တနိုင်ငံလုံး အေးချမ်းဖို့အတွက် ဘယ်ပဋိပက္ခကိုမဆို စိတ်ရှည်ပြီး အေးချမ်းတဲ့ နည်းလမ်းနဲ့သာ ကိုင်တွယ် ဖြေရှင်းပေးဖို့ အစိုးရကို တိုင်းရင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) အတွက် ၇ ကြိမ်မြောက် အစည်းအဝေးမှာ တိုင်းရင်းသားတွေက တောင်းဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ကျင်းပတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်က တနိုင်ငံလုံးမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး အဖြေရှာဖို့ အစိုးရကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် လက်နက်ကိုင် အဖွဲ့တွေအကုန်လုံး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့လိုကြောင်း တိုင်းရင်းသားတွေက ပြောဆိုခဲ့ပါတယ်။ လက်ရှိ ပဋိပက္ခတွေမှာ စိတ်ရှည်သည်းခံပြီး အေးချမ်းတဲ့ နည်းလမ်းနဲ့သာ ကိုင်တွယ် ဖြေရှင်းပေးဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက တိုင်းရင်းသားတွေကိုယ်စား အခုလို တောင်းဆိုလိုက်ပါတယ်။
“မိမိတို့နိုင်ငံ ထာဝစဉ် အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ပြည်တွင်းနေရာ အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ကျောင်းသားနဲ့ အလုပ်သမား၊ လယ်သမား ဆန္ဒပြမှုများကိုလည်း စိတ်ရှည်ရှည်ထားပြီး အေးချမ်းတဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ရင် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ်လို့ အကြံပြု တိုက်တွန်းလိုပါတယ်။ မိမိတို့နိုင်ငံတွင်းမှာ ရေရှည်ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးအရ မှန်မှန်ကန်ကန် တွေ့ဆုံဆွေးနွေးဖြေရှင်းတဲ့ နည်းမှတပါး တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ မြင်ပါတယ်။ အင်အားသုံးဖြေရှင်းရင် တိုင်းရင်းသား အချင်းချင်းကြား ယုံကြည်မှု ပျက်ပြားပြီး အမုန်းတရားတွေ ပိုပြီး ကြီးမား ခိုင်မြဲသွားရင် ဖြေရှင်းရန် မလွယ်တဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။”
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ အစိုးရအနေနဲ့ (NCA) ကို ရည်မှန်းချက် ၃ ခု အခြေခံပြီး ကြိုးပမ်းနေတာဖြစ်ကြောင်း၊ နောင်တက်လာမယ့် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့အတွက် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒအတွက် အမြန်ဆုံး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေဘက်ကို အခုလို တောင်းဆိုလိုက်ပါတယ်။
“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ဘာတွေပါလဲ။ ဘယ်လို အကျိုးသက်ရောက်မှာလဲ ဆိုတာတွေကို လူထုက သိချင်နေကြပါတယ်။ ဘာလို့ကြာနေတာလဲ မေးနေကြတာ ရှိပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ဆိုတာကိုလည်း ပြောနေကြပါတယ်။ ဒါကြောင့် ဒီအစည်းအဝေးပြီးတာနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ဆွေးနွေးတဲ့အပေါ်မှာ လူထု အများအားဖြင့် သိနိုင်အောင် နှစ်ဘက်စလုံးက ရှင်းလင်းဆွေးနွေးပြသဖို့ တိုက်တွန်းလိုပါတယ်။”
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက တဘက်နဲ့ တဘက် ယုံကြည်မှု တည်ဆောက်နိုင်ပြီး ပစ်ခတ်တိုက်ခိုက်မှု လုံးဝ မရှိအောင် ကြိုးစားဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။
“ပဋိပက္ခ လျော့နည်းရေးကိစ္စ နောက်တခါ NCA နဲ့ ပတ်သက်ပြီးတော့ ကျန်ခဲ့တဲ့ အချက်အလက်တွေကို ပြီးပြတ်အောင် ဆွေးနွေးဖို့ကိစ္စ၊ ဒါတွေကို ကျနော်တို့ ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာ ခုနက ကျနော် တင်ပြတဲ့အတိုင်းပဲ တဘက်နဲ့တဘက် ယုံကြည်မှု၊ နားလည်မှု အင်မတန်မှ လိုပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီကနေ့ အထူးသဖြင့် KIA, KNU အဖွဲ့နဲ့ ရရှိခဲ့တဲ့ ယုံကြည်မှု နားလည်မှုတွေကို ဒီကနေ့ ဆွေးနွေးပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ထည့်သွင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင် ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”
ဒီကနေ့ ဆွေးနွေးပွဲ ပထမရက်မှာ တနိုင်ငံလုံးမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး တိုင်းရင်းသားတွေဘက်က တင်ပြဆွေးနွေးခဲ့ရာမှာ တပ်ပိုင်းဆိုင်ရာနဲ့အစိုးရပိုင်းက တိကျတဲ့ အဖြေ မပေးသေးဘူးလို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဦးခွန်ဥက္ကာက ပြောပါတယ်။
မနက်ဖြန်မှာတော့ ဒီကနေ့ ဆွေးနွေးထားတဲ့ ပဋိပက္ခဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးမှာဖြစ်သလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အခန်း ၃ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနဲ့ အခန်း ၄ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့် နည်းလမ်းများကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဦးခွန်ဥက္ကာက ပြောဆိုခဲ့ပါတယ်။