သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီမဖေါ်ဆောင်နိုင်


စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီမဖေါ်ဆောင်နိုင်
စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီမဖေါ်ဆောင်နိုင်

မြန်မာစစ်အစိုးရက စိတ်ကြိုက် ရွေးချယ်ခန့်အပ်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အမည်စာရင်းကို မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ ဒီကိုယ်စားလှယ်တွေဟာ စစ်တပ်ကလာတဲ့ သူတွေ ဖြစ်တဲ့အတွက် စစ်တပ်ထဲကအတိုင်းပဲ အထက်ကညွန်ကြားတဲ့အတိုင်း လိုက်လုပ်ကြမယ့် ကိုယ်စားလှယ်တွေဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပတော့မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း ဒေသကြီးလွှတ်တော်တွေအတွက် စစ်တပ်က ရွေးချယ်ခန့်အပ်ဖို့ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကိုယ်စားလှယ် ၃၈၈ ယောက်ရဲ့ အမည်စာရင်းကို စစ်အစိုးရက မနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီမိုကရေစီစံနစ်ဖော်ဆောင်ရေးအတွက် လမ်းပြမြေပုံ ၇ ချက်ချမှတ်ပြီး အကောင်အထည်ဖော်နေတဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ လွှတ်တော်ခေါ်ရေးအဆင့်ကို ရောက်လာနေပြီဖြစ်ပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ စစ်မှန်တဲ့ဒီမိုကရေစီစံနစ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အထက်က ညွန်ကြားချက်ကိုပဲ နာခံကြရမှာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ NLD ပါတီရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ပြောပါတယ်။

“အမှန်ကတော့ဗျာ၊ တပ်ဆိုတာကတော့ အမိန့်နာခံတာပဲရှိတာကိုးဗျ။ အဲတော့ အမိန့်နာခံတာနဲ့ ပတ်သက်လို့ အထက်က အကြီးအကဲပုဂ္ဂိုလ်က ဘာလုပ်ရမယ်လို့ပြောလိုက်ရင် လုပ်ပေးကြရမှာပေါ့။ အဲဒီအတိုင်းပဲ သွားတာပဲလေ။ စဉ်းစားတာ၊ ဆွေးနွေးတာတော့ ရှိရင်ရှိမယ်ပေါ့။ ဒါပေမဲ့ ရှိသော်လည်း စစ်ဗိုလ်ကြီးက ထိပ်တန်းကပုဂ္ဂိုလ်ကြီးက လွှတ်တော်ကို ကြီးစိုးတာမျိုးဆို ဘယ်ကောင်းမလဲ။ အခုပုံစံ ကတော့ လွှတ်တော်ကို ပြည်သူလူထုက ထိန်းချုပ်ရမဲ့အစား ပြည်သူလူထုနဲ့တကွ အားလုံးကို လွှတ်တော်က ကြီးစိုးရမယ့်ပုံ ဖြစ်နေတော့ အဲဒီ သူ့ရဲ့ သဘောသဘာ၀ ဆုံးဖြတ်ချက်အပေါ် မူတည် ပြီးတော့ ကျန်တဲ့သူတွေကလည်း အကုန်လုံး လက်ညှိုးထောင် ခေါင်းညိတ်ရတော့မယ့်သဘောပဲ။ ဒါကြောင့်မို့ ကျနော်ပြောပါတယ်။ ဒီဥစ္စာက ပုံသဏ္ဍာန်အားဖြင့်ဆိုရင်တော့ စစ်ရဲ့ ပုံသဏ္ဍာန်ပါပဲလို့။ သိပ်တော့ ထူးခြားနားမှာမဟုတ်ပါဘူး ဆိုတာကို ကျနော် ပြောထားပြီးသားပဲ။”

စစ်တပ်ရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်ကို အနိုင်ရထားတဲ့အပြင် စစ်တပ်က စိတ်ကြိုက် ရွေးချယ်ထားတဲ့ တပ်မတော် သားတွေကို လွှတ်တော်ကိုယ်စားလှယ်ဦး စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို အခုလို အမတ်အဖြစ် ခန့်အပ်လိုက်တာကြောင့် တပ်မတော် ကြီးစိုးရေးလမ်းစဉ်ကိုပဲ ဆက်သွားနေတယ်ဆိုတာ ပေါ်လွင်စေ တယ်ဆိုပြီး အများက မေးခွန်းထုတ်နေကြတာပါ။

စစ်တပ်က တသွေး၊ တသံ၊ တမိန့်ဆိုတာကို အရိုးစွဲအောင် သင်ကြားပို့ချထားတာကြောင့် အထက် ညွန်ကြားချက်တွေကို လွန်ဆန်ပြီး သူတို့အနေနဲ့ လွှတ်တော်အတွင်း ဘယ်လောက် လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်မယ်ဆိုတာ မသေချာသေးပါဘူး။

“အမိန့်နာခံမှုက သူတို့က အရိုးထဲမှာစွဲပြီးတော့ လာခဲ့ရတာကိုးဗျ။ သူတို့စစ်တပ်ဆိုတာကလည်း ငါတို့တွေ နိုင်ငံတော်ရဲ့အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်ပါ့မည်ဆိုတာက သိပြီးသားဆိုတော့ ဒါကြီးက စပြီးတော့ တပ်ထဲကိုဝင်ကတည်းက သံမှိုရိုက်နှက်သလို ပါထားတာဖြစ်တော့ အဲဒီအပေါ်မှာ ဘယ်လောက် ဆွေးနွေးခွင့်ရလို့ ဘယ်လောက်ပြုပြင်ခွင့်ရမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့ဗျာ။”

မြန်မာနိုင်ငံလိုပဲ စစ်အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တဖြည်းဖြည်း ဖော် ဆောင်ခဲ့တဲ့ နိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကျင့်သုံးခဲ့တဲ့ အသွင် ကူးပြောင်းရေးအစီအစဉ်နဲ့ မြန်မာစစ်အစိုးရက လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးတို့ရဲ့ ကွာခြားချက်ကတော့ အင်ဒိုနီးရှားက လွှတ်တော်အတွင်း စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု တဖြည်းဖြည်းချင်း လျှော့ချသွားမယ်ဆိုတာကို ဖွဲ့စည်းပုံထဲမှာ တရားဝင် ထည့်သွင်း ဖော်ပြထားပြီး အဲဒီအတိုင်းလည်း လက်တွေ့ အကောင်အထည်ဖော်ခဲ့တဲ့ ဖြစ်ရပ်ပါ။

“အင်ဒိုနီးရှားကတော့ သူတို့စစ်တပ်အင်အားကနေ အစိုးရဝင်ပေမဲ့လို့ ပုံသဏ္ဍာန်ကကိုက တဖြည်းဖြည်း သိသိသာသာ လျှော့သွားမယ့်ပုံစံကို အတိအလင်း ထင်ထင်ရှားရှားပြပြီးမှ သွားတာကိုး ဗျ။ အမှန်က ဖြစ်သင့်တာက ဘယ်လိုလဲဆိုတော့ သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခု ၂၅ ရာခိုင်နှုန်း ယူတယ်ပေါ့ဗျာ။ နောက်ပြီးတော့လည်းပဲ one term (ပထမတကျော့) ပြီးတဲ့အခါမှာ ၁၀ ရာခိုင်နှုန်း အထိ လျှော့မယ်ဗျာ။ နောက်တခါကျရင် လုံး၀ မပါစေရဘူးဗျာ၊ အဲဒီလိုမျိုး ထင်ထင်ရှားရှား ပါသွား ရင်တော့ ကောင်းတာပေါ့။ အခုဟာက ဒီလိုဟာမျိုးရဲ့ ကတိကဝတ် ပြုတာတွေကလည်း မရှိတော့ ဘယ်လောက်အထိ အတိုင်းအတာနဲ့ဆက်ပြီးတော့ ဒီလိုပဲသွားမလဲဆိုတာက မပြောတတ်ဘူးပေါ့ဗျာ။”

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ NLD ပါတီရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ် ကြီးဟောင်း ဦးတင်ဦးက ပြောပြခဲ့တာပါ။

အခု တပ်မတော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃၈၈ ဦးထဲက ၃၅ ဦးကလွဲလို့ ကျန်ကိုယ်စားလှယ် အများစုဟာ ကြည်းတပ်က ကိုယ်စားတွေဖြစ်ပါတယ်။

XS
SM
MD
LG