သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ့် မိတ်ဖက်ပါတီများ စုစည်း


ရွေးကောက်ပွဲဝင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲ မိတ်ဖက် ပါတီများဆိုပြီး စုစည်းဖို့ ကြိုးစားနေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ရေးဆိုတဲ့ တူညီတဲ့ အခြေခံအပေါ်မှာ လွှတ်တော်အတွင်း ဒီမိုကရေစီ အင်အားစုတွေ စုစည်းနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့တွေနဲ့ ဘယ်လို စီစဉ် ဆောင်ရွက်နေသလဲ ဆိုတာတော့ အသေးစိတ်ကို မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

ရွေးကောက်ပွဲ အကြိုကာလ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေမှာရော ရွေးကောက်ပွဲအပြီး အစိုးရသစ်အဖွဲ့ရဲ့ လွှတ်တော်တွင်းမှာပါ ဒီမိုကရက်တစ် အင်အားစုတွေက အစုအဖွဲ့နဲ့ လှုပ်ရှားနိုင်ဖို့ ရွေးကောက်ပွဲ မိတ်ဖက်ပါတီများ ဆိုတဲ့ အဖွဲ့ကို လုပ်နိုင်ဖို့ ဆွေးနွေး စီစဉ်နေကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အများ လက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရွေးကောက်ပွဲကိုဝင်ပြီး လွတ်တော်တွင်းမှာ ပြင်ဆင်မယ်လို့ သဘောထားရှိတဲ့ နိုင်ငံရေးအင်အားစုတွေ စုပေါင်းဖို့ စီစဉ်နေတယ်လို့ အမျိူးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“အစစ်အမှန် ဒီမိုကရက်တစ်ဖြစ်တယ်၊ နောက်အခါမယ် လွှတ်တော်ထဲမှာလည်း ဒီမိုကရေစီ လုပ်ငန်းရပ်ဖြစ်တဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ဆိုတဲ့ သဘောထားအပေါ်မှာ ရှိနေတဲ့ပါတီဆိုလို့ရှိရင် လွှတ်တော်ထဲမှာပဲ နေပြီး လက်တွဲနိုင်အောင် အခုကတည်းက ကျနော်တို့က ရွေးကောက်ပွဲ မိတ်ဖက်ပါတီတွေ အဖြစ်နဲ့ စုစည်းသွားဖို့ ရှိပါတယ်။ ကျနော်တို့ မူဝါဒအနေနဲ့ကတော့ ရှိပြီးသားပါ။ ဒါကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းပြီးတဲ့အခါမှာ အကောင်အထည် ဖော်ဖို့ဆိုပြီးတော့ နီးနီးကပ်ကပ် ရှိလာတဲ့ သဘောတော့ ရောက်လာတယ်ခင်ဗျ။”

NDF ပါတီနဲ့အတူ တခြား နိုင်ငံရေးပါတီ တချို့အပြင် တိုင်းရင်းသားပါတီ တချို့ကပါ ဆွေးနွေးတိုင်ပင်နေကြပြီ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“၇ ရက်နေ့က ပြည်ထောင်စု ဒီမိုကရေစီပါတီပေါ့လေ။ ဦးသိန်းဌေး ခေါင်းဆောင်တဲ့ပါတီက ကျနော်တို့ ရုံးမှာတွေ့ပါတယ်။ ရုံးမှာ တွေ့ပြီးတော့ ကျနော်တို့ ဆွေးနွေးကြတဲ့အခါမှာ ရွေးကောက်ပွဲ မိတ်ဖက်ပါတီများအဖြစ်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့တော့ ကျနော်တို့ သဘောတူထားပါတယ်။ နံပါတ် - ၂ ကတော့ ဦးသုေ၀ တို့ပါတီကလည်း သူတို့ ကမ်းလှမ်းပြီးတော့ ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။ ဦးသိန်းဌေးတို့ ဘက်နေပြီးတော့။ နောက်ပြီးတော့ ကျနော်တို့နဲ့ စကားပြောပြီးသား ဦးစိုင်းအိုက်ပေါင်း Shan National Democratic Party ရယ်၊ ဒေါက်တာ စောဆိုင်မွန်သာ တို့နဲ့လည်း ကျနော်တို့ စကားနည်းနည်း ပြောကြည့်ထားပါတယ်။ နီးစပ်ရာတွေ ကျနော်တို့ စထားဦးမှာပါ။ ”

NDF ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောသွားတာပါ။ ကိုယ်စားလှယ် အင်အား ၁,၁၀၀ ကျော်နဲ့ ဝင်မယ့် ကြံ့ခိုင်ရေး ပါတီနဲ့အတူ အင်အား ၉၀၀ ကျော်ရှိမယ့် တစည ပါတီတွေကသာ လွတ်တော်မှာနေရာ အများစုရဖို့က အသေအချာ ဖြစ်နေတော့ လွတ်တော်တွင်း ဥပဒေတွေကို အတည်ပြုနိုင်ဖို့ အရပ်သား နိုင်ငံရေး ပါတီတွေက အတိုင်အခံ အင်အားကောင်းကောင်း ဖြစ်ထားဖို့ လိုတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ဥက္ကဌ ဦးသိန်းဌေးကဆိုပါတယ်။

“ကျနော်တို့က ပထမ ရည်ရွယ်ထားတာက တဖက်အင်အားစုနဲ့ ကျနော်တို့ အင်အားစုသည် မသာဦးတော့၊ အနိမ့်ဆုံး တန်းတူအင်အားစု အနေနဲ့ ကျနော်တို့က ကြိုးစားကြည့်တာပါ။ ကြိုးစားကြည့်တဲ့အခါ အနေအထားတခုကြောင့် ကျနော်တို့က တမျိုးဖြစ်သွားတယ်။ အဲဒီမှာ ရှိတဲ့အင်အားနဲ့ ကျနော်တို့က ရပ်ခံပြီးသွားရမှာပါ။ အခွင့်အရေးနဲ့လာတယ်လို့ပဲ ကျနော်တို့က ယူဆတယ်။”

UDP ဥက္ကဌ ဦးသိန်းဌေး ပြောပြခဲ့တာပါ။ ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ် အမည်စာရင်းတွေကို ကော်မရှင်က စီစဉ်နေတာ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့ဟာ နောက်ဆုံး သတ်မှတ်ထားတဲ့ ရက်ကို ရောက်လာပြီဖြစ်ပြီး မကြာခင်ရက် အနည်းငယ်တွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ထုတ်ပြန်တော့မှာပါ။ အရည်အချင်း ပြည့်မှီခြင်း မရှိတဲ့အတွက်ဆိုပြီး ကိုယ်စားလှယ်တချို့ အပယ်ခံရတာမျိူး ရှိတယ်လို့ သိရပေမဲ့ အင်အား ၁,၁၀၀ ကျော်နဲ့ လွတ်တော် ၃ ရပ်စလုံးအတွက် နိုင်ငံတဝှမ်းလုံးမှာ ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိူုးရေးပါတီ ကတော့ ဘယ်သူမှ အပယ်ခံရတာ မရှိဘူးလို့ မန္တလေးတိုင်း ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကြီးက ပြောပါတယ်။

“ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ဝင်တဲ့ကိုယ်စားလှယ်လောင်းတွေ အနေအထားကတော့ ကျနော် သိရသလောက်ကတော့ အပယ်ခံရတာ မရှိပါဘူး။ အားလုံးက စည်းမျဉ်းစည်းကမ်းနဲ့လည်း ညီတယ်။ ခရိုင်မှာလည်း ကျနော်တို့ လက်မှတ်ထိုးပြီး ကြပါပြီ။ နောက်တကြိမ် ထပ်ပြီးတော့ အတည်ပြုပြီးသွားပါပြီ။ ပြည်ခိုင်ဖြိုးဘက်ကနေ ဝင်တဲ့အားလုံးနီးပါးကတော့ အစကတည်းက သူတို့က နံမည်ကောင်းနဲ့ပေါ့လေ၊ လုပ်ကိုင်လာပြီးတော့ ရှေ့မှာလုပ်ခဲ့တာ အားလုံးကို ပြန်ပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် အစဉ်အလာအားဖြင့် အားလုံး ကောင်းတဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံအတွက်ကိုပဲ အဓိကထားပြီး လုပ်မယ့်သူတွေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကြံ့ခိုင်ရေး ပါတီကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ဦးကိုကြီး ပြောပြခဲ့တာပါ။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲတွေ အတွက် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ နောက်ဆုံး စာရင်းတင်သွင်းရတာ ဖြစ်ပြီးတော့ စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ အမည်တွေကို စိစစ်နေတာဖြစ်ပါတယ်။

သတ်မှတ်ချိန် တိုတောင်းလှတဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံရေးပါတီ တော်တော်များများဟာ အခက်အခဲ အမျိူးမျိူးတွေကြောင့် မှန်းထားတဲ့ ကိုယ်စားလှယ် ဦးရေအတိုင်း မတင်သွင်းနိုင်ခဲ့ကြပါတယ်။

XS
SM
MD
LG