အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအချို့ကို သမတလုပ်ပိုင်ခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ရာမှာ၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာဖက်က လိုက်နာဖို့ ပိုပြီး အဓိကထား ဖိအားပေးရေး အမေရိကန်အစိုးရဖက်က ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့်တော့ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းဆိုင်ရာကိစ္စမှာပါ။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံမှုသစ်တွေ လုပ်ခွင့်ပြုလိုက်တဲ့အပေါ် မြန်မာနဲ့ပတ်သက်လို့ မူဝါဒပြောင်းလဲမှုတွေ မြန်လွန်းတယ်ဆိုပြီး အမေရိကန်နိုင်ငံတွင်းမှာတင် ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံထဲ ပြုပြင်ပြောင်းလဲမှုတွေဟာ အချိန်မရွေးနောက်ကြောင်းပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ အခြေအနေကို သိနေတဲ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သတိပေးထားလျက်နဲ့ ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံခွင့်ပေးလိုက်တဲ့အပေါ် ဝေဖန်နေကြပါတယ်။

ဂျော့တောင်းတက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာမိုက်ကယ် ဂရင်းကလည်း ဝါရှင်တန်ပိုစ်သတင်းစာမှာ သမတအိုဘားမားအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို ဝေဖန်ရေးသားခဲ့ပါတယ်။ အဓိကအချက်ကတော့ မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အနေနဲ့ IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာကျင့်ဝတ်သဘောတူညီချက်ကို လိုက်နာပါမယ်ဆိုတာကို ဖိအားပေးတာမျိုးအရင်မလုပ်ပဲနဲ့ MOGE နဲ့ လုပ်ကိုင်ခွင့်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ စောလွန်းတယ် မြန်ဆန်လွန်းတယ်လို့ သမတအိုဘားမား အစိုးရကို ဝေဖန်ထားတာပါ။

နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကလည်း ဒီအချက်ကို ထောက်ပြပါတယ်။ အခုလို အမေရိကန်အစိုးရရဲ့ အလျင်စလို ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံအပြောင်းအလဲဖြစ်စေဖို့ အရေးကြီးတဲ့ အခွင့်အလမ်းတရပ်ဆုံးရှုံးရတယ်လို့ HRW ရဲ့ စီးပွားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာ ညွန်ကြားရေးမှုး Arvind Ganesan က ဝေဖန်ပါတယ်။

“ MOGE မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းဟာ အများပြည်သူပိုင်ဘဏ္ဍာတွေ ဘယ်လိုသုံးစွဲနေတယ်ဆိုတာကို အပြည့်အ၀ ထုတ်ဖော် အသိပေးခြင်းမရှိပါဘူး။ ဒီနေရာမှာ သဘာဝဓါတ်ငွေ့ကရတဲ့ ဝင်ငွေတွေကို မြန်မာအစိုးရက ပြည်သူ့ဘဏ္ဍာထဲ မထည့်ခဲ့ပါဘူး။ ပြည်သူ့ဘဏ္ဍာထဲထည့်ဖို့က လုပ်ဆောင်ရမယ့် တာဝန်ပါ။ မလုပ်တဲ့အတွက် ပြည်သူတွေဖက်က ဒီ ဝင်ငွေတွေ ဘယ်လောက်ရှိမှန်းမသိရပါဘူး။ ဘယ်လို ခွဲဝေသုံးစွဲသလဲဆိုတာကို သက်ဆိုင်ရာကို မေးခွန်းမထုတ်နိုင်ကြပါဘူး။ ရှယ်ဗရွန်၊ တိုတယ် နဲ့ ထိုင်း PTTE တို့ဟာ ဒီစီမံကိန်းတွေမှာ မြန်မာအစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တဲ့အတွက်၊ နောက်ပြီး MOGE လို ထင်သာမြင်သာမရှိတဲ့ လုပ်ငန်းနဲ့ တွဲဖက်လုပ်နေသရွှေ့ သိက္ခာကျတဲ့အခြေအနေဖြစ်နေပါတယ်။ နိုင်ငံပိုင်ငွေတွေကို MOGE အနေနဲ့ ထုတ်ပြန်ကြေညာပေးတာမလုပ်တော့ ဒီကုမ္ပဏီတွေလည်း ကြံရာပါ ဖြစ်နေပါတယ်။ ဒါကြောင့် MOGE အနေနဲ့ အခုအခါမှာ ထင်သာမြင်သာရှိဖို့လိုပါတယ်။ IMF ရဲ့ ကျင့်ဝတ်ဆိုင်တွေကို လိုက်နာဖို့ အရင် သဘောတူညီမှုကို ရယူသင့်ပါတယ်။ အမေရိကန်အစိုးရက ဒါကို အရင်မလုပ်တော့ အရေးကြီးတဲ့ အခွင့်အလမ်းတရပ် ဆုံးရှုံးသွားတယ်လို့ ကျနော်ပြောရမှာပါ။”

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မလုပ်ခင်မှာ မြန်မာအစိုးရအနေနဲ့ IMF ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာကျင့်ဝတ်တွေကို အရင်ဆုံး သဘောတူလက်ခံဖို့ အရေးကြီးတယ်လို့လည်း Arvind Ganesan က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ IMF က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဘဏ္ဍာရေးနဲ့ပတ်သက်လို့ သဘာဝသယံဇာတ လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ထင်သာမြင်သာရှိဖို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းကို သတ်မှတ်ပေးခဲ့ပါတယ်။ အခြေခံအားဖြင့် MOGE လို နိုင်ငံပိုင်ကုမ္ပဏီတွေက သူတို့ဝင်ငွေဘယ်လောက်ရလဲ ထုတ်ပြန်ကြေညာပေးဖို့လိုသလို၊ ဘယ်လို သုံးစွဲသလဲ တာဝန်သိသိ သုံးမသုံး သိနိုင်ဖို့ စာရင်းစစ်တွေရဲ့ စစ်ဆေးမှုကို ခံရပါတယ်။ ဒါမှလည်း ဝင်ငွေကို မှန်မှန်ကန်ကန်သုံးစွဲတယ်ဆိုတာ အသေအချာ သိနိုင်မှာပါ။ ဒါဟာ ပြည်သူ့ဘဏ္ဍာငွေဖြစ်လို့ပါ။ ဒါကြောင့် မြန်မာအစိုးရက အခု IMF ကမ္ဘာဘဏ်အပြင် အခြားအစိုးရတွေနဲ့ လုပ်ကိုင်ရာမှာ ဒီ CODE OF CONDUCT ကို အရင် လိုက်နာဖို့လိုပါတယ်။ အခြားနိုင်ငံတွေက လာပြီး ရင်းနှီးမြုပ်နှံမှုမလုပ်ခင် ဒါကို အရင်လုပ်ဖို့လိုပါတယ်။ အကြောင်းကတော့ မြန်မာအစိုးရရဲ့ နောက်ကြောင်းရာဇဝတ်က စိတ်မချရလို့ပါ။”

မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးဖွံဖြိုးမှု စွမ်းအင်နဲ့ ပတ်ဝန်းကျင်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Hormats ကလည်း မြန်မာအစိုးရအနေနဲ့ ထင်သာမြင်သာရှိမှု တိုးတက်လုပ်ဆောင်ဖို့ ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တိုးမြင့်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် နိုင်ငံပိုင် ကုမ္ပဏီဖြစ်တဲ့ MOGE လို လုပ်ငန်းတွေကို ဆိုလိုပါတယ်။

လူ့အခွင့်အရေးကို ရိုသေလေးစားလိုက်နာဖို့အပြင်၊ စီးပွားရေးမှာ ထင်သာမြင်သာရှိရေး အရေးယူဆောင်ရွက်မှုဖြစ်တဲ့ EILIT နိုင်ငံတကာသဘောတူညီမှုအဖွဲ့မှာ မြန်မာအစိုးရက ပါဝင်ဖို့ကိုလည်း အလေးပေးတိုက်တွန်းထားပါတယ်။