သုံးရလွယ်ကူစေသည့် Link များ

အင်္ဂါနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံပွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီဆွေးနွေးပွဲကို ဝေဖန်လိုက်သလို နိုင်ငံရေး အနှစ်သာရရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ အမြန်စတင်သင့်ကြောင်း သဘောထား ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရှောင်ရှားတာမျိုး မဖြစ်သင့်ကြောင်း ထောက်ပြ လိုက်ပါတယ်။ ဒီအချက်တွေအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ပါတီခေါင်းဆောင်တချို့ရဲ့ အမြင်သဘောထား ဘယ်လိုရှိလဲဆိုတာကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တာတွေကို အင်္ဂါနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီ ဆွေးနွေးချက်ဟာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်အရဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဆိုပြီးခေါင်းစဉ်အလိုက် ဖော်ပြပါတယ်။

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲအပေါ်မှာတော့ ဒီဆွေးနွေးပွဲဟာ နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲလို့ သတ်မှတ်ဖို့ ခက်ခဲကြောင်းနဲ့ နိုင်ငံရေးအနှစ်သာရရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ အမြန်စတင်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်သင့်ကြောင်း ဖော်ပြပါတယ်။ တဆက်တည်းမှာတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အစိုးရက ဆောင်ရွက်တာ မရှိသေးကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆွေးနွေးပွဲ (ဥပမာ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ) ကို ရှောင်ရှားတာမျိုး မဖြစ်သင့်ကြောင်းလည်း ဝေဖန် ထောက်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ NLD ရဲ့ ထုတ်ပြန်ချက်အပေါ် သူ့သဘောထားကို အခုလို ပြောပါတယ်။

“ပြည်ထောင်စုအစိုးရအနေနဲ့ တကယ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ် လက်တွေ့ကျကျ ဖော်ဆောင်ချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က အဆိုပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကနေပြီးတော့ စတင်သင့်တယ်လို့ ကျနော်ကတော့ ယူဆတယ်။ နောက်တချက်က ပြည်ထောင်စု လွှတ်တော်ဟာ ဒီပြည်ထောင်စုအစိုးရကိုလည်းပဲ ရွေးချယ်ဖွဲ့စည်းပြီးတော့ တာဝန်ပေးအပ်ထားတဲ့ ဥပဒေပြု အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီအဖွဲ့အစည်းကနေပြီးတော့ ဒီလွှတ်တော်ကနေပြီးတော့ အဆိုပြုတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ပြည်ထောင်စုအစိုးရအနေနဲ့ အထူး အလေးအနက်ထားပြီးတော့ ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်တယ်ဗျ။”

နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ဒေါက်တာရန်မျိုးသိမ်းက အခုလို ဆက်ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အစောပိုင်းမှာ နည်းနည်းနဲ့ကျဲကျဲ ၀ိုင်းတာက ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ မြင်တယ်။ ပထမအဆင့်မှာ ၁၀ ဦးထက်မပိုတဲ့ သော့ချက်ကျတဲ့ ပုဂ္ဂိုလ်တွေကြားထဲ တွေ့ဆုံဆွေးနွေးမှုကနေတဆင့် နောက်အဆင့် နောက်အဆင့်တွေမှာ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုကို ဖော်ဆောင်တာက လက်တွေ့ကျမယ်လို့ မြင်တယ်။ နောက်ပြီးတော့ တကယ့်အဖြေကိုလည်းပဲ ဦးတည်နိုင်တဲ့လမ်းကြောင်း ဖြစ်လာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်ခင်ဗျ။”

ရခိုင်အမျိုးသားပါတီဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်က တောင်းဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် တောင်းဆိုတာဖြစ်ကြောင်း ပြောပါတယ်။ ထိရောက်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့ ဆောင်ရွက်ရာမှာ နိုင်ငံတော်အကြီးအကဲမှာ တာဝန်ရှိတယ်လို့လည်း ထောက်ပြပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲဆိုတာ အကြောင်းအရာတခုပေါ်မှာ ဦးတည်ပြီးမှ အဖြေတခုရအောင် ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲတော့ တွေ့ဆုံဆွေးနွေးပွဲဆိုတာ အကြောင်းအရာတွေများပြီးမှ အဖြေတခုမရတဲ့ ဆွေးနွေးပွဲမျိုး ကြိမ်ဖန်များစွာ လုပ်လာမိခဲ့လို့ရှိရင် တွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ အဖွဲ့အစည်းပေါ်မှာ ယုံကြည်မှု တနည်းအားဖြင့် ပြည်သူရဲ့ယုံကြည်မှုက တဖြည်းဖြည်း ကျ ကျ လာတတ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် ပါသင့်ပါထိုက်တဲ ပုဂ္ဂိုလ်များဖြင့် အများလက်ခံတဲ့ မျှော်လင့်ချက်ရရှိတဲ့ ဆုံးဖြတ်ချက်တခုကို ထုတ်နိုင်အောင် ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်များအားလုံးက စီစဉ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲမှာ တာဝန် အင်မတန် ကြီးကြီးမားမား ရှိပါတယ်။”

၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်တဦးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က အဆိုပြုထားတာဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမြင်သဘောထားကို သိနိုင်ဖို့ ပါတီဒုဥက္ကဌ ဦးဌေးဦးကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေး တက်ရောက်နေတာကြောင့် မေးမြန်းခွင့်မရခဲ့ပါဘူး။

အင်္ဂါနေ့က နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့ဆွေးနွေးပွဲအပေါ်မှာ တက်ရောက်သူအချို့က အားရကြိုဆိုတာတွေ ရှိခဲ့သလို အချို့ကတော့ တက်ရောက်သူတွေ ဖောင်းပွနေတာနဲ့ တိကျတဲ့ ဆုံးဖြတ်ချက်မရတဲ့အပေါ် ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

မနေ့က ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် အဓိက ပါတီကြီး သုံးခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ နိုင်ငံရေးအစု အဖွဲ့သုံးဖွဲ့က ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေ စုစုပေါင်း ၄၈ ယောက် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG