မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရာဂဏန်းအထိ ရှိနေဆဲဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ ပြန်လွတ်လာတော့မလို သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် သက်ဆိုင်ရာ မိသားစုတွေက အကျဉ်းထောင်တွေမှာ သွားရောက် စောင့်ဆိုင်းကြတဲ့အထိ မျှော်လင့်ချက်တွေလည်း ကြီးကြီးမားမား ထွက်ပေါ်နေပါတယ်။ အဓိက နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကတော့ ဆက်ပြီးတော့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနေပြီး ဒီကနေ့ပဲ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရရှိထားတဲ့အချက်အလက်တွေကို ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာခဲ့တာပါ။ အပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာလ ၁၄ ရက်နေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်သလို ဒီနေ့မှာပဲ ပြန်လွတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်တွေဆီကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေက ပြန်လွှတ်ပေးနိုးနဲ့ သွားရောက် စောင့်ဆိုင်းနေခဲ့ကြတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့မှာပဲ လက်လှမ်းမီသလောက် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ပြန်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။
“၅၉၁ ယောက်ဖြစ်ပါတယ်။ ဒါက အဖွဲ့ချုပ်ရဲ့ စာရင်းထဲမှာပါ။ အဖွဲ့ချုပ်ရဲ့စာရင်းက အစိုးရစာရင်းနဲ့ ၂၀၀ လောက်တော့ ကွာပါတယ်။ ၂၀၀ လောက် ပိုတာရှိပါတယ်။ ဒါပေမဲ့ တချို့စာရင်းတွေက ၂,၀၀၀ လောက်ရှိတယ်ဆိုတာ မှန်ပါတယ်။ အဲဒီအပြင်ကနေရတဲ့စာရင်းတွေကို ကျမတို့ တတ်နိုင်သလောက် လိုက်ပြီးတော့ စုံစမ်းပါတယ်။ စုံစမ်းတော့ တချိုက အဲဒီစာရင်းတွေထဲမှာ ပါနေတဲ့ တချို့ အကျဉ်းသားတွေက လွတ်သွားတာကြာပြီဆိုတာ ကျမတို့ တွေ့ရပါတယ်။ ဒါပေမဲ့ ကျမတို့ အားလုံးကိုတော့ တိတိကျကျ မစုံစမ်းနိုင်သေးပါဘူး။ အခု ကျမတို့ ၅၉၁ ယောက်ဆိုပြီး သတ်မှတ်ထားတာ ကျမတို့ သေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်ဆိုတာကို ကျမတို့သိတဲ့ နိုင်ငံရေးအကျဉ်းကျများ ဖြစ်ပါတယ်။”
တကယ်တော့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားတဲ့စံနှုန်းတွေ ကွဲလွဲမူတွေရှိနေတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်လှမ်းမမီတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားဦးရေ ဒီထက်မက ရှိနိုင်ကြောင်း အမျိုသားဒီမိုကရေစီအဖွဲချုပ် လူမှုထောက်ကူပြုအဖွဲ့က စာရင်းပြုစုချက်တွေနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးတာဝန်ခံ ဦးနိုင်းနိုင်းက အခုလို ပြောပါတယ်။
“NLD က အန်ကယ်တို့ လူမှုထောက်ကူပြုအဖွဲ့က ဒါကို ပြုစုခဲ့တဲ့စာရင်း။ နောက်တစ်ခုက ဒီစာရင်းမှာ မပါသော်လည်းပဲ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ်။ ဦးတို့က ကိုယ်တိုင်ကိုယ်ကျ စုံစမ်း ကြည့်ကြပ်ပြီး ပိုက်ဆံထောက်ပံ့ပေးတာ လုပ်လို့ရတဲ့သူတွေကိုပဲ စာရင်းကိုပြုစုထားတာ။ ဒါပေမဲ့ ရှိမှန်းမသိဘဲနဲ့ ရှိနေတဲ့သူတွေက အများကြီးတွေ့ရတယ်။ ဘယ်သူ့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မှတ်တယ်ဆိုကတည်းက မှတ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာလည်း ကွာတယ်။ တချို့ကိစ္စတွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို တခြား ပုဒ်မတွေနဲ့ထည့်ပြီးတော့ ချထားတာတွေ အများကြီးပဲ။ အဲဒီတော့ ရွာကလူတွေပေါ့။ ရွာကလူတွေ၊ သူပုန်နယ်ကလူတွေက သူပုန်ကိုလက်ခံရုံနဲ့ သူတို့က ထောင်ချလိုက်ရော။ အဲဒီလူတွေကိုလည်း နိုင်ငံရေးကိစ္စနဲ့ကျတယ်လို့ ဦးတို့က သတ်မှတ်တယ်လေ။ အဲဒီတော့ သတ်မှတ်ပုံ သတ်မှတ်နည်းက သူတို့အစိုးရသတ်မှတ်တာနဲ့ ဦးတို့ သတ်မှတ်တာနဲ့ မတူဘူး။”
မကြာသေးခင်ကပဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်က နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ ပြောဆိုထားတဲ့အတွက် လွတ်ဖို့အတွက် ဒီနေ့မှာ မျှော်လင့်နေတဲ့အကြောင်း ဦးနိုင်းနိုင်းက ဆက်ပြောပြပါတယ်။
“တနေ့က စနေနေ့က လူ့အခွင့်အရေးအဖွဲ့ကနေ သမ္မတကို စာတင်တယ်ဆိုတော့ ဒါက အလွယ်တကူ ကြေညာတာတော့ မဟုတ်ဘူးလေ။ ရှေ့မှာလွှတ်မှာမိုလို့ သူတို့ လူသိရှင်ကြား သတင်းစာထဲ ထည့်ပြီး ကြေညာတာဆိုတော့ တချို့ကိုတော့ လွှတ်မယ်လို့ထင်တယ်။ အကုန်တော့ လွတ်ချင်မှလွတ်မှာပေါ့လေ။”
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်သားအဖြစ် အစိုးရက သတ်မှတ်ချက် မထားပေမဲ့ တခြားပုဒ်မတွေနဲ့ ပြစ်ဒဏ်ပေးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ရှိနေသေးကြောင်း AAPPB ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကလည်း ပြောပါတယ်။ တချို့တွေဟာ ရဲဘက်စခန်းဆီကို ရောက်ရှိနေကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ AAPPB ထုတ်ပြန်တဲ့စာရင်းအရ နိုင်ငံရေးအကျဉ်သား ၁,၆၀၀ ကျော်လောက် ရှိနေသေးတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ အင်းစိန်ထောင်ရှေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေ စောင့်နေကြပြီး နိုင်ငံရေးအကျဉ်သားတွေ ပြန်လွတ်မြောက်မယ် ဆိုပြီး မျှော်လင့်နေခဲ့ကြပေမဲ့ ညနေပိုင်းအထိ ဘာမှထူးခြားမှု မရှိလာပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့ကတော့ မြန်မာအစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။