သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးကြောင့် လိုင်စင်ပိတ်ခံရသူများ အရေးဆိုမည်


နိုင်ငံရေးနဲ့ဆက်နွယ်တဲ့အတွက် ဖမ်းဆီးထောင်ချ ခံရပြီးတော့ အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ခွင့်တွေ ပိတ်ပင်ခံထားရတာနဲ့ ကျောင်းဆက်တက်ခွင့် ပိတ်ပင်ခံထားရတာတွေကို ပယ်ဖျက်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို တင်ပြသွားဖို့ ပြင်ဆင်နေကြပါတယ်။ နိုင်ငံရေးနဲ့ပတ်သက် ဆက်နွယ်တာကြောင့် လိုင်စင်အပိတ်ခံထားရတဲ့ ဆရာဝန်တွေနဲ့ ရှေ့နေတွေအပြင် ကျောင်းဆက်တက်ခွင့် ပိတ်ပင်ခံထားရတဲ့ ကျောင်းသားတွေက စုပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

စစ်အစိုးရလက်ထက်တုန်းက နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်တဲ့အတွက် အကျဉ်းချခံရတဲ့ ကျောင်းသားတွေ၊ ရှေ့နေတွေနဲ့ ဆရာဝန်တွေဟာ အကျဉ်းထောင်တွေက လွတ်မြောက်လာပေမဲ့ မူလ အသက်မွေးဝမ်းကြောင်း လုပ်ပိုင်ခွင့် ပြန်မရကြတာတွေ၊ ကျောင်းသားတွေဆိုရင်လည်း ကျောင်းဆက်တက်ခွင့်မရတာတွေ ရှိနေပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်လို့ အခု အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကောင်စီမှာ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုပြီး ရှေ့နေလိုင်စင် အသိမ်းခံထားရတဲ့ ဥပဒေအကျိုးဆောင် ဦးအောင်သိန်းက ပြောပါတယ်။

“လူ့အခွင့်အရေး ကော်မတီကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေအပေါ်မှာတော့ အဓိက ကျတာပေါ့။ နိုင်ငံရေးလုပ်ရင်းနဲ့ ကျနော်တို့အပေါ်မှာ ထောင်ချတယ်။ ထောင်ချပြီးတော့လည်း လိုင်စင်ပါ ဆက်ပြီးတော့ ရုပ်သိမ်းပစ်တယ်ဆိုတဲ့ဥစ္စာက လူ့အခွင့်အရေး ချိုးဖောက်တဲ့သဘော သက်ရောက်တယ်လို့ ကျနော်တို့ဘက်က မြင်တယ်လေ။ အဲဒါကြောင့် ကျနော်တို့က လူ့အခွင့်အရေးကောင်စီမှာ တင်ပြီးတော့ လူတစ်ယောက်ဟာ အကြောင်းချင်းရာတစ်ခုတည်းနဲ့ ပြစ်ဒဏ် ၂ ခါပေးသလို ဖြစ်နေတယ်။ ဒါဟာ မဖြစ်သင့်ဘူးဆိုတာကို ကျနော်က ပြောမှာဖြစ်ပါတယ်။”

ရှေ့နေလိုင်စင်နဲ့ ဆေးကုသခွင့်လိုင်စင် သိမ်းဆည်းခံထားရတဲ့ ရှေ့နေတွေနဲ့ ဆရာဝန်တွေကို လုပ်ပိုင်ခွင့်တွေ ပြန်လည် ပေးအပ်ဖို့ အနေအထား ရှိမရှိနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော် အမတ်တစ်ဦးက အောက်တိုဘာလ ၃ ရက်နေ့မှာ မေးမြန်းတာမှာတော့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှိန်က မြန်မာနိုင်ငံ ဆေးကောင်စီ၊ တရားလွှတ်တော် ရှေ့နေများကောင်စီနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တို့ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ထားတာပါလို့ ဖြေကြားခဲ့ပေမဲ့ ပြန်ပေးမယ် မပေးဘူးဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ ဖြေကြားခဲ့တာမရှိခဲ့ပါဘူး။

နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်တဲ့အတွက် ထောင်ဒဏ်ကျခံရတာအပြင် အသက်မွေးဝမ်းကျောင်း လုပ်ပိုင်ခွင့်ကိုပါ ပိတ် သိမ်းတယ်ဆိုတာက လူတစ်ယောက်ကို ပြစ်ဒဏ် နှစ်ကြိမ်ကျခံစေတာ ဖြစ်တဲ့အပြင် ဥပဒေနဲ့လည်း မညီဘူးဆိုပြီး ဥပဒေအကျိုးဆောင် ဦးအောင်သိန်းက ပြောပါတယ်။

“ဥပဒေကြောင်းအရကို မညီညွတ်တာခင်ဗျ။ ရှေ့နေတစ်ယောက်ကို ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ပြီးတော့ ပြစ်ဒဏ်ပေးတယ်ဗျာ။ နောက်ပြီးတော့ သူ့ ရှေ့နေလိုင်စင်ကို ရုပ်သိမ်းတဲ့အခါမှာလည်း သူ့ကို inquiry လုပ်သင့်တာပေါ့နော်။ အဲဒီလို inquiry လုပ်ခြင်းမရှိဘူး။ အပြန်အလှန် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခြင်းမရှိဘဲနဲ့ ထောင်ကျနေတဲ့အတွင်းမှာပဲဖြစ်ဖြစ် ထောင်ကျပြီးတဲ့အခါမှာပဲဖြစ်ဖြစ် ရှေ့နေတစ်ယောက်ကို အသက်မွေးဝမ်းကြောင်းလိုင်စင် ရုပ်သိမ်းတယ်ဆိုတာဟာ တရားမျှတမှုမရှိဘူး ဆိုတာကို ဥပဒေအရ ထင်ရှားနေမှာပါပဲ။”

စစ်အစိုးရလက်ထက်က ဥပဒေနဲ့မညီတဲ့ တရားစီရင်ရေးတွေကြောင့် ဆုံးရှုံးနစ်နာရမှုတွေကို လက်ရှိ အစိုးရအနေနဲ့ ဖြေရှင်းသင့်တယ်လို့လည်း နိုင်ငံရေးလှုပ်ရှားသူတွေကို ရှေ့နေလိုက်ပေးရင်း ထောင်ဒဏ် ကျခံခဲ့ရသူ ရှေ့နေလုပ်ပိုင်ခွင့်လိုင်စင် သိမ်းခံထားရသူ ရှေ့နေအကျိုးဆောင် ဦးအောင်သိန်းက အခုလို ဆက်ပြောပါတယ်။

“ပြစ်ဒဏ်လည်း ခံခဲ့ရပြီးပြီ။ အသက်မွေးဝမ်းကြောင်း လိုင်စင်ကိုလည်း ပိတ်တယ်ဆိုတာက ပြစ်ဒဏ်ပေးတဲ့ အခါမှာ လူညွှန့်တုံးအောင် ပြစ်ဒဏ်မပေးရဘူးဆိုတဲ့ principle ရှိပါတယ်။ ဖွဲ့စည်းပုံမှာပဲကြည့်ရင် ပြဌာန်းထားတာတွေ ရှိပါတယ်။ အဲဒါတွေအရဆိုရင် ထောင်ဒဏ်ပြစ်ဒဏ်တွေ ပေးပြီးတော့ အသက်မွေးဝမ်းကြောင်းမှုကို ပိတ်ပစ်တယ်ဆိုတာ လူညွှန့်တုံးအောင်လုပ်တဲ့သဘော သက်ရောက်ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ်ဆိုတဲ့ အစိုးရတွေဟာ ဒါတွေကို မျက်ခြေမပြတ် ကြည့်ပြီးတော့ ဖြေရှင်းပေးသင့်တယ်လို့ ကျနော်တို့မြင်လို့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။”

လတ်တလောမှာတော့ နိုင်ငံရေးနဲ့ ဆက်နွယ် ပတ်သက်တဲ့အတွက် အသက်မွေးဝမ်းကြောင်း လုပ်ခွင့် ပိတ်ပင်ခံထားရသူတွေ၊ ကျောင်းဆက်တက်ခွင့် မရသူတွေကို ပြန်လည် ခွင့်ပြုပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တရားရုံးချုပ်နဲ့ လွှတ်တော်တို့ကို တင်ပြဖို့အတွက် လိုင်စင် အသိမ်းခံထားရသူတွေ၊ ကျောင်းသားတွေ စုစည်း ပြင်ဆင်နေကြပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့က အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်မှု တိုင်ကြားချက်တွေကို လက်ခံမယ်၊ ပြီးရင် အရေးယူဆောင်ရွက်နိုင်ရေးလည်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

XS
SM
MD
LG