သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီတွေ လွတ်လပ်ခွင့် ဘာမှမရှိ


မြန်မာပြည်မှာဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ကြမယ့် တရားဝင် နိုင်ငံံရေးပါတီ အများစုဟာ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မေးမြန်းမှုတွေကို နေ့စဉ်လိုလိုရှိနေလို့ နိုင်ငံရေးလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေတွေကို ညည်းညူနေကြပါတယ်။ ဒီလို စောင့်ကြည့်မှုတွေကြောင့် ပြည်သူတွေကလဲ ပါတီတွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ဖို့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ကနေ ကိုကျော်အောင်လွင်က သတင်းပေးပို့ထားပါတယ်။

တရားဝင်ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က အတည်ပြု သတ်မှတ်ပေးထားတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်နေပေမဲ့လဲ နိုင်ငံရေး လုပ်ဆောင်မှုတွေမှာ အာဏာပိုင်တွေဘက်က တရားမဝင် အဖွဲ့အစည်းလို ဆက်ဆံခံနေရတာတွေ အမြဲတန်းလိုလို စောင့်ကြည့်ခံနေရပြီး ပါတီလှုပ်ရှားမှုတွေကိုလဲ စုံစမ်းမေးမြန်းနေလို့ နိုင်ငံရေး လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံရေးပါတီတွေဘ၀ ရောက်နေရတဲ့အဖြစ်ကို တော်တော် စိတ်ညစ်နေကြပါတယ်။

“လွတ်လပ်မှုကတော့ ကျနော်တို့ လုံး၀ လွတ်လပ်မှုမရှိပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေကနေပြီးတော့ နေ့တိုင်းလာပြီးတော့ ဘာလုပ်နေလဲ၊ အစည်းအဝေး လုပ်နေသလား၊ ဘယ်သူလာလဲ စာရင်းပေးပါဆိုတော့ ဒါတွေက ကျမတို့မှာ လွတ်လပ်ခွင့်တွေကတော့ အင်မတန် ဆုံးရှုံးပါတယ်။ အနှောက်အယှက် ဖြစ်ပါတယ်။ ဘာမှ ကျမတို့ လျှို့ဝှက်လုပ်တာလဲ မရှိဘူးလေ။ ပါတီတခုထောင်ပြီး တည်ထောင်ခွင့်ရပြီဆိုရင် အဲဒီပါတီက ဘာလုပ်ရသလဲဆိုတာတော့ လူတိုင်းသိနေတဲ့ကိစ္စပဲ။ အဲဒီသိနေတဲ့ကိစ္စကိုပဲ ဘာလုပ်နေသလဲ၊ ဒီနေ့ အစည်းအဝေး ရှိသလား၊ အဲဒီအစည်းအဝေးရဲ့ မိနစ်လဲ ပေးရတယ်။ ဘယ်သူတွေတက်တယ်။ ဘာလုပ်တယ်ပေါ့နော်၊ ဒါတွေ အကုန်လုံး နေ့တိုင်း လာမေးနေတယ်၊ နောက်ပြီးတော့ ဧည့်သည်လာရင် ဓါတ်ပုံလာရိုက်တယ်။”

အဲဒါကတော့ ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ရှင်းပြခဲ့တာပါ။ အာဏာပိုင်တွေက အမြဲလိုလို စောင့်ကြည့်နေကြတာတွေကြောင့် သူတို့ရဲ့ပါတီရုံးတွေဖွင့်တဲ့အခါ အိမ်ရှင်တွေက ကြာကြာမထားရဲလို့ အခုဆို သူတို့ပါတီရုံးခန်း ပြောင်းပြီးဖွင့်နေရတာ ၃ နေရာ ရှိသွားပြီလို့ဆိုပါတယ်။

“ဒါ တတိယမြောက်ရုံးပါ။ ဒီနှစ်မှ ကျမတို့ ဆိုင်းဘုတ်တင်ရပါတယ်။ အဲဒီလိုဟာလေးတွေကအစ ကျမတို့မှာ အခက်အခဲ ရှိပါတယ်။ အခက်အခဲ ရှိတယ်ဆိုတာ အိမ်ရှင်တွေကလဲ အိမ်မငှါးရဲဘူးပေါ့နော်။ မငှါးရဲတော့ ၆ လစေ့ရင် ထွက်ပါတော့ ဆိုတော့ ပထမ အိမ်က ထွက်ရတယ်။ နောက် ဒုတိယအိမ်ကျတော့ ၆ လတခါ ငါှးပြန်တော့ ၆ လမဟုတ်ဘူး၊ ၄ လပဲရှိသေးတယ်။ သူတို့က ငွေပြန်အမ်းပါ့မယ် ထွက်ပါတဲ့။ သူတို့ ဆက်မထားချင်ဘူးပေါ့လေ။ သူတို့ကိုယ်တိုင် မကြုံတွေ့ရတာတောင်ပဲ သူတို့ ပတ်ဝန်းကျင်မှာ တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေ အပေါ်မှာမူတည်ပြီးတော့ သူတို့ ကြောက်ကြတာပေါ့လေ။ အရင်တုန်းကဆိုရင် ချိတ်ပိတ်ခံရတာတို့ ဘာတို့ ရှိတယ်မဟုတ်လား။”

အဲဒါကတော့ ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှင်းပြခဲ့တာပါ။ တကယ်တော့ ဒေါ်သန်းသန်းနုတို့ ပါတီတခုတည်း အခုလို အခြေအနေတွေ ကြုံနေရတာ မဟုတ်ပါဘူး။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ အတွင်းရေးမှူး ကိုနေမျိုးေ၀ ကလဲ သူတို့အဖွဲ့ရဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။

“ညဘက် အိမ်ခါနီးတဲ့အချိန်ထိတောင်မှလဲ ဟိုက ဖုန်းဝင်လာပြီးတော့ လာတွေ့လို့ လက်ခံထားပြီး စကားပြောရတာ ရှိတယ်။ ဘိုကလေး ရောက်တုန်းက အဲဒီ စအဖ ကနေပြီးတော့ လာတွေ့တယ်။ အဲဒါမျိုး ရှိတယ်။ နောက်တခါ ထူးထူးခြားခြား ဗျာ၊ ဘိုကလေးဘက်ကို ဆင်းသွားတဲ့အခါမှာ ရဲက ၂ ယောက်လောက် အနားမှာရှိတော့ ၁၀ ယောက်လောက်ပဲ လာတယ်ဗျ။ ကျန်တဲ့သူတွေက မလာရဲတော့ဘူး။ အဲဒါမျိုး ရှိတယ်။ နောက်တခါ မြောက်ဥက္ကလာ၊ မြောက်ဥက္ကလာမှာ မြို့နယ်ရုံး မဖွဲ့ခင်မှာ ကျနော်တို့က လ္ဘက်ရည်ဝိုင်းလေး လုပ်ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ မေးကြပြောကြဖို့ လုပ်တော့ လူ ၃၀ လောက် လာတယ်ဗျ။ ရုံးခန်း တကယ်ဖွဲ့တဲ့နေ့ကျတော့ အာဏာပိုင် အဖွဲ့အစည်းက လူ ၂၀ လောက်လာတယ်။ SB တို့ ရဲတို့ စအဖ တို့ နေမှာပေါ့ဗျာ။ လာတော့ အဲဒီမှာ အခမ်းအနား တက်ရောက်သူ တယောက်မှ မရှိပါဘူးခင်ဗျာ။”

အာဏာပိုင်တွေကြောင့် ပါတီလုပ်ငန်း အနှောက်အယှက်တွေ ဖြစ်နေတယ်ဆိုပေမဲ့ ကိုနေမျိုးဝေက အာဏာပိုင်တွေကိုလဲ နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ဆွေးနွေး စေချင်နေတာပါ။

“ကြီးမားတဲ့ အနှောက်အယှက်ကတော့ ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့က မကန့်ကွက်ဘူး။ အနာဂတ်လမ်းကြောင်း ဖန်တီးတည်ဆောက်ဖို့ ပြောဆိုဆွေးနွေးနေတာ။ သူ ပါဝင်ပတ်သက်လို့ရတယ်။ သူ ပါဝင် ဆွေးနွေးလို့ရတယ်။”

အခုဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ ၃၉ ပါတီ ရှိနေပြီး အဲဒီအထဲက ၃၆ ပါတီကို မှတ်ပုံခွင့် ပေးခဲ့ပြီးပြီလို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ပါတီတွေ တဖြည်းဖြည်း ပေါ်လာနေပေမဲ့ အခုချိန်ထိ လွတ်လွတ်လပ်လပ် နိုင်ငံရေး လုပ်ခွင့်မရဘဲ ဖြစ်နေတာကို ကိုနေမျိုးဝေကလဲ အားမရနိုင်ဘဲဖြစ်နေပါတယ်။

“အားမရပါဘူး။ အခုလက်ရှိ နိုင်ငံရေးပါတီ၊ ကျနော်အပါအဝင် ကျန်တဲ့ နိုင်ငံရေးပါတီ အားလုံး လုပ်နေတဲ့ကိစ္စမှာ ရွေးကောက်ပွဲ အတွက် အားကောင်းမောင်းသန် နဲ့ ဖြတ်သန်းရတဲ့ အခြေအနေ ကျနော် မတွေ့ပါဘူး။”

ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ အခုချိန်ထိ ဘယ်နေ့လုပ်မယ် ဆိုတာကို မြန်မာစစ်အစိုးရက မကြေညာသေးပါဘူး။ နိုင်ငံရေးပါတီတွေ အနေနဲ့လဲ ရွေးကောက်ပွဲမတိုင်ခင်မှာ အခု အခြေအနေထက် ပိုပြီးလွတ်လပ်တဲ့ အခွင့်အရေးတွေ ရဖို့လဲ သိပ်ပြီးတော့ မမျှော်လင့်ထားကြဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG