နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေးအတွက် ခုံရုံးမှာခန့်ထားမယ့် အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရွေးကောက်ခံသမ္မတ တင်သွင်းထားခဲ့တဲ့ ၀န်ကြီးအဖွဲ့ဝင် အယောက် ၃၀ ရဲ့ အမည်စာရင်းကိုလည်း ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ပြန်လှန် ဆွေးနွေးသူမရှိ၊ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ လွှတ်တော် အစည်းအဝေးတက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်း က ဆက်ပြောပြပါမယ်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး (Constitutional Tribunal of the Union) ဖွဲ့စည်းရေးကိစ္စကို ၂၀၀၈ ခုနှစ်အခြေခံဥပဒေထဲမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။ အခု ခုံရုံးမှာပါဝင်မယ့် အဖွဲ့ဝင် ကိုးဦးရဲ့ အမည်စာရင်းကို သမ္မတက သုံးယောက်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သုံးယောက်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သုံးယောက်စီ တင်သွင်းခဲ့တာပါ။ အဲဒီ ၉ ယောက်ထဲမှာ ထိပ်ဆုံးက ပါလာတာကတော့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ စစ်ဥပဒေချုပ်ဟောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိုးဖြစ်ပါတယ်။
စာရင်းအရဆိုရင် စစ်ဗိုလ်ဟောင်းနှစ်ယောက်ပါပြီး ကျန်တာကတော့ အရပ်သားတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ဦးသိန်းစိုးက ခုံရုံး ဥက္ကဋ္ဌ ဖြစ်မယ့်အလားအလာ ရှိနေတာကြောင့် ဒီခုံရုံးဟာ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်နိုင်မှာလဲဆိုတာ အတော့်ကို သံသယဖြစ်စရာပါ။
အခု မြန်မာနိုင်ငံရဲ့အခြေအနေဟာ စနစ်ပြောင်း၊ လူမပြောင်း၊ ပါတီစုံဒီမိုကရေစီကို သွားနေတယ် ဆိုတာကြောင့် အရင် စစ် ဗိုလ်ချုပ်ဟောင်းတွေ ဘယ်လိုလုပ်လာမယ် ဆိုတာ အကဲဖြတ်ဖို့ လိုသေးတယ်လို့ လွှတ်တော်အစည်းအဝေးတွေ တက်ရောက် နေတဲ့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရှေ့နေ ဦးသိန်းညွန့်က ဗွီအိုအေကိုပြောပါတယ်။
“ဗိုလ်ချုပ်ဟောင်းတွေက အခု ပါတီစုံ ဒီမိုကရေစီစနစ်အောက်မှာပေါ့ဗျာ။ စည်းကမ်းပြည့်တဲ့ ဒီမိုကရေစီပဲပြောပြော၊ guided democracy ပဲ ပြောပြောပေါ့ဗျာ။ ဒီစနစ်အောက်မှာ သူတို့တွေရဲ့ ရပ်တည်ချက်နဲ့အမြင်တွေ ဘယ်လိုပြောင်းလဲလာမယ် ဆိုတာကိုတော့ ကျနော်တို့ အကဲဖြတ်ဖို့လိုပါတယ်။ အနည်းဆုံးတော့ နိုင်ငံတကာမှာလိုပေါ့။ ရွေးကောက်တင်မြှောက်ထားပြီး လုပ်ကိုင်ခွင့်ရတဲ့သူတွေကို ရက်ပေါင်း ၁၀၀ တော့ အနည်းဆုံး ကျနော်တို့ စောင့်ကြည့်ရမှာပဲဗျ။”
စာရင်းထဲမှာ လက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တရားရုံးချုပ် တရားသူကြီးဟောင်း ဒေါက်တာ တင်အောင်အေးလို ထင်ရှားတဲ့ပုဂ္ဂိုလ်ပါဝင်ပြီး ကျန်သူတွေကတော့ ဥပဒေဘွဲ့ တမျိုးမဟုတ်တမျိုး ရထားကြတဲ့ တိုင်းဥပဒေအရာရှိနဲ့ ညွှန်ကြားရေးမှူးအဆင့် အရပ်ဘက်ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။
ဒီခုံရုံးဟာ ဥပဒေအရပြောရင်တော့ ကျန်တဲ့အာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကနေ ကင်းလွတ်ပြီး အခြေခံဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လွတ်လွတ်လပ်လပ် လုပ်ဆောင်ရမယ့်အဖွဲ့အစည်းဖြစ်ပေမဲ့ တကယ် တမ်း လုပ်ဆောင်ချက်ကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ဦးသိန်းညွန့်ကပြောပါတယ်။
“လက်တွေ့လုပ်တာမလုပ်တာကတော့ ကျနော်တို့လည်း ခုမှဒီကိစ္စက အသစ်အဆန်းဆိုတော့ စောင့်ကြည့်ရမှာပေါ့။ ကျနော်ကိုယ်တိုင်လည်း ရှေ့နေလိုင်စင် ပြန်ရပြီဖြစ်တော့ အဲဒီရုံးတွေနဲ့ဆိုင်တဲ့အမှုတွေ ဘာတွေကို လက်တွေ့လိုက်တဲ့အခါ ကျလို့ရှိရင်တော့ ကျနော် အတိအကျဖြေနိုင်ပါတယ်။ ဒီအချိန်မှာတော့ ကျနော် ဒီလောက်ပဲ ဖြေပါရစေ။”
အခြေခံဥပဒေပါအချက်တွေကို အနက်အဓိပ္ပာယ်ဖွင့်တာကို လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ တရားလွှတ်တော်ချုပ်ကို လုပ်ပိုင်ခွင့်ပေးထားခဲ့ပြီး ၁၉၇၄ အခြေခံဥပဒေမှာတော့ ပြည်သူ့လွှတ်တော်က တိုက်ရိုက် အာဏာယူထားခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲခဲ့ချိန် တုန်းက ၇၄ အခြေခံဥပဒေပါ အချက်တွေနဲ့ စွဲခဲ့တာကြောင့် ဖျက်သိမ်းထားတဲ့ဥပဒေ၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုမယ့်အဖွဲ့အစည်း မရှိတော့တဲ့ဥပဒေနဲ့ စွဲဆိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ချေပ လျှောက်လဲခဲ့ကြတာပါ။
အခုဖွဲ့စည်းမယ့်ခုံရုံးကတော့ နိုင်ငံတ၀န်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတာတွေအပြင် အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဘယ်လို လုပ်ဆောင်မှုမျိုးပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ စိစစ်မှာဖြစ်သလို စောဒကတက် တိုင်ကြားတာတွေကိုလည်း လက်ခံကြားနာမှာဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ပတ်သက်ရင် ဒီခုံရုံးရဲ့ အဆုံးအဖြတ်ဟာ နောက်ဆုံး အတည်ပဲဖြစ်တယ်လို့ ဦးသိန်းညွန့်က ရှင်းပြပါတယ်။
ဒီကနေ့ လွှတ်တော်အစည်းအဝေးအတွင်း ၉ ရက်နေ့မှာ သမ္မတကတင်သွင်းထားတဲ့ ၀န်ကြီး အယောက် ၃၀ စာရင်းကို ကန့်ကွက် ဆွေးနွေးသူမရှိ အတည်ပြုခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
“ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ တင်သွင်းတဲ့ အယောက် ၃၀ ကို ဥပဒေ အထောက်အထားနဲ့အညီ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ကြေညာလိုက်ပါတယ်။ သူပြောတာကတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဥပဒေ အထောက်အထားနဲ့အညီ ကန့်ကွက်သူမရှိသောအတွက်လို့ ပြောပါတယ်။ ကန့်ကွက်ချင်တယ်ဆိုလို့ရှိရင်လည်း ကိုယ်က ဥပဒေ အထောက်အထား အချက်အလက်တွေ ရှာရမယ်ပေါ့။ ဥပဒေ အထောက်အထား အချက်အလက်တွေ မရှိတဲ့အခါကျတော့ ကန့်ကွက်လို့မရဘူးပေါ့ဗျာ။”
ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်သူတွေအနေနဲ့ အမည်စာရင်းမှာပါတဲ့ ၀န်ကြီးတဦးဦးဟာ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မပြည့်စုံကြောင်း သက်သေပြရမှာဖြစ်ပြီး လက်တွေ့မှာ သက်သေပြဖို့ အတော်ခက်ခဲတယ်လို့ ဦးသိန်းညွန့်က ရှင်းပြပါတယ်။
လွှတ်တော်အစည်းအဝေးတွေကို ပြည်ထောင်စုနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ နားထားမှာဖြစ်ပြီး ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနဲ့ ညစာစားပွဲတွေတက်ရောက်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားထား ပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက် တနင်္လာနေ့မှာ အစည်းအဝေးတွေပြန်စပြီး ဒီကနေ့တင်သွင်းထားတဲ့ အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်တွေကို အတည်ပြုမပြု ဆုံးဖြတ်မှာဖြစ်ပါတယ်။