သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး ဦးအောင်မင်း နယ်စပ်အခြေစိုက်အဖွဲ့ တချို့နဲ့တွေ့


ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် အဖွဲ့တချို့နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးကြပေမဲ့ အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက်တွေတော့ မရရှိသေးပါဘူး။ ဒါပေမဲ့ အပြုသဘော ဆွေးနွေးမှုတွေ ရှိခဲ့ပြီးတဲ့နောက် နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ဖို့လည်း ရှိနေပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ဘက်က အပစ်အခတ် ရပ်စဲရေး အတွက် တောင်းဆိုချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်သူ PNLO ရဲ့ အတွင်းရေးမှူးက ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် ကျနော်တို့ ပဏာမ သဘောတူညီချက်ကို ရယူဖို့ ဆိုတဲ့အချက် ဖြစ်ပါတယ်။ နောက်တစ်ချက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စု အစိုးရက တရားဝင် ကြေညာပေးဖို့ ဖြစ်ပါတယ်။ တပြည်လုံး အပစ်အခတ် ရပ်စဲပြီးတဲ့အချိန်ကနေ ရပ်ပေါင်း ၆၀ အတောအတွင်းမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အဲဒီကနေတဆင့် နိုင်ငံရေး အင်အားစုတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ပအို့ဝ် အမျိုးသားတွေ နေထိုင်ရာ ဒေသတွေမှာ ဆက်ဆံရေးရုံးတွေ ထားရှိဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ် နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် ပအို့ဝ်အမျိုးသား နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်လာဖို့အတွက်ကို ပအို့ဝ် အမျိုးသားအဖွဲ့ PNLO အပါအဝင် ပအို့ဝ် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ဖို့။”

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ကတော့ ဒီအချက်တွေထဲက တချို့ အချက်တွေကို သူ့အနေနဲ့ သဘောတူလို့ မရဘဲ သမ္မတဆီကို တင်ပြပေးပါ့မယ်လို့ ပြောဆိုတဲ့ အကြောင်းလည်း ဆွေးနွေးပွဲ တက်ရောက်သူ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ တပြိုင်နက်တည်း တွေ့ဆုံဆွေးနွေးခွင့် တောင်းတာကို မြန်မာ အစိုးရဘက်က ငြင်းပယ်တာကြောင့် အခုလို တစ်ဖွဲ့ချင်း တွေ့ဆုံရတာ ဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။

ပြည်ပမှာ လှုပ်ရှားနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနဲ့လည်း မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့တို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ တာမှာတော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိတယ်လို့လည်း ပြည်ပရောက် အတိုက်အခံ အင်အားစုတွေနဲ့ မြန်မာအစိုးရ အကြား စေ့စပ်ဆွေးနွေးရေး ဆောင်ရွက်နေတဲ့ NLD-LA က ဦးညိုအုန်းမြင့်က ပြောပါတယ်။

“လူ့ဘောင်သစ်ပါတီဘက်က တင်ပြတဲ့ အချက်တစ်ခုကတော့ ပြည်တွင်းမှာ နိုင်ငံရေးကို ပြန်ပြီးတော့ ဆောင်ရွက်ချင်တယ်။ ဒီကိစ္စအပေါ်မှာလည်း ဝန်ကြီးကနေ ဒါကို ကူညီမယ်ဆိုတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ပြည်ထောင်စု အစိုးရဘက်ကနေ ပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ပူးပေါင်း ပါဝင်လာနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ပထမဆုံး ဖော်ဆောင်တယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ ပြန်ပြီးတော့ ညှိနှိုင်းရမယ့်အချက်တွေ တချို့ ရှိပါတယ်။ လူ့ဘောင်သစ် ပါတီဘက်ကနေ ဒီနေ့မှာ ဥက္ကဋ္ဌရော အလုပ်အမှုဆောင်တွေ အားလုံး ပါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ နိုင်ငံရေး ပြန်လုပ်ချင်တယ် ဆိုတဲ့အချက်က နှစ်ဘက်စလုံးအတွက်က ပြန်ပြီး ဆွေးနွေးရမယ့်အချက်လို့ ကျနော် ထင်ပါတယ်။ ဒီဟာကို ရက်ကို မသတ်မှတ်ဘဲနဲ့ နှစ်ဘက်စလုံးရဲ့ သဘောတူညီချက်ကတော့ အပြန်အလှန် စာနဲ့ပဲ ဆက်သွယ် သွားပြီးတော့ အရေးကြီးတဲ့အချိန်မှာ ပြန်တွေ့ဖို့ နှစ်ဘက်စလုံးကနေ သဘောတူပါတယ်။”

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက် တစုံတရာ မရပေမဲ့လို့ နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ဆောင်ဖို့တော့ သဘောတူခဲ့ကြပါတယ်။ တနင်္လာနေ့မှာလည်း ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ အဖွဲ့တချို့နဲ့လည်း ဆွေးနွေးပွဲတွေ လုပ်ဖို့ ရှိပါတယ်။

XS
SM
MD
LG