သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ မကြာခင် အစိုးရသစ် ဖွဲ့စည်းဖွယ်ရှိ


မြန်မာနိုင်ငံမှာ မကြာခင် အစိုးရသစ် ဖွဲ့စည်းဖွယ်ရှိ
မြန်မာနိုင်ငံမှာ မကြာခင် အစိုးရသစ် ဖွဲ့စည်းဖွယ်ရှိ

လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အဆုံးသတ်မယ့်ရက်နဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုတာတွေ၊ အစိုးရသစ် ဖွဲ့စည်းတာတွေ အပြီးသတ် လုပ်ဆောင်မယ့် ရက်တွေကို အတိအကျ မကြေညာပေမဲ့ အစောဆုံး ဒီတပတ်ထဲမှာ အစိုးရ ဖွဲ့စည်းတာ အပြီးသတ်လိမ့်မယ်၊ မကြာခင်မှာ အာဏာလွှဲပြောင်းတာ လုပ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကတော့ အကျယ်အပြန့်ကို ထွက်နေပါတယ်။ အစည်းအဝေး တက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်ရဖို့ရက် နီးလာတာကို ပြတဲ့ အခြေအနေတွေကိုလည်း တွေ့လာကြရတာကြောင့် မကြာခင် ပြီးဆုံးတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ပိုပြီး ခိုင်မာလာပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မတ်လ ၂၈ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးတာတွေ၊ အဆိုတင်သွင်းတာတွေ ပုံမှန်အတိုင်းပဲ ရှိခဲ့ပေမဲ့ မတ်လ ၂၉ ရက် အင်္ဂါနေ့ အစီအစဉ်မှာ မေးခွန်းမေးတာ၊ တင်သွင်းထားတဲ့ အဆိုတွေကို ဆွေးနွေးတာမျိုးတွေ မပါတော့တဲ့အတွက် မတ်လ ၃၀ ရက်နေ့ကျရင် လွှတ်တော်မှာ ဘာလုပ်မယ် ဆိုတာကို ခန့်မှန်းရ ခက်သွားတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဗွီအိုအေကို ရှင်းပြပါတယ်။

“မနက်ဖြန်ပေးတဲ့ အစီအစဉ်မှာ အဆိုသစ်တွေ တင်မယ်ဆိုရင် ညီလာခံက လက်ခံသင့်၊ လက်မခံသင့်၊ နောက်တနေ့မှာ ဒီအဆိုသစ်နဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်၊ ပြည်ထောင်စုအဆင့်က ဆွေးနွေးမယ်ပေါ့ဗျာ၊ အဲဒီလို ပရိုစီဂျာ သွားနေတာပေါ့။ ဒါပေမဲ့ မနက်ဖြန်မှာ အဆိုသစ် တင်တာတွေ မရှိတော့ဘူး။ သန်ဘက်ခါမှာ ဒီအဆိုသစ်နဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေလည်း မရှိတော့ဘူး။ ပြည်ထောင်စုအဆင့် ဆွေးနွေးတာလည်း မရှိတော့ဘူးပေါ့။

“မနက်ဖြန် အစီအစဉ်ကို ကြည့်ပြီး သန်ဘက်ခါ အစီအစဉ်ကို ခန့်မှန်းလို့ မရဘူးပေါ့။ ပုံမှန်ဆိုရင် မနက်ဖြန် အစီအစဉ်မှာ အဆိုသစ်တင်တာ ရှိရင် သန်ဘက်ခါမှာ အဲဒီအဆိုသစ်ကို ဆွေးနွေးတာ ဖြစ်ရမယ်လေ။ မနက်ဖြန်မှာ အဆိုသစ်တင်တာ မရှိတဲ့အတွက် သန်ဘက်ခါ အစီအစဉ်က ကျနော်တို့ ခန့်မှန်းလို့မရ ဖြစ်သွားပြီပေါ့။”

သမ္မတနဲ့ ဒုတိယ သမ္မတတွေ ကျမ်းသစ္စာ ကျိန်ဆိုတာ၊ အတည်ပြုထားတဲ့ ဝန်ကြီးတွေကို ဝန်ကြီးဌာနတွေနဲ့ တွဲဖက် တာဝန်ပေးတာ၊ ဒုတိယဝန်ကြီးတွေကို ခန့်ထားတာ စတဲ့လုပ်ငန်းတွေ အားလုံးပြီးမှပဲ အခုလက်ရှိ စစ်ကောင်စီကနေ နောက်အစိုးရအဖွဲ့ လက်ထဲ အာဏာလွှဲပြောင်းတာတွေ ပြီးဆုံးမယ်လို့ ဆိုရမှာပါ။ ဒုတိယဝန်ကြီးတွေ ခန့်ထားပြီးပြီဆိုတဲ့ သတင်းတွေ ထွက်ပေမဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ အပြင်ဘက်မှာ ခန့်မှန်း ပြောဆိုနေတာတွေ ကျယ်ကျယ်ပြန့််ပြန့် ရှိသလို လွှတ်တော်အစည်းအဝေး ကျင်းပနေရာ နေပြည်တော် အဝန်းအဝိုင်းမှာလည်း ကြားနေရတယ်လို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“၃၀ ရက်နေ့ကို ကျမ်းသစ္စာ ကျိန်ဆိုမယ်။ အခုလက်ရှိလည်း ဒု-ဝန်ကြီးတွေက လွှတ်တော်မှာ လေ့လာသူ၊ ဧည့်သည်တော် အနေနဲ့ တက်ရောက်နေတာ ရှိပါတယ်။ ကျနော်တို့ အပေါ်ထပ်မှာ ဧည့်သည်တော်များ ဆိုပြီး ပြောနေကြတာကိုး။ အပေါ်ထပ်က ဧည့်သည်တွေက ဘယ်သူတွေလဲဆိုတော့ အရင်တုန်းကတော့ ဒုတိယ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးကြီးတွေ လာလေ့ရှိတယ်။ ဒီနေ့တော့ အပေါ်ထပ်က ဧည့်သည်တော်တွေက ဒု-ဝန်ကြီးတွေဆိုတာ လက်ရှိ ဒု-ဝန်ကြီးတွေကို ပြောတာလား၊ နောက် ဒု-ဝန်ကြီးကို ပြောတာလား မသိပါဘူး။ သူတို့က ဧည့်သည်အဖြစ် တက်နေတာတော့ အပေါ်မှာ တွေ့ရပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အပြန်လမ်းစရိတ်နဲ့ လစာချီးမြှင့်ငွေကို မတ်လ ၂၈ ရက်နေ့မှာပဲ ထုတ်ပေးလိုက်တဲ့အတွက် အစည်းအဝေးတွေ ပြီးတော့မယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုပြီး ခိုင်မာသလို ရှိလာပါတယ်။

မတ်လ ၂၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အာဆီယံ ပါလီမန်များ ညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ လွှတ်တော်မရှိတဲ့အတွက် အဲဒီ အာဆီယံ ပါလီမန်များ ညီလာခံမှာ လေ့လာသူ အဖြစ်နဲ့ပဲ တက်ရောက်ခဲ့ရပါတယ်။

XS
SM
MD
LG