သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တွင်း လှုပ်ရှားမှုအတွက် အနိုင်ရပါတီများ ပြင်ဆင်


လွှတ်တော်တွင်း လှုပ်ရှားမှုအတွက် အနိုင်ရပါတီများ ပြင်ဆင်
လွှတ်တော်တွင်း လှုပ်ရှားမှုအတွက် အနိုင်ရပါတီများ ပြင်ဆင်

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ခေါ်ယူပြီးတဲ့နောက် လွှတ်တော်အတွင်းကနေ တိုင်းပြည်အတွက် လိုအပ်ချက်တွေ၊ ဥပဒေပြုရေးကိစ္စတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အနိုင်ရထားတဲ့ ဒီမိုကရက်ပါတီတွေက ပြင်ဆင်နေကြပါတယ်။ လွှတ်တော်ထဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းတွေ အားနည်းပေမဲ့လည်း ရှိတဲ့အင်အားနဲ့စုစည်းပြီး လွှတ်တော်ထဲမှာ လူထုအသံကို ကိုယ်စားပြုနိုင်အောင် လုပ်ဆောင်မယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မကြာခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲစဝင်ဖို့ ဆုံးဖြတ်ကတည်းက သူတို့လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို လွှတ်တော်အတွင်းကနေ ကြိုးပမ်း ဆောင်ရွက်ကြမယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိထားတာကြောင့် လွှတ်တော်ခေါ်တဲ့အခါ တက်ကြဖို့ ပြင်ဆင်နေကြတာပါ။ သူတို့အနေနဲ့ လွှတ်တော်ကိုတက်မယ့်အကြောင်း NDF ဒီမိုကရက်တစ်အင်အားစုပါတီရဲ့ သဘောထားနဲ့ပတ်သက်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲမှာ ဥပဒေပြုအာဏာထဲမှာ ဝင်ရောက်ပါဝင်ဖို့ ရည်ရွယ်ချက်နဲ့ဝင်တာကိုး။ လွှတ်တော်ထဲမှာ ကျနော်တို့ ရသလောက် ဆောင်ရွက်သွားမှာပါ။ လူနည်းစုဖြစ်သော်လည်း ပြည်သူ့အသံကို ထင်ဟပ်ပြီးတော့ လူနည်းစုရဲ့ အသံကနေပြီးတော့ ပြည်သူ့အကျိုးကို ထမ်းဆောင်ရွက်သွားဖို့ ဆက် လုပ်ကိုင်ကြရမှာပါပဲ။”

တဖက်မှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အတွင်းမှာ အင်အားကြီးလွန်းနေတော့ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ အဆင်ပြေ ချောမွေ့မှု ရှိပါ့မလား။ -

“ဥပဒေပြုရေးတာဝန် တကယ်ဖြစ်မြောက်ရေး တာဝန်ကတော့ အများစုအနိုင်ရတဲ့ပါတီအပေါ်မှာ ရောက်သွားပြီပေါ့။ သို့သော်လည်းပဲ ကောင်း၏မကောင်း၏ တော်၏မတော်၏ ဆိုတာကို ကျနော်တို့က လွှတ်တော်ထဲမှာ ပြည်သူကြားအောင် ကမ္ဘာကြားအောင် ပြောနိုင်ခွင့် ရသွားပြီ။ သဘောကတော့ လမ်းမပေါ်မှာ လက်ဖက်ရည်ဆိုင်တွေမှာ ညည်းတွားနေတမယ့်အစား ပြည်သူတွေ တကယ်လိုတာတွေကို ကျနော်တို့က ထောက်ပြဝေဖန်သွားမှာပဲ။”

သူတို့ပါတီကနေ လွှတ်တော်ထဲသွားကြမယ့် အမတ်တွေအနေနဲ့ ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာ ကျင့်သုံးဖို့အတွက် တတ်နိုင်သလောက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီလို့လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။

“လွှတ်တော်ထဲကိုသွားမယ့် ပုဂ္ဂိုလ်တွေကိုတော့ ကျနော်တို့က ပါတီမူဝါဒတွေနဲ့ တပြေးညီဖြစ်နိုင်အောင် ကျနော်တို့က ပြောကြားသွားဖို့ အစီအစဉ်ရှိပါတယ်။ သူတို့ဆီကလည်း ကျနော်တို့ ကတိခံဝန်ခွင့်တွေကို ယူဖို့ ကျနော်တို့လုပ်သွားဖို့ စဉ်းစားထားတာလည်း ရှိပါတယ်။ ဘာတွေ လုပ်ရမယ်ဆိုတာ၊ ဘယ်လို အဆိုမူကြမ်းတွေ တင်သွင်းရမယ်ဆိုတာလည်း ကျနော်တို့ အထိုက်အလျောက် ပြုစုပြီးဖြစ်ပါပြီ။ အချိန်တန်တဲ့အခါ လွှတ်တော်ထဲမှာ သွားမယ့်သူတွေရော၊ ရွေးကောက်ပွဲမှာ အနိုင်မရဘဲ ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တွေရော ကျနော်တို့ တာဝန်တွေ ခွဲဝေဖို့ ကျနော်တို့ ပြန်ပြီး ဆုံကြဦးမှာ ဖြစ်ပါတယ်။”

စစ်အစိုးရ ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရဆိုရင် ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ကို ခေါ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလွှတ်တော် ခေါ်ယူပြီးတဲ့နောက်ပိုင်းမှာတော့ လက်ရှိတပ်မတော်အစိုးရဟာ နိုင်ငံတော်အာဏာကို ပြည်သူ့လွှတ်တော်ကို လွဲပြောင်းပေးရမှာ ဖြစ်ပေမဲ့ လက်ရှိ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ခေါင်းဆောင်တွေဟာ ဘယ်အချိန်မှာ ရာထူးက ဆင်းပေးမယ်ဆိုတာကိုတော့ အတိအလင်း ဖော်ပြထားခြင်း မရှိပါဘူး။ RNDP ရခိုင်အမျိုးသား တိုးတက်ရေးပါတီအနေနဲ့ကတော့ ဘက်ပေါင်းစုံက ချွတ်ခြုံကျနေတဲ့ ရခိုင်လူမျိုးတွေရဲ့ဘဝတွေ မြင့်တင်နိုင်ရေးအတွက် လွှတ်တော်အတွင်းကနေ စွမ်းဆောင်သွားမှာဖြစ်ပေမဲ့ ဘယ်လောက်အထိ ရနိုင်မလဲဆိုတာတော့ မသေချာဘူးလို့ ပါတီအတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။

“ကျနော်တို့က ဘက်ပေါင်းစုံ ချွတ်ခြုံကျနေတဲ့ ဘက်ပေါင်းစုံ ဖိစီးခံနေရတဲ့ ရခိုင်အမျိုးသားတွေ ဂုဏ်သိက္ခာရှိရှိ ခေါင်းမော့လာနိုင်ဖို့အတွက် development ရယ်၊ နောက်တခုက စစ်မှန်တဲ့ ပြည်ထောင်စုပေါ့ဗျာ၊ တန်းတူရေးရယ်၊ နောက်တခုက democratization ပေါ့။ အဲဒီသုံးခုကို ပါတီပေါ်လစီမူအရ ကျနော်တို့ ချမှတ်ထားတယ်လေ။ အဲဒါတွေကိုပဲ ကျနော်တို့ လွှတ်တော်ထဲမှာ ကိုယ့် program တွေနဲ့ ကျနော်တို့ အကောင်အထည် ဖော်သွားမှာပါ။ အဲဒီတော့ ရတယ်မရဘူးဆိုတဲ့ အပိုင်းကတော့ဗျာ ကျနော်တို့ struggle လုပ်ရမယ့်အပိုင်းတွေ အများကြီး ကျန်သေးတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေနဲ့ကတော့ အခု အာဏာပိုင်တွေဖက်က ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပေမဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေ အပြည့်အ၀ အကောင်အထည် ဖော်နိုင်မယ်လို့ မထင်တဲ့အကြောင်း ယာယီအတွင်းရေးမှူး စောသန်းမြင့်က ပြောပါတယ်။

“နိုင်ငံတော်က ဒီအနေအထားအတိုင်း လုပ်ထားပြီးပြီဆိုတော့ ကျနော်တို့လည်း သွားရမှာပဲခင်ဗျ။ ကျနော်တို့လူတွေရဲ့ ဆန္ဒအပြည့်အ၀ ရနိုင်မယ်လို့တော့ ဒီတကြိမ်မှာ ကျနော်တို့မထင်ဘူးခင်ဗျ။ ဒါပေမဲ့ ကျနော် ထင်ပါတယ် မရတာနဲ့စာရင်တော့ အများကြီးရလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်ခင်ဗျ။”

ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီ ၅ ပါတီကတော့ လွှတ်တော်အတွင်းမှာ တိုင်းရင်းသားတွေ အရေးကိစ္စကို အတူ ညှိနှိုင်းလုပ်ဆောင်ကြဖို့ တိုင်ပင်ထားပြီးသားဖြစ်တယ်လို့လည်း စောသန်းမြင့်က ပြောခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေက လွှတ်တော်ခေါ်တဲ့အခါမှာ တက်ကြဖို့ အခုလို စီစဉ်နေပေမဲ့လည်း တဖက်မှာ ရွေးကောက်ပွဲ မဲမသမာမှုတွေအပေါ် တိုင်ကြားထားတာတွေကလည်း ရှိနေပြန်တဲ့အတွက် အဲဒီကိစ္စတွေကိုတော့ လွှတ်တော်ကျင်းပနေတဲ့ အချိန်မှာပဲ ဥပဒေလမ်းကြောင်းအရ ဆက်လက် ရင်ဆိုင်သွားမှာဖြစ်တယ်လို့ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“အဲဒါတွေကတော့ဗျာ။ ပါလီမန်ခေါ်ပြီးတော့ ပါလီမန်ကိုတက်တဲ့အချိန်မှာတောင် ဒီကိစ္စတွေက တရားမမှုသဘောမျိုး ဖြစ်သွားတာကိုး၊ အဲဒီတော့ ဒီရွေးကောက်ပွဲမတိုင်ခင်မှာကို တဦးချင်း တိုင်ကြားတာတွေလည်း ရှိတယ်လေ။ ပါတီကလည်း ကန့်ကွက်လွှာ တင်ထားတာရှိပါတယ်။ အဲဒါတွေကတော့ တရားရုံးကအလုပ်ဆိုတော့ ကြာရင်လည်း ကြာမယ်။ မြန်ရင်လည်း မြန်မယ်ပေါ့။ ပါလီမန်ခေါ်တဲ့ကာလမှာ အဲဒီ ပါလီမန်မှာတက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ တရစ်ချင်းဖြေရှင်းသွားရင်တော့ ဖြုတ်ပစ်ရမှာပဲလေ။ အဲဒီ chance တွေရှိပါတယ်။”

NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောပြခဲ့တာပါ။

XS
SM
MD
LG