သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရရည်မှန်း


ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရရည်မှန်း
ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရရည်မှန်း

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်တွေရဖို့ ညှိနှိုင်းရာမှာ အခက်အခဲတချို့ ရှိပေမဲ့ ပြည်ထောင်စုလွှတ်တော်ရှေ့မှာ တနိုင်ငံလုံးအတိုင်းအတာအရ ထာဝရငြိမ်းချမ်းရေး သဘောတူညီချက်တွေအထိ ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖဲ့ွ ခေါင်းဆောင် ဦးအောင်သောင်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့က ရှမ်းပြည် တိုးတက်ရေးပါတီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးအပြီး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွ့ဲတွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်တွေ ရဖို့ အစိုးရအဖွဲ့ထဲက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တွေ ဖွဲ့ပြီး အပစ်အခတ် ရပ်စဲရေးရဖို့ ဆောက်ရွက်ရာမှာ အခက်အခဲတချို့ ရှိတယ်လို့ ရှိတယ်လို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားအဖွဲ့ အားလုံးနဲ့ ထာဝရ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရတဲ့အထိ ကြိုးစားသွားမယ်လို့လည်း ဦးအောင်သောင်းက ပြောပါတယ်။

“တိုင်းရင်းသားတွေ အသီးသီးမှာတော့ ကိုယ်စီကိုယ်စီ ပြဿနာလေးတွေ ရှိပါတယ်။ ကိုယ်စီကိုယ်စီ အခက်အခဲလေးတွေ ရှိပါတယ်။ အဓိက ကတော့ ကျနော်တို့ နိုင်ငံရေးပါ။ တန်းတူရည်တူ အခွင့်အရေး ရရှိရေးကိစ္စတွေပါပဲ။ ဒီမိုကရေစီ အခွင့်အရေး ရရှိရေး ကိစ္စတွေပေါ့။ ဒါတွေကတော့ တိုင်းရင်းသားတိုင်းမှာ ဆန္ဒရှိတာလေးတွေ ဖြစ်ပါတယ်။ ဒါလေးတွေကို ကျနော်တို့က သူတို့ နားလည်အောင် ရှင်းပြတာပေါ့လေ။ ဒါလေးတွေကတော့ လွယ်လွယ်ကူကူတော့ ကျနောတို့ မဖြစ်ပါဘူး။ တဖြည်းဖြည်းတော့ ညှိနှိုင်းပါများရင်တော့ နားလည်သွားတဲ့သဘော ရှိပါတယ်။ ကျနော်တို့က တနိုင်ငံလုံး တစ်ဖွဲ့ပြီးတစ်ဖွဲ့ အားလုံးပြီးသွားပြီဆိုရင် ပြည်ထောင်စုလွှတ်တော်ရှေ့မှာ ကျနော်တို့ ငြိမ်းချမ်းရေးအဖွဲ့ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အခြား နိုင်ငံတွင်းကနေ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးပါပြီးတော့ ကျနော်တို့ ပြည်ထောင်စု ရှေ့မှောက်မှာ နောက်ဆုံးပိတ် ထာဝရ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးဖို့အတွက် ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျနော်တို့ ဒါက ရည်မှန်းချက်ပေါ့။ ရည်မှန်းထားတာ ဖြစ်ပါတယ်။ အဲဒီကိုသွားပါမယ်။”

ဇန်နဝါရီလ ၂၈ ရက်၊ စနေနေ့က တောင်ကြီးမြို့မှာ ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ပြည်ထောင်စုအဆင့် အဖြစ်နဲ့ အချက် ၅ ချက်ကို နှစ်ဘက် ပဏာမ သဘောတူခဲ့ကြတာ ဖြစ်ပေမဲ့ နောက်ထပ် နိုင်ငံရေးဆိုင်ရာ အဆင့်တွေ ဆက်လက်ညှိနှိုင်းဖို့ ရှိသေးတယ်လို့ ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအပြင် ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးတွေပါတဲ့ ဒီအချက်တွေကို ရှေ့ဆက် အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိနိုင်မယ့် အနေအထားမျိုးတွေ ရှိပါသလားလို့ ဦးအောင်သောင်းကို မေးကြည့်တော့ -

“အခက်အခဲတော့ သိပ်မတွေ့ပါဘူး။ လွယ်လည်း မလွယ်သလို အခက်အခဲကလည်း သိပ်ပြီးတော့ များများ တွေ့မှာမဟုတ်ပါဘူး။ ပထမ တစ်ကြိမ်သာလျှင် အခုလို ဖြစ်လာဖို့ ခက်ခဲတာပါ။ အခုလိုအဆင့် ကျော်သွားပြီးရင်တော့ မခက်ခဲတော့ပါဘူး။ ညှိနှိုင်းရဦးမှာတော့ ဖြစ်ပါတယ်။ ရှေ့မှာကတော့ သူတို့တပ်ဖွဲ့တွေရဲ့ နေရေးထိုင်ရေး စာရေးသောက်ရေးတွေပေါ့။ နောက်တခါ သူတို့တွေရဲ့အလုပ်အကိုင် ရရှိရေးပေါ့၊ နောက်တခါ သူတို့အနေနဲ့ ဒေသဖွံ့ဖြိုးရေးပေါ့၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ဒီကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်ပေးပါမယ်။ သူတို့ရဲ့ ရပ်တည်ရေးအတွက်ပေါ့။ အဲဒီကနေ အဆင့်ဆင့် ကျနော်တို့ ကူးပြောင်းသွားပါမယ်။ နောက်ဆုံးတော့ ဥပဒေဘောင်အတွင်းမှာ လုံးဝဥဿုံ ရောက်လာသည်အထိ ပေါ့လေ။ တနည်းအားဖြင့်တော့ ထာဝရငြိမ်းချမ်းရေးကို ရသွားတဲ့အထိ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအဆင့်တွေကတော့ နည်းနည်းတော့ များမှာပေါ့ဗျာ။ ချက်ချင်းကြီးတော့ မရနိုင်ဘူး။”

ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့လည်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဖို့ ညှိနှိုင်းနေကြတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ KIA အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် မရသေးပါဘူး။ ဒါကလည်း နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် တချို့အတွက် ဆက်လက် ညှိနှိုင်းစရာ ကျန်နေသေးတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ အခုကျန်တာကတော့ KIA ၊ KIO နဲ့တော့ ကျန်တာပေါ့လေ။ မပြီးပြတ်သေးဘူးပေါ့။ လက်မှတ်ထိုးတဲ့အဆင့် မရောက်သေးဘူး။ သူနဲ့ကတော့ ကျနော်တို့ အနည်းငယ်မျှ အချိန်ပေးပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကြီးကတော့ အဖွဲ့ကြီးတစ်ခုပေါ့လေ။ ဒီအဖွဲ့ကြီးပြီးရင်တော့ အားလုံး ပြီးသလောက်ပါပဲ။ ကချင်အဖွဲ့နဲ့ကတော့ ရှေ့လထဲမှာ ဒုတိယပတ်အတွင်းမှာ ကျနော်တို့ တွေ့ဖို့ရှိပါတယ်။ အခုလောလောဆယ် ကျနော်တို့ ရွှေလီမှာ တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် ပစ်ခတ်တိုက်ခိုက်မှုတွေ ကျနော်တို့ ရပ်ဆိုင်းထားပါတယ်။”

နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ် တချို့နဲ့လည်း ဆက်ပြီး ညှိနှိုင်းတာတွေ လုပ်ဖို့ရှိတယ်လို့ ဦးအောင်သောင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ကာလကြာမြင့်စွာကတည်းက ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေရဖို့ ကြိုးစားနေတဲ့အထဲမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့နှစ်ဖွဲ့ ရှိနေတာ တွေ့ရပါတယ်။ ဘာကြောင့် အခုလို နှစ်ဖွဲ့ ဖြစ်နေတာပါလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးအောင်သောင်းက -

“သူက များတဲ့အခါကျတော့ ခွဲပြီးတာဝန်ယူတာပေါ့။ နောက်တစ်ခုကလည်း ကျွမ်းကျင်ရာ ဖြစ်အောင်ရယ်။ ဆက်စပ်မှုရှိရင် ရှိသလိုပေါ့ ဆက်သွယ်တာဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မြန်လေးလည်း ပြီးချင်တာပေါ့လေ။ ကျနော်တို့ တစ်ဖွဲ့တည်းနဲ့ လုပ်နေလို့ရှိရင် အချိန်ကြာမယ်။ တစ်ဖွဲ့ တစ်ဖွဲ့ဆိုရင် ကျနော်တို့က ညှိနှိုင်းဖို့အတွက် အများကြီး အချိန်ယူရတယ်။ ညှိနှိုင်းမှုတွေ၊ ကြိုတင်ဆောင်ရွက်မှုတွေ အများကြီး လုပ်ရပါတယ်။ အဲဒါကြောင့် ကျနော်တို့ ခွဲပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။”

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖဲ့ွ ခေါင်းဆောင် ဦးအောင်သောင်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ ကချင် KIA နဲ့ သဘောတူညီချက်ရဖို့ အဓိက ဦးဆောင် ဆွေးနွေးနေတဲ့အဖွဲ့ ဖြစ်သလို ရှမ်းပြည် အထူးဒေသ (၄) မိုင်းလားအဖွဲ့နဲ့ ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ တွေနဲ့အတူ တခြား လက်နက်ကိုင် အဖွဲ့ငယ်တချို့နဲ့လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရအောင် ညှိနှိုင်း ဆောင်ရွက်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG