သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးပါတီတွေ တရားမဝင်အဖွဲ့တွေနဲ့ မဆက်ဆံရ


နိုင်ငံရေးပါတီတွေ တရားမဝင်အဖွဲ့တွေနဲ့ မဆက်ဆံရ

မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ၊ မတရားအသင်းနဲ့ ဆက်သွယ်တာတွေ မလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်က မကြာသေးခင် ရက်ပိုင်းအတွင်း စာပေးပို့ အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို ဆက်သွယ်တာတွေရှိမရှိ စောင့်ကြည့်ပြီး ကော်မရှင်ကို သတင်းပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန ကိုလည်း အကြောင်းကြားထားပါတယ်။ ဒီစာတွေအပေါ် နိုင်ငံရေး ပါတီတွေဘက်က ရှင်းရှင်းလင်းလင်းမရှိသလို ဘာ့ကြောင့် အခုလို စာပို့တယ်ဆိုတာကိုလည်း အတိအကျ မသိကြသေးပါဘူး။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော် ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ ၁၂ နဲ့ နည်းဥပဒေ ၁၅ တို့ကို ထောက်ပြပြီး အဲဒီ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့နဲ့ ငြိစွန်းမယ်ဆိုရင် ပါတီဖျက်သိမ်းခံရမယ် ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က စာနဲ့ အကြောင်းကြားခဲ့တာပါ။ ပုဒ်မ ၁၂ (က) မှာ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သော အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များ၊ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းဆိုပြီး ပြဌာန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့်အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်းဆိုပြီးတော့လည်း ပြဌာန်းထားပါသေးတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကတည်းက ဒီဥပဒေတွေကို လိုက်နာပါ့မယ်ဆိုတာ လက်မှတ်ထိုးထားပြီးသား ဖြစ်လို့ အခု ထပ်ပြီး ဘာ့ကြောင့် အသိပေး အကြောင်းကြားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒါပေမဲ့လည်း နောက်ထပ် အရေးယူ လုပ်ဆောင်နိုင်ဖို့အတွက် ကြိုပြင်ထားတဲ့ပုံစံ ရှိတယ်လို့တော့ သူက မြင်ပါတယ်။

“အဲဒါကတော့ နောက်ထပ် ခြေလှမ်းတလှမ်း လှမ်းဖို့အတွက် ကြိုပြင်တယ်ထင်တာပဲဗျ။ တရားဝင်တာတွေကို ကန့်သတ်ပြီးတော့ တရားဝင်တဲ့ပါတီရော၊ တရားမ၀င်တဲ့ပါတီရော အဲဒီ ပုဒ်မ ၁၂ နဲ့ ၁၅ နဲ့ညှိစွန်းရင် အရေးယူတဲ့သဘော ဆောင်တယ်လို့ အကြောင်းအရာကိုဖတ်ကြည့်ရင် ပေါ်ပါတယ်။ အကြောင်းအရာမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ချိုးဖောက်ကျူးလွန်သော နိုင်ငံရေးပါတီများကို တွေ့ရှိပါက သတင်းပေးပို့ရန်ဆိုတာ ပါတော့ နိုင်ငံရေးပါတီများဆိုတာမှာ တရားဝင်၊ မတရားမ၀င်ဆိုပြီး ခွဲခြားပြောထားတာမရှိပါဘူး။ အဲဒါကိုကြည့်မယ်ဆိုရင်တော့ ခြေလှမ်းတလှမ်း လှမ်းဖို့ရည်ရွယ်တယ်လို့ ပြောရင်လည်း ပြောလို့ရပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အတွက် ကော်မရှင်ရဲ့ အခုအကြောင်းကြားစာဟာ NLD နဲ့ ပတ်သက်သလားဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပေမဲ့ သံသယ ဖြစ်ကြတာတွေတော့ ရှိပါတယ်။ NLD ကိုယ်နှိုက် ကတော့ သူတို့ပါတီဟာ မတရားအသင်း ကြေညာ ခံထားရတဲ့ ပါတီ မဟုတ်သလို အကြမ်းဖက် လုပ်ရပ်နဲ့ပတ်သက်တဲ့ အဖွဲ့လည်း မဟုတ်တာကြောင့် အခုစာပါကိစ္စနဲ့ အကျူံးမ၀င်ဘူးလို့ NLD ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“မတရားအသင်းက နှစ်မျိုးပေါ့။ တမျိုးက သူတို့ကကြေညာထားတာ။ ကြေညာထားတာမှာ NLD ကို ကြေညာတာ လုံးဝမရှိဘူး။ နောက်တမျိုးက အကြမ်းဖက်ဝါဒကို ကိုင်စွဲတာ။ ဒါလဲ ကျနော်တို့နဲ့မဆိုင်ဘူး။ မတရားအသင်း အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ NLD မပါပါဘူး။”

ဒါကြောင့်မို့လို့ တခြားနိုင်ငံရေးပါတီတွေဟာ NLD နဲ့ဖြစ်ဖြစ်၊ NLD အဖွဲ့ဝင် တယောက်ယောက်နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်လို့ ပြစ်မှု တစုံတရာမမြောက်ပါဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တရားမ၀င် အဖွဲ့အစည်းနဲ့ မဆက်သွယ်ရဘူးဆိုတာ NLD ကို မဆက်သွယ်ခိုင်းချင်လို့လား ဆိုတာ မပြောတတ်သလို အသေအချာလည်း ဘာမှမသိသေးပါဘူးလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။ မကြာခင်မှာ တခုခု ရှင်းရှင် လင်းလင်း သိရလိမ့်မယ်လို့တော့ ဦးသုဝေက မျှော်လင့်ထားပါတယ်။

“အခုတော့ ကျနော်တို့က ဘာမှ ထူးထူးခြားခြား မလုပ်ရသေးဘူးပေါ့နော်။ အခုစာရပြီးတဲ့အခါကျတော့ စာနဲ့ပတ်သက်လို့ ကျနော်တို့ ဒီမှာ ကျနော်တို့ပါတီမှာ နည်းနည်း ဆွေးနွေးကြတာ ရှိတာပေါ့။ ဘာကို ရည်ရွယ်တာတုန်း၊ ဘာလုပ်ခွင့် မရှိတာတုန်း ဆိုတာကို ကျနော်တို့ ကိုယ်နှိုက်ကလည်း မပြတ်သားသေးဘူး။ ကျနော်ထင်တယ်။ အခု နှစ်ရက် သုံးရက်အတွင်းမှာတော့ သူတို့ တိတိကျကျ တခုခုတော့ အဖြေ ထွက် လာမယ်လို့ ယူဆပါတယ်။”

နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူ သုံးစွဲသည့်အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း ဆိုတဲ့နေရာမှာလည်း ပြည်ခိုင်ဖြိုးပါတီကို ထောက်ပြကြတာတွေရှိပါတယ်။ ဒါပေမဲ့လည်း ပြည်ခိုင်ဖြိုးပါတီက အရင်အစိုးရဆီကနေ လွှဲပြောင်း ရယူခဲ့တယ် ဆိုတဲ့အတွက် အခုလက်ရှိ ရယူ သုံးစွဲနေတယ်လို့ ပြောဖို့ မဖြစ်နိုင်ဘူးလို့ ဦးခင်မောင်ဆွေက ထောက်ပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ထိပ်တန်း မြန်မာစစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ဦးဆောင်ပါတယ်။ ဒီကော်မရှင်ဟာ အရင့်အရင် ဖွဲ့စည်းခဲ့ဖူးတဲ့ ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့မတူဘဲ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်လို့ အာဏာအပြည့် ပေးထားတဲ့ ကော်မရှင်ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြောခဲ့ဖူးပါတယ်။

XS
SM
MD
LG