သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၁၇ ဦး လွတ်မြောက်


နိုင်ငံရေးအကျဉ်းသား ၁၇ ဦး လွတ်မြောက်
နိုင်ငံရေးအကျဉ်းသား ၁၇ ဦး လွတ်မြောက်

လွတ်ရက်စေ့နေပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ ဒီကနေ့မှာပဲ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒီအထဲမှာ အင်းစိန်ထောင်မှာ ပုဒ်မ (၅/ည) နဲ့ ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ ဗကသများအဖွဲ့ချုပ်က ကိုဟန်ဝင်းအောင်နဲ့ သူရဲ့အမူတွဲ ၂ ဦးလည်း ပါဝင်ပါတယ်။ နယ်ထောင်တွေက လွတ်ရက်စေ့သူတချို့လည်း ပြန်လွတ်လာကြပါတယ်။ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ကူးစက်ရောဂါအပြင် အခြားဝေဒနာတွေ ပြင်းထန်စွာ ခံစားနေရပြီး ဆေးကုသခွင့် လုံလောက်စွာ မရရှိဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အင်းစိန်ထောင်မှာ ပုဒ်မ (၅/ည) နဲ့ ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရတဲ့ ဗကသများ အဖွဲ့ချုပ်က ကျောင်းသားတဦးဖြစ်တဲ့ ကိုဟန်ဝင်းအောင်ဟာ ထောင်တွင်းမှာရက်စေ့နေခဲ့ရကြောင်းကို အခုလိုပြောပြပါတယ်။

“ဖြစ်စဉ်ကတော့ ၂၀၀၃ ခုနှစ် ၈ လပိုင်း ၃၀ ရက်နေ့မှာ ကြေညာလိုက်တဲ့ ဗိုလ်ခင်ညွန့်ရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ နိုင်ငံခြားရေးရာကော်မတီက ဆန့်ကျင်တယ် ဆိုတဲ့နေရာမှာ ကျနော် ပါဝင်ခဲ့တဲ့အတွက် ကျနော်ကို အင်းစိန်တရားရုံးကပဲ ထောင်ဒဏ် ၇ နှစ်ချပါတယ်။ ကျနော် အင်းစိန်ထောင်ထဲကို ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ စတင်ရောက်ရှိတယ်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျနော် အမိန့်ချခြင်းခံရတယ်။ အခု ကျနော် ၂၀၁၀ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ လွတ်မြောက်လာပါတယ်။ အဲဒါက နှစ်ပြည့်ပါ။ တရက်မှ လျော့မရဘူး။ နှစ်ပြည့်ပါ။ ထောင်ကိုစရောက်တဲ့နေ့ကနေ တွက်မယ်ဆိုရင် အောက်တိုဘာလ ၉ ရက်နဲ့ တွက်မယ်ဆိုရင် ၇ နှစ် ၂ လနဲ့ ၇ ရက်တိတိ ဖြစ်သွားပါတယ်။”

အင်းစိန်ထောင်တွင်းမှာ နေထိုင်စဉ်အတွင်း သူဟာ တီဘီရောဂါဝေဒနာကို ခံစားခဲ့ရကြောင်းကိုလည်း ပြောပြပါတယ်။

“ကျန်းမာရေးကတော့ ကျနော် ထောင်ကျပြီးတော့ ၄ နှစ်ပြည့်တဲ့ ၂၀၀၇ ခုနှစ်မှာ ကျနော် တီဘီရောဂါ စဖြစ်ပါတယ်။ အဲဒါကို တီဘီဆေးသောက်ပြီးတော့ ပြီးသွားတဲ့အချိန် နောက်ထပ် ၁ နှစ်ခွဲ ၂၀၀၉ ခုနှစ် အောက်တိုဘာထဲမှာ ဒုတိယအကြိမ် တီဘီရောဂါ ထပ်ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော် ဆေးထပ်တင်ရပါတယ်။ ပထမအကြိမ်ကနေ ဒုတိယအကြိမ် ဘာကြောင့်ပြန်ဖြစ်ရသလဲ ဆိုတာကတော့ ထောင်ရဲ့ ဆေးဝါးကုသမှုစနစ်တွေနဲ့ ထောင်တွင်းနေထိုင်ရတဲ့ အခြေအနေတွေက အဓိက ဆိုင်ပါလိမ့်မယ်။ ဥပမာ၊ ကျနော် ဒီနှစ် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၈ လ နှစ်ကြိမ် သောက်ခဲ့ရတဲ့အချိန်မှာ တီဘီဆရာဝန်နဲ့ တခါမှမတွေ့ခဲ့ရပါဘူး။ အင်းစိန် ထောင်တွင်း ဆရာဝန်နဲ့သာ ကျနော် မျက်ကွယ်ကုသခြင်း ခံခဲ့ရပါတယ်။ ပထမအကြိမ် ကုသပြီးတော့ ပျောက်ကင်းသွားတယ်ဆိုတဲ့ အခြေအနေမှာလည်း နောက်ဆက်တွဲ အခါအားလျော်စွာ ထပ်မံပြီး စစ်ဆေးနေရမယ့် သွေးစစ်မှုတို့၊ ဓါတ်မှန်ရိုက်မှုတို့ မရှိပါဘူး။ အဲဒီအတွက် နောက်တနှစ်အကြာမှာ ကျနော် ဒီရောဂါကို ထပ်ပြီးခံစားရတာပါ။ အဲဒီတော့ ထောင်တွင်းမှာ နေထိုင်ရတဲ့စနစ်ရယ်၊ သူတို့ရဲ့ လုံခြုံရေးအခြေအနေအပေါ် မူတည်ပြီးတော့ အပြင်ဆရာဝန်နဲ့ ပြခွင့်မရခဲ့တာကြောင့် ကျနော် ပိုပိုပြီး ဆိုးရွားခဲ့တာပါ။ ဒုတိယအကြိမ် ထပ်ဖြစ်လာတာပါ။”

နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ဆေးကုသခံရမူ လုံလောက်စွာမရရှိဘဲ သွေးတိုး၊ နှလုံး၊ ဆီးချို၊ လေဖြတ်ရောဂါတွေ၊ တီဘီအပါအဝင် ကူးစက်ရောဂါတွေ ခံစားနေရကြောင်း အင်းစိန်ထောင်တွင်းက ကျန်းမာရေး အတော်ဆိုးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကိုလည်း အခုလို ပြောပြပါတယ်။

“ဦးခင်ဝင်း လေဖြတ်ရောဂါ ခံစားနေရပါတယ်။ ကိုမြဆန်းထူး ဆိုရင် အခု တီဘီရောဂါ ဖြစ်နေပါပြီ။ တီဘီရောဂါဆေးတွေ စတင်စောင့်နေရပါပြီ။ တခြားသူတွေဆိုရင်လည်း နှလုံးရောဂါတို့၊ သွေးတိုးရောဂါတို့ ဖြစ်နေပါတယ်။ ဆေးတွေသောက်နေကြရပါတယ်။ လေးတိုက်မှာ ကိုကျော်မျိုးမင်း ဆိုရင်လည်း လိပ်ခေါင်းရောဂါက ခွဲစိပ်ကုသခံထားရပါတယ်။ ဒါ ဒီရက်ပိုင်းအတွင်းမှာတင် ဆေးရုံကနေ ပြန်ပြီးဆင်းလာတာပါ။ သုံးတိုက်မှာဆို ကိုညီညီစံ ခေါ် ဘုန်းကြီးပေါ့လေ ဦးစန္ဒာဓိက၊ ပြီးသွားရင် ခြောက်တိုက်မှာဆိုရင် ကိုအေးမြင့်နိုင်၊ ညဘက် အိပ်မရတာတို့၊ စိတ်အရမ်း လှုပ်ရှားတာတို့၊ နှခေါင်းကနေ နှလုံးသွေးလျှံပြီးတော့ သွေးထွက်တာတို့ ဒါမျိုးတွေ မကြာမကြာ ဖြစ်နေတယ်။ ဒါ ကိုအေးမြင့်နိုင် ကျန်းမာရေး အခြေအနေပေါ့လေ။ အခုလောလောဆယ် သူက ခြောက်တိုက်မှာနေတာ။ သူတို့တွေလည်း ဝေဒနာတွေ ခံစားနေရပါတယ်။

“ပြီးရင် သုံးတိုက်မှာပဲ ကိုသန်းမြင့်အောင် ဆေးရုံ ပုံမှန်ပြသနေရပါတယ်။ ရောဂါဝေဒနာတွေ ခံစားနေရပါတယ်။ အဆောင်မှာဆိုရင် (၅/ည) ထဲက ABSDF တပ်ရင်း (၃၀၃) က ရဲဘော်တယောက်ဖြစ်တဲ့ ကိုဖိုးခွား ခေါ် အောင်ကျော်စိုး၊ ၁၉၉၀ ကတည်းက ထောင်ထဲကို ရောက်နေတာပါ။ နှစ် ၂၀ ရှိနေပါပြီ။ သူဆိုရင် အခု တီဘီရောဂါ ခံစားနေရပါတယ်။”

ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ ကိုဟန်ဝင်းအောင် အပါအဝင် အင်းစိန်ထောင်က ကိုကျော်ကျော်၊ ကိုလွင်ကိုလတ်၊ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းမြင့်၊ မင်္ဂလာဒုံမြို့နယ်က ဦးမောင်မောင်သိန်း၊ လှိုင်သာယာ မြို့နယ်က ဦးတင်အုန်း၊ ဗဟန်း တွဲဘက်အတွင်းရေးမှူး ဦးစိုးအုန်း၊ တွံတေးက ဦးစံဘော်၊ ဦးချစ်ခင်၊ မရမ်းကုန်းက ဦးဌေးအောင်၊ မင်္ဂလာဒုံက ဦးမောင်စိန၊် လှိုင်မြို့နယ်က ဦးဟန်စိန်၊ ညောင်လေးပင်မြို့နယ်က ကိုကျော်ကျော်ဆန်း၊ တောင်ဒဂုံက ဦးသိန်းဝင်း၊ ကြည့်မြင်တိုင်က ဦးမြင့်ဆွေ၊ လှိုင်မြို့နယ်က ဦးဆွေမင်း ခေါ် အရှင် ဦးစန္ဒိမာ နဲ့ မင်္ဂလာတောင်ညွှန့်က ရှေ့နေ ကိုရောဘတ်ဆန်းအောင် တိ့ုလည်း ပြန်လည် လွတ်မြောက်လာကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ရှိပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့ အတွက် မြန်မာစစ်အစိုးရကို တောင်းဆိုထားပါတယ်။

XS
SM
MD
LG