သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းချိန် ဒေါ်စုမျှော်မှန်း


ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိတဲ့ နှစ် (၂၀) မြောက် ဂုဏ်ပြု အခမ်းအနား အမှတ်တရဓါတ်ပုံ။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)
ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိတဲ့ နှစ် (၂၀) မြောက် ဂုဏ်ပြု အခမ်းအနား အမှတ်တရဓါတ်ပုံ။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိတဲ့ နှစ် (၂၀) မြောက် ဂုဏ်ပြု အခမ်းအနားတရပ်ကို ဒီကနေ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် နတ်စင်လမ်း၊ သာဓုပရိယတ္တိ စာသင်တိုက်ထဲက ရွှေညဝါ ပညာဗိမ္မာန် ဘုန်းကြီးကျောင်းမှာ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ရရှိနေတဲ့အခွင့်အရေးတွေကို ဆုပ်ကိုင်ပြီးတော့ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးစားဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အခွင့်အလမ်းပွင့်နေတာကြောင့် ငြိမ်းချမ်းပြီး လူ့အခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကို ရောက်ရှိအောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အကဲဖြတ်ဆော်သြသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရရှိခဲ့တဲ့ အနှစ် (၂၀) မြောက်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင်တိုင် ရွှေညဝါ ဘုန်းကြီးကျောင်းမှာ ကျင်းပရာမှာ အခုလို ပြောဆိုသွားခဲ့တာပါ။

“ကျမတို့ခေတ်မှာ အရင်ခေတ်အဆက်ဆက်က မရခဲ့တဲ့ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်ဖို့ အခွင့်အရေး ရနေပြီဆိုတဲ့ စိတ်တွေထားပြီးတော့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်းဆုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေးဆိုတာ တခါတလေ တော်တော်နဲ့ ပြန်မလာတတ်ပါဘူး။ လာတဲ့အခါမှာ ရအောင်ဆုပ်ကိုင်ရမယ်။ ဒီအခွင့်အရေးကို အများအကျိုးအတွက်ဖြစ်အောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ်နဲ့ ကျမတို့အားလုံး ဆက်ပြီးတော့ သွားနိုင်လို့ရှိရင် ကျမတို့ရဲ့ နိုင်ငံထဲမှာ မကြာမီကာလမှာ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာပါ။”

မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင် သမိုင်းကာလ နှစ်ပေါင်း ၁,၀၀၀ ကျော်မှာ ငြိမ်းချမ်းတဲ့ကာလက နှစ်ပေါင်း ၇၀ လောက်ပဲ ရှိခဲ့တယ်လို့ သမိုင်းဆရာ ဒေါက်တာ တိုးလားက သူ့ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပြောခဲ့ဖူးပါတယ်။ အဲဒီအဖြစ်ကနေ မြန်မာနိုင်ငံ ရုန်းထွက်နိုင်ပြီး ပြည်သူတွေ အိပ်ကောင်းခြင်းအိပ်ရ၊ နိုးကောင်းခြင်းနိုးရတဲ့ ဘဝမျိုးကို ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းပြောကြားပါတယ်။

“အိပ်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနဲ့ အိမ်နိုင်တယ်၊ နိုးတဲ့အခါမှာလည်း ဒီအတိုင်းပဲဖြစ်ရမယ်။ နိုးလာပြီ၊ နိုးနိုးချင်း ဒီနေ့တော့ ဘာဖြစ်ဦးမှာလဲ။ ဘယ်သူက ဘာလုပ်ဦးမှာလဲ၊ ဘယ်သူကနေ အနိုင်ကျင့်ဦးမှာလဲ၊ ဒီနေ့ဝမ်းစာကို ဘယ်လိုရှာရဦးမှာလဲ၊ ဒီလို ပူပင်သောကတွေ ဘာမှမရှိဘဲနဲ့ နိုးရခြင်းဟာ ဒါ ငြိမ်းချမ်းရေးရဲ့ အရသာပဲ။ နိုးတဲ့အခါမှာလည်း ချမ်းသာရတယ်။ ဒီတော့ ကျမတို့နိုင်ငံ တနိုင်ငံလုံးကို ငြိမ်းချမ်းစေချင်တယ်ဆိုတာ ဒါပါပဲ။ ကျမတို့ရဲ့ ပြည်သူပြည်သားအားလုံး အထူးသဖြင့် အခုချိန်မှာဆိုလို့ရှိရင် စစ်မက်တွေကြောင့် စစ်နဲ့ဆိုင်တဲ့ကိစ္စတွေ၊ အပစ်အခတ်တွေကြောင့်မိုလို့ ရန်ပွားမှုတွေကြောင့်မိုလို့ အေးအေးချမ်းချမ်း မနေရတဲ့ ကျမတို့ရဲ့ တိုင်းရင်းသားတွေကို အထူး ကျမ စဉ်စားမိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က အဲဒီအတိတ်က အဖျက်သဘောဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေအဖြစ် အားလုံးကပြောင်းလဲကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“အဓိက အကုသိုလ်တွေကို အခု ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် ကုသိုလ်တွေဖြစ်အောင်လို့ ကျမတို့ ကြိုးစားရမယ်။ အဲဒီလိုလုပ်ခြင်းမှသာလျင် ကျမတို့ပြည်သူတွေ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ဆီကို ကျမတို့ လျောလျောရှူရှူ နိုင်မယ်။”

ဒါ့အပြင် မေတ္တာ၊ ဂရုဏာစိတ်ဓါတ်အပြင် မုဒိတာစိတ်နဲ့ မြန်မာနိုင်ငံကို တည်ဆောက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

“တစ်ဦးအပေါ်တစ်ဦး မေတ္တာ၊ ဂရုဏာတင်သာမက မုဒိတာပွားပြီးတော့ ကျမတို့အထဲက တိုးတက်နိုင်တာ မှန်သမျှအတွက် အားလုံးက ဝိုင်းပြီးတော့ ဂုဏ်ယူပြီးတော့ ကိုယ်လည်း ဒီလိုပဲ တတ်နိုင်သမျှ တိုးတက်အောင် လုပ်မယ်လို့ စိတ်တွေနဲ့ ကျမတို့ လုပ်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးပန်းတိုင်ဟာ သိပ်ပြီးတော့ ဝေးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးပန်းတိုင်ဟာ ထင်သလောက် ခက်မှာမဟုတ်ပါဘူး။”

ဒီပွဲမှာ အမှာစကားပြောကြားခဲ့တဲ့ ဆရာဦးဝင်းတင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆု ချီးမြှင့်တာဟာ ကမ္ဘာ့ထောက်ခံမှုကို ပြသတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

XS
SM
MD
LG