွေးမည်


အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes
အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes

မြန်မာနိုင်ငံကို ဒုတိယအကြိမ် ခရီးစဉ်အဖြစ် သွားရောက်နေတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အခြေအနေတွေကို အာရုံစိုက် ဆွေးနွေးမှာဖြစ်တဲ့အကြောင်း အမေရိကန် အစိုးရအဆင့်မြင့် အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေ တက်ရောက်ရင်း သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိစဉ် အစိုးရအရာရှိတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဆွေးနွေးကြမှာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့ထားတဲ့ အခြေအနေကနေ ပြောင်းလဲလာတာတွေကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်း သိသိသာသာ တွေ့ခဲ့ရပေမဲ့ ပြုပြင်စရာတွေလည်း ရှိနေဆဲမို့ ဒီကိစ္စတွေကို အမေရိကန် သမ္မတရဲ့ ခရီးစဉ်မှာ ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes ကပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ နေ့ချင်းညချင်း မဖြစ်နိုင်ဘူးဆိုတာ မှန်ပေမဲ့ အခွင့်အလန်းကောင်းကို လက်မလွတ်ဖို့ လိုတယ်လို့လည်း သမ္မတ အိုဘားမား တက်ရောက်ခဲ့တဲ့ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးညီလာခံ ကျင်းပရာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

ဒါကြောင့်လည်း တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ခရီးဆက်တဲ့အခါ ဒီကိစ္စတွေကို သမ္မတ အိုဘားမား အနေနဲ့ အဓိကထားမှာ ဖြစ်တယ်လို့လည်း အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ Ben Rhodes က ပြောပါတယ်။

“တိုးတက်မှု မတွေ့ရဘဲ ကြီးကြီးမားမား စိန်ခေါ်မှုတွေ ကြုံနေရတာတွေက ကျနော်တို့အတွက် စိုးရိမ်စရာ ကိစ္စတွေလို့ ထင်ပါတယ်။ အခုခရီးစဉ်မှာလည်း ကဏ္ဍ ၃ ခုကို ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ တခုကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ပါ။”

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ ရပ်တန့်နေတယ်၊ နောက်ပြန်ဆွဲတာတွေတောင် ရှိနေတယ်လို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေသလို၊ သမ္မတအိုဘားမားရဲ့ အခုခရီးစဉ်မှာ ဒီကိစ္စတွေကို အလေးထား ဆွေးနွေးဖို့ ဝိုင်းဝန်း တိုက်တွန်းနေချိန်မှာပဲ အမေရိကန် အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ယှဉ်ပြိုင်နိုင်ခွင့် မရှိပဲ ဖြစ်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဖိအားပေးဖို့လည်း အမေရိကန် လွှတ်တော်အမတ် ၂၀ ကျော်က တိုက်တွန်းခဲ့ကြတာပါ။

အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ Ben Rhodes ကတော့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာ့အရေး လှုပ်ရှားနေသူတွေလိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပတာကို မြင်ချင်တယ်လို့ ပြောပါတယ်။

“ရှေ့နှစ်ရွေးကောက်ပွဲတွေမှာ မြန်မာလူထုအနေနဲ့ ကိုယ်ကြိုက်တဲ့ ခေါင်းဆောင်ကို ရွေးချယ်နိုင်မယ့် ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုး ဖြစ်လာဖို့ ကျနော်တို့လည်း မျှော်မှန်းထားပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်းက အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုလည်း အားပေးပါတယ်။ ရွေးကောက်ပွဲ တခုတည်းနဲ့တော့ ပြဿနာတွေ အားလုံးက ပြေလည်သွားမှာ မဟုတ်ပါဘူး။ ကိုယ့်အတွက် ခေါင်းဆောင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး၊ စစ်ဖက်ကနေ အရပ်ဖက် အုပ်ချုပ်ရေးအဖြစ် အပြည့်အ၀ အသွင်ကူးပြောင်းနိုင်ဖို့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလည်း လိုပါတယ်။”

သမ္မတ အိုဘားမား အနေနဲ့ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံရာမှာလည်း ရှေ့နှစ် ရွေးကောက်ပွဲအတွက် စီစဉ်ထားတာတွေ၊ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် အမေရိကန်လို အနောက်နိုင်ငံတွေက အကောင်းမြင်လွန်းနေတဲ့အကြောင်း သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီမှာပဲ သတိပေးထားတာပါ။

အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ Ben Rhodes ကတော့ ထိတွေ့ဆက်ဆံမှုတွေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်ထားတဲ့ အကြောင်း ပြောပါတယ်။ ဒါကြောင့်လည်း အခုခရီးစဉ်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ သာမက လူငယ်တွေနဲ့ပါ သမ္မတ အိုဘားမား ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံ အနာဂတ်အတွက် အလေးထားတာကြောင့်ရော၊ တကယ့်အခွင့်အလန်း ကောင်းတွေကိုပါ တွေ့နေရတာကြောင့်၊ ကျနော်တို့ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနေတယ် ဆိုတာကို သတင်းစကား ပါးနေရတာပါ။ ဒါပေမဲ့ အခွင့်အလန်းကောင်းကို လက်မလွတ်ဖို့ကတော့ လမ်းကြောင်းမှန်အတိုင်း ဆက်လျှောက်ဖို့နဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ စိန်ခေါ်မှုကြီးတွေကြောင့် လမ်းချော် မသွားဖို့လည်း လိုပါတယ်။”

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နောက်ထပ်စိန်ခေါ်မှုတွေ အဖြစ်နဲ့လည်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြေလည်မှု မရသေးတာတွေကိုလည်း သမ္မတအိုဘားမား ဆွေးနွေးမှာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ Ben Rhodes ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတာတွေ၊ မြန်မာအစိုးရက ဘင်္ဂါလီလို့ သတ်မှတ်ထားတဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားအဖြစ် လက်ခံနိုင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးဦးမှာပါ။ ဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းနေပေမဲ့ ငြိမ်းချမ်းရေး မရနိုင်သေးတာတွေကို ဆွေးနွေးမယ်လို့လည်း အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes က ဘေဂျင်းမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG