သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား လွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုး


အကျဉ်းသား လွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုး
အကျဉ်းသား လွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုး

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပေးဖို့အရေး မြန်မာအစိုးရသစ်ကို တောင်းဆိုတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတရပ်ကို ဆောင်ရွက်နေကြပါတယ်။ ဒီလက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသာတွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ်တွေ ရပ်စဲဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြည်တွင်း ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး အတွက် ကောင်းမွန်တဲ့ အနေအထား တခုကို ဖန်တီးပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဝါရင့် နိုင်ငံရေး သမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆို လှုပ်ရှားမှုတခုကို မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒီလို လက်မှတ်ရေးထိုး တောင်းဆိုမှုကို လူထုတောင်းဆိုမှု တခုအသွင် ဆောင်လာအောင်အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးကို ပို့ဆောင်ပြီး လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ပထမဦးဆုံးအချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ရယ်၊ ဒုတိယ အချက်က မြန်မာ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက်ပေါ့။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်ေးရး တည်ဆောက်ဖို့ တိုက်တွန်းထားတာ။ နိုင်ငံတကာမှာ ရောက်နေတဲ့သူတွေရော၊ ပြည်ပနိုင်ငံ အသီးသီးမှာ ဒုက္ခသည်အဖြစ် ရောက်နေကြတဲ့သူတွေရော၊ မြန်မာနိုင်ငံအတွင်းကို လုံခြုံစိတ်ချစွာ ပြန်လည် လာနိုင်ရေးအတွက်ပေါ့ နောက် အခြေအနေ ကောင်းတွေကို ဖန်တီးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အခုစပြီး လက်မှတ်ရေးထိုးနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့၊ ဦးတင်ဦး တို့ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ ၈၈ ကနေ အခုထိ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေး မိသားစုတွေ အတော်များများ ပါဝင် လက်မှတ်ရေးထိုး ကြမှာပါ။ လူထုရဲ့ အသံတခု အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာပါ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအဝင် အစိုးရသစ် သမ္မတ အနေနဲ့ ပြောထားတဲ့ ကတိအတိုင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ပါလို့ တိုက်တွန်း တောင်းဆိုထားတဲ့ စာတစောင်ကို အစိုးရသစ် သမ္မတ ဦးသိန်းစိန်ထံကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပေးပို့ခဲ့ပါသေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်း ပြန်လည် နေထိုင်နိုင်ရေး အတွက် အမတ်တချို့က လွှတ်တော်သစ်ထဲမှာ တင်ပြဖူးပေမဲ့ ဒီကိစ္စဟာ လွှတ်တော်မှာ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူးဆိုပြီး ပယ်ချခဲ့တာပါ။

ဒီလို ပယ်ချထားပေးမဲ့လည်း အခု လက်မှတ်ရေးထိုး လှုပ်ရှားသူတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်တယ်လို့လည်း တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ဗျာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မျှော်လင့်ထားပါတယ်။ အခုချိန်မှာ နိုင်ငံတော်သမ္မတလည်း ပေါ်လာပြီ။ တိုင်းပြည်မှာ လွှတ်တော်တရပ်လည်း ပေါ်လာပြီဖြစ်တဲ့ အတွက် ဒီအခြေအနေ အပေါ်ကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အခုပေါ်လာတဲ့ အစိုးရသစ်ကနေ ဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီနှစ်သစ်အခါသမယမှာပေါ့နော် တိုင်းပြည်မှာရှိနေတဲ့ ပြဿနာ အရပ်ရပ်တွေကို ပြေလည်သင့်မြတ်ဖို့နဲ့ လာမယ့် မင်္ဂလာရှိတဲ့နှစ်သစ် ဖြစ်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ကြမယ်၊ ဒုက္ခသုက္ခရောက်နေသူတွေ၊ စစ်ဘေးဒဏ် သင့်နေတဲ့သူတွေရဲ့ ဒုက္ခတွေကိုလည်း ငြိမ်းချမ်းဖို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ပြီး အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံရေး ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု နှစ်သစ် အခါသမယမှာ ဒီလို ကောင်းမြတ်တဲ့ ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။”

ဒီကနေ့စတင်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကရလာတဲ့ လက်မှတ်တွေနဲ့ တောင်းဆိုမှုတွေကိုတော့ လာမယ့် ရုံးဖွင့်ရက်မှာပဲ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ပေးပို့မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG