သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်နှစ်ရပ် ရုတ်တရက် ဆိုင်းငံ့


လွှတ်တော်နှစ်ရပ် ရုတ်တရက် ဆိုင်းငံ့
လွှတ်တော်နှစ်ရပ် ရုတ်တရက် ဆိုင်းငံ့

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်က တနင်္ဂနွေနေ့မှာ ပြန်လည် ရောက်ရှိလာပြီးတဲ့နောက် ဒီကနေ့ တနင်္လာနေ့မှာ ကျင်းပဖို့ရှိနေတဲ့ တတိယအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးကို ရုတ်တရက် ဆိုင်းငံ့လိုက်ပါတယ်။ ဥပဒေရေးရာ ပူးပေါင်းကော်မတီတွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ လွှတ်တော် ကိစ္စရပ်တွေ ညှိနှိုင်းနေကြတယ် လို့လည်း လွှတ်တော် အမတ် အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်လုံး ပူးပေါင်း ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်ကို တနင်္လာနေ့မှာ ကျင်းပဖို့ ရှိနေပေမဲ့ တနင်္ဂနွေနေ့ မှာ ဆိုင်းငံ့ကြောင်း လွှတ်တော်အမတ်တွေကို ရုတ်တရက် အကြောင်းကြားလာတာ ဖြစ်ပါတယ်။ လွှတ်တော် ရုတ်တရက် ဆိုင်းငံ့လိုက်ချိန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်က ပြန်ရောက်လာချိန်လည်း ဖြစ်ပါတယ်။ လွှတ်တော်ကို ရုတ်တရက် ဆိုင်းငံ့လိုက်ပေမဲ့ လွှတ်တော် ဥပဒေရေးရာ ကော်မတီတွေနဲ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ညှိနှိုင်းနေကြတယ်လို့လည်း အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ဒီနေ့က နားလိုက်တယ်ဗျ။ ကျနော်ထင်တယ် အဲဒီ တရုတ်ပြည်က ပြန်လာတဲ့ သူရ ဦးရွှေမန်းနဲ့ သူတို့ ညှိနှိုင်းနေကြတယ်လို့ ကျနော် ထင်ပါတယ်။ ဒီနေ့ သူတို့ ပူးပေါင်း ကော်မတီတွေ ညှိနေတယ်လို့ ကြားပါတယ်။ ဥပဒေရေးရာ ပူးပေါင်း ကော်မတီကို သူတို့ ခေါ်ထားတယ်။ နောက်… ၁၂ နာရီလောက်မှာပဲ အမျိုးသား လွှတ်တော်မှာ ခေါ်ထားပါတယ်။”

လွှတ်တော် ပုံမှန် အစည်းအဝေးကို ရုတ်တရက် ဆိုင်းငံ့လိုက်တာကို တရားဝင် အကြောင်းကြားပေမဲ့ ဘာကြောင့် ဆိုင်းငံ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ လွှတ်တော် အမတ်တွေကို ရှင်းလင်းပြခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနဲ့ ၂၀၁၂ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေရေး ဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် ပြီးတဲ့နောက် သမ္မတ လက်မှတ်နဲ့ ဥပဒေအဖြစ် အတည်ပြုလိုက်တဲ့ ကိစ္စတော့ ရှိတယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောပါတယ်။ တနင်္လာနေ့မှာ ပြည်ထောင်စု လွှတ်တော် ကျင်းပဖို့လည်း ပြီးခဲ့တဲ့ သောကြာနေ့က ဆွေးနွေးမယ့် အကြောင်းအရာတွေ ပေးထားပြီး ဖြစ်တဲ့အကြောင်း ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက အခုလို ပြောပါတယ်။

“ပြည်သူ့ ရုံးခန်းငွေစာရင်း ကိုဓ ဥပဒေတွေကို ပြဌာန်းခြင်းများကို ပြင်ဆင်ရန်နှင့် ပြန်လည် ပုံနှိပ်နိုင်ရန် ပြည်ထောင်စု အစိုးရသို့ ဖိတ်ကြားသည့် အဆိုတစ်ခု ပါတယ်။ နှစ်စဉ် အမျိုးသား စီမံကိန်း ဥပဒေကို တတ်နိုင်သမျှ စောစီးစွာ တင်ပြရန်နှင့် နောက်လာမည့် ဘဏ္ဍာရေးနှစ်အတွက် ဥပဒေကြမ်းကို ၊ “လုပ်ငန်း ဌာန ကိုဓ ဥပဒေနဲ့ ပြည်သူ့ လုပ်ငန်း ငွေစာရင်း ကိုဓ ဥပဒေကို ပြဌာန်းချက်များကို ပြင်ဆင်ရန်နှင့် စာအုပ်များကို ပြန်လည် ပုံနှိပ်နိုင်ရန် ပြည်ထောင်စု အစိုးရကို တင်သွင်းတဲ့ အဆိုတစ်ခု ပါတယ်။ နှစ်စဉ် အမျိုးသား စီမံကိန်း ဥပဒေကို တတ်နိုင်သမျှ စောစီးစွာ တင်ပြရန်နှင့် နောင်လာမယ့် ဘဏ္ဍာရေးနှစ် အတွက် ဥပဒေကြမ်းကို တင်ပြရန် လည်းကောင်း၊ အထောက်အထား ရှင်းလင်းချက် အပြည့်အစုံကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြရန်နှင့် နောက်တစ်ခုကတော့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းပေါ့လေ၊ အဲဒီ ဥပဒေကြမ်းကို ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်မှာ အတည်ပြုမှာပါ ခင်ဗျာ။”

အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေ ပြန်ပြီး ကျင်းပမလား ဆိုတာလည်း တိတိကျကျ မသိရသေးဘူးလို့လည်း လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ဦးသိန်းညွှန့်က ပြောပါတယ်။

“ကျနော်တို့ မူလ ပေးထားတဲ့ လျာထားချက်အရ ဒီနေ့ တနင်္လာနေ့မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပဖို့ရှိတယ်။ ဒါပေမဲ့ မနေ့ညက ကျနော်တို့ ဒီကိုပြန်ရောက်တဲ့ ညပိုင်းမှာ အစည်းအဝေး မရှိတော့ဘူးဆိုတာ သိရတယ်။ မနက်ကတော့ ဒီမှာ အရင်ရောက်နေတဲ့သူတွေ ပြောလို့သိတယ်။ အဲဒါပါပဲ။ အခုချိန်ထိတော့ ကျနော်တို့ဆီကို အစီအစဉ် လျာထားချက်တွေ ပေးပို့လာခြင်း မရှိသေးဘူး။ အခုချိန်ထိတော့ ရောက်မလာသေးပါဘူး။”

အခု ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်မှာ လာမယ့် ၂၀၁၂-၂၀၁၃ နိုင်ငံတော် ဘတ်ဂျက်ကို ဆွေးနွေး အတည်ပြုဖို့ ရှိသလို လွှတ်တော် အမတ်များ ဥပဒေကိုလည်း ဆွေးနွေးကြဖို့ ရှိနေတာပါ။ လွှတ်တော် အမတ်တွေရဲ့ ရပိုင်ခွင့်တွေ အဖြစ် အခမဲ့ ခရီးသွားလာခွင့်၊ အခမဲ့ ဆေးကုသခွင့် စတာတွေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာ ရုံးခန်းဖွင့်ပိုင်ခွင့်၊ ဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခွင့်တွေလည်း ဆွေးနွေးကြဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်ပြည် ခရီးစဉ် မတိုင်ခင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူလူထုရဲ့ လုပ်ခ လစာ တိုးမြှင့်ပေးဖို့၊ နိုင်ငံတော်မှာ အကြွေးထူနေတဲ့အတွက် မလိုအပ်တဲ့ စီမံကိန်းတွေကို ဖျက်သိမ်းဖို့ လာမယ့် နိုင်ငံတော် ဘတ်ဂျက်မှာ ထည့်သွင်း ရေးဆွဲကြဖို့ သူက ပြောဆိုခဲ့ပါသေးတယ်။ အခုလို လွှတ်တော် အစည်းအဝေးတွေ ခေါ်ယူပြီးမှ ရုတ်တရက် ဆိုင်းငံ့လိုက်တာ ကတော့ လွှတ်တော် သက်တမ်း အတွင်းမှာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG