မြန်မာပြည်တ၀ှမ်းက ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ ပြန်လည် ကျင်းပပြီး နိုင်ငံတော်သမ္မတက ရွေးချယ်တဲ့ ၀န်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်တွေကနေ အတည်ပြုခဲ့ပါတယ်။ အခုလို ရွေးချယ်ခန့်အပ်လိုက်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ၀န်ကြီးချုပ်တွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက စစ်တပ်အရာရှိဟောင်းတွေ အများစုဖြစ်ကြပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို ဇန်န၀ါရီလ ၃၁ ရက်နေ့က တရက်သာ ကျင်းပခဲ့ပြီး ရပ်ဆိုင်းထားခဲ့ရာက ဒီကနေ့မှာတော့ ဒုတိယမြောက်နေ့အဖြစ် ပြန်လည် ကျင်းပတာလည်း ဖြစ်ပါတယ်။
ဒီလွှတ်တော်အစည်းအဝေးတွေကို မနက် ၁၀ နာရီမှာကျင်းပခဲ့ပြီး သမ္မတက ရွေးချယ်တင်သွင်းတဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို လွှတ်တော်က အတည်ပြုကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီကနေ့ ကျင်းပတဲ့အခြေအနေကိုတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးအောင်မြတ်ကျော်က အခုလို ပြောပါတယ်။
“အဓိကက သူတို့ ဖတ်ပြတာပါပဲ။ ပထမဆုံး ၀န်ကြီးချုပ် ရွေးတယ်လို့သာ ပြောတာပါပဲ။ သမ္မတက တင်သွင်းတဲ့ဟာ ဟိုဟာလုပ်တာပါပဲ။ ဦးလှမောင်တင်ကို ရွေးတယ်။ ကြံ့ခိုင်ရေးပါတီကပါ။ ၀န်ကြီးချုပ် ရွေးတယ်။ ပြီးရင် ၀န်ကြီးဌာန အရေအတွက်ကို ကြေညာတယ်။ အဲဒါပါပဲ။ ၂ ခုပါပဲ။ ၀န်ကြီးဌာနကတော့ ၉ ဌာန ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ ဦးလှမောင်တင်ဟာ အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်း တယောက်လည်း ဖြစ်ပါတယ်။
ဝန်ကြီးဌာန ၉ ခုအတွက် ၀န်ကြီးတွေကိုတော့ လာမယ့်တနင်္လာနေ့မှာ ရွေးချယ်နိုင်တယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။
ဒီကနေ့သတ်မှတ်လိုက်တဲ့ ၀န်ကြီးဌာနတွေကတော့ လုံခြုံရေး၊ လယ်ယာစိုက်ပျိုးရေး၊ သာသနာရေး၊ ပို့ဆောင်ရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး၊ လူမှုဝန်ထမ်းနဲ့ ယဉ်ကျေးမှု၊ စက်မှုနဲ့ အားကစား စတဲ့ဌာနတွေဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကတော့ မနက် ၁၀ နာရီမှာစတင်ပြီး ၁၀ နာရီခွဲလောက်မှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗိုလ်မှူးချုပ်ဟောင်း ဦးဟုန်းငိုင်ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောပါတယ်။ ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးမှာတော့ အချေအတင် ဆွေးနွေးတာတွေရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“၀န်ကြီးဌာန သူတို့ကြေညာလိုက်တယ်လေ။ အဲဒီမှာ ဆွေးနွေးစရာရှိသလားပေါ့။ ကျနော်ကတော့ ကျနော်တို့ ချင်းပြည်နယ်အတွက် အင်မတန်လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ၀န်ကြီးဌာနတခု မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီဟာကို ကျနော်တို့ ဥက္ကဋ္ဌကြီးကတဆင့် သမ္မတကိုတင်ပြဖို့ ကျနော်တို့ အဆိုတင်သွင်းလိုက်တယ်။ အခု အခြေအနေမှာ မဖြစ်နိုင်ရင်တောင်မှ next term တွေ အတွက် မရှိမဖြစ် ကျနော်တို့ ချင်းပြည်နယ်အတွက် လိုအပ်ပါတယ်။
မြန်မာနိုင်ငံအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်၊ အဲဒါ သမ္မတကြီးဆီကို အရောက်ပို့ပေးပါဆိုပြီး ကျနော် အဆိုသွင်းတယ်။ အဲဒီကိစ္စလည်း သူတို့ဆီက နှစ်ယောက်လောက်က ကျနော့်ကို ကန့်ကွက်တယ်။ ကျနော် ထပ်ပြီးချေပလိုက်တယ်။ တချို့ အဆိုသွင်းတဲ့ကိစ္စတွေလည်း ရှိတယ်။ ကျနော်တို့ ချင်းအမျိုးသားပါတီအနေနဲ့ပဲ အဆိုတွေ တင်သွင်းထားတာ။ နောက်ဆုံးတော့ အနည်းနဲ့ အများစုတော့ ကျနော်တို့ဘက်က အားမတန် မာန်လျှော့လိုက်ရတာပေါ့ဗျာ။ ကျနော် လွှတ်တော်ထဲမှာ အားရပါးရ ပြောနိုင်တယ်။ အဆိုတင်သွင်းနိုင်တယ်။ အဲဒါအတွက် ကျနော် ၀မ်းသာပါတယ်။”
ဒီကနေ့ကျင်းပတဲ့ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးကတော့ မိနစ် ၅၀ လောက် ကြာမြင့်ခဲ့တယ်လို့ ပူးဇိုဇမ်က ပြောပါတယ်။
ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးကတော့ နိုင်ငံတော်သမ္မတရွေးချယ်လိုက်တဲ့ ပင်းတယ မဲဆန္ဒနယ် အမှတ် (၁) က ဦးစိုင်းအောင်မြတ် ကို အတည်ပြုခဲ့ပါတယ်။ ဦးစိုင်းအောင်မြတ်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးဖြစ်သလို စစ်တပ် အငြိမ်းစားယူခဲ့တဲ့ ဗိုလ်မှူးဟောင်း တယောက် ဖြစ်တယ်လို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ပြည်နယ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလူမျိုးစုပါတီတွေဟာ သက်ဆိုင်ရာ ပြည်နယ်အတော် များများမှာ အများစု အနိုင်ရခဲ့ပေမဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့ကအင်အားကို မယှဉ်နိုင်တာကြောင့် ပြည်နယ်အစိုးရတွေကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဦးဆောင်ဖွဲ့စည်းနိုင်တာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
ဒီရက်ပိုင်းတွေအတွင်း နိုင်ငံတော်သမ္မတက တင်သွင်းလိုက်တဲ့ ပြည်ထောင်စုအစိုးရရဲ့ ၀န်ကြီးဌာနတွေ မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ အဓိက လွှမ်းမိုးထားတာဖြစ်ပါတယ်။