နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတဲ့အကြောင်း၊ ငြိမ်းချမ်းရေးစကားပြောဖို့အတွက် ပြည်နယ်အစိုးရတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့အကြောင်း မကြာခင်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ အခုထိ ဘာအရိပ်အယောင်မှ မတွေ့ရသေးပါဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို မြန်မာအစိုးရတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတုန်းပဲလို့ ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဦးစံမိုးဝေက တင်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်သွယ်ပြီးတော့ စကားပြောဆို ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ် တပတ်ကျော်က နေပြည်တော်မှာ တရားဝင်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ငြိမ်းချမ်းရေးအတွက် အမြဲ တံခါးဖွင့်ထားပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တဖွဲ့ချင်းတော့ စကားပြောဆိုဖို့ အစီအစဉ်မရှိတဲ့အကြောင်း KNU အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာဇိန် က ဗွီအိုအေကို ပြောပါတယ်။
“ကျမတို့ကတော့ KNU အနေနဲ့ကတော့ ငြိမ်းချမ်းရေးစကားပြောဖို့ ကျမတို့ အမြဲပဲ တံခါးဖွင့်ထားတယ်။ ဒါပေမဲ့ စကားပြောမယ်ဆိုရင် တဖွဲ့ချင်း တဖွဲ့ချင်းစီမဟုတ်ဘဲ တိုင်းရင်းသားတခုလုံးအနေနဲ့ စုပေါင်းပြီးတော့ စကားပြောဖို့ဆိုတာကို ချထားတယ်။”
အခုလို စကားပြောဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအများစုပါဝင်တဲ့ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းထားပြီးတော့ အားလုံးကိုယ်စား အဲဒီအဖွဲ့က စကားပြောမယ်လို့ ပြောထားတာပါ။ နေပြည်တော်က အစိုးရအနေနဲ့ တဖွဲ့တည်း တချိန်တည်း တပြိုင်တည်း ပြောဆိုခွင့်ရပါလျက်နဲ့ တဖွဲ့စီ သီးခြားတွေ့မယ်ဆိုတဲ့အပေါ် သံသယဖြစ်မိတဲ့အကြောင်း ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။
“အကယ်၍ သူတို့ ဒီလက်ရှိအစိုးရတွေက တကယ်စစ်မှန်တဲ့သဘောထားနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တကယ်လုပ်ဆောင် ဖော်ဆောင်ချင်တယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသား အားလုံး ပြည်သူများအားလုံးရဲ့ ဆန္ဒသဘောထားနဲ့အညီ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ သဘောထားဆန္ဒတွေကိုလည်း ညှိနှိုင်းဖို့လိုအပ်ပါတယ်။ အဲဒီလိုမျိုးပုံစံမဟုတ်ဘဲနဲ့ ဒီအတိုက်အခံ လက်နက်ကိုင်အဖွဲ့အစည်းတွေကို သီးခြား တဖွဲ့ချင်းစီတွေ့ဆုံပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့ အစကတည်းက အဲဒီသဘောထားဟာ ငြိမ်းချမ်းရေး တကယ်တည်ဆောက်နေတဲ့ စေတနာမှန်မျိုးမှ ဟုတ်ပါရဲ့လားလို့တော့ ကျနော်တို့ သံသယဖြစ်မိပါတယ်ခင်ဗျ။”
တနေရာတည်းကွက်ပြီး ငြိမ်းချမ်းတယ်ဆိုတာ တတိုင်းပြည်လုံး ငြိမ်းချမ်းတာမဟုတ်ပါဘူး။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးကို လိုချင်လို့ စုဖွဲ့ပြီးတော့ ဆွေးနွေးလိုတာဖြစ်ပါတယ်လို့ ပြောလာတာကတော့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ရဲ့ ပြောရေးဆိုးခွင့်ရှိသူ ဦးခူးရယ် ပါ။
“ဒေသတခုတည်းမှာပဲ ငြိမ်းချမ်းလို့ မြန်မာပြည်ဟာ ငြိမ်းချမ်းပြီလို့ ကျနော်တို့ ပြောလို့မရပါဘူး။ ဒါကြောင့်မိုလို့ မြန်မာပြည်တပြည်လုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းမှုကို ကျနော်တို့ မြင်ချင်ပါတယ်။ ဒါကြောင့် ကျနော်တို့ စုဖွဲ့ပြီးတွေ့ကြမယ်လို့ ပြောတာပါ။”
သမ္မတ ဦးသိန်းစိန်က တဘက်မှာ ငြိမ်းချမ်းရေးစကား ပြောနေပေမဲ့ တိုင်းရင်းသားနယ်မြေတွေမှာတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ရှိနေဆဲပါလို့ KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာဇိန်က ပြောပါတယ်။ တချိန်တည်းမှာပဲ ပြည်နယ်အစိုးရတွေက ငြိမ်းချမ်းရေးညှိနှိုင်းတဲ့အဖွဲ့တွေ ဖွဲ့စည်းပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ စကားပြောဆိုဖို့ စေလွှတ်နေပြီဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေပါတယ်။