သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်/ကျဉ်း စာရင်းကွဲလွဲမှုအပေါ် လွတ်လပ်တဲ့စစ်ဆေးခွင့်ရဖို့ အေအေပီပီတောင်းဆို


နိုင်/ကျဉ်း စာရင်းကွဲလွဲမှုအပေါ် လွတ်လပ်တဲ့စစ်ဆေးခွင့်ရဖို့ အေအေပီပီတောင်းဆို
နိုင်/ကျဉ်း စာရင်းကွဲလွဲမှုအပေါ် လွတ်လပ်တဲ့စစ်ဆေးခွင့်ရဖို့ အေအေပီပီတောင်းဆို

မြန်မာအစိုးရရဲ့ တာဝန်ရှိသူတွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ရှိတယ်လို့ ပြောလိုက်တာကြောင့် မှတ်တမ်းမှတ်ရာ အထောက်အထားတွေနဲ့ သေသေချာချာ ပြနိုင်တဲ့ နိုင်ငံရေးအကျဉ်းသား ၉၀၀ ကျော် ကျန်နေသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောဆိုလိုက်ပါတယ်။ အပြည့်စုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးလှုပ်ရှားသူတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ကူညီခဲ့သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ မဟုတ်ဘဲ နိုင်ငံရေးပုဒ်မနဲ့ အတပ်ခံထားရသူတွေ၊ နိုင်ငံရေးပုဒ်မ မတပ်ဘဲ ရာဇဝတ်ပုဒ်မတွေ တပ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အထောက်အထားနဲ့ပြနိုင်တဲ့ နိုင်ငံရေးအကျဉ်းသား ၉၀၀ ကျော် စာရင်းကို ရရှိထားကြောင်း အေအေပီပီ (AAPP) လို့ ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ကိုတိတ်နိုင်က -

“ဒီနှစ်ထဲမှာရော လာမယ့် ဇန်နဝါရီလထဲမှာရော ဒီအစိုးရကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေတယ်၊ လွှတ်ပေးမယ် ဆိုတဲ့ ပြောဆိုနေတဲ့အပေါ်မှာ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ ဘက်က မနစ်နာရအောင်လို့ ကျနော်တို့က မှန်မှန်ကန်ကန်နဲ့ တိတိကျကျ အနီးစပ်ဆုံးဖြစ်အောင်လို့ ကျနော်တို့ စိစစ်ပြီးတော့ ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့ အေအေပီပီက ကောက်ခံထားတဲ့ စာရင်းအရဆိုရင် ၁,၅၇၂ ဦးက နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်။ အဲဒီအထဲမှာ ၉၁၈ ဦးက ကျနော်တို့ သေသေချာချာ စိစစ်ပြီးတော့ သူတို့ ဘယ်ထောင်တွေမှာရှိတယ်။ သူတို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေက ဘယ်လိုဖြစ်တယ်။ နိုင်ငံရေးလှုပ်ရှားမှုကို ကူညီခဲ့တဲ့သူတွေ ဖြစ်တယ်၊ အဲဒီပုဒ်မတွေနဲ့ ထောင်ကျထားတယ်ဆိုတဲ့ ကိစ္စကို သေချာစိစစ်ပြီးတဲ့ဦးရေက ၉၁၈ ဦး ရှိပါတယ်။”

ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြမှုများ ရှိလာလျှင် ခွင့်ပြုသွားမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖော် ပြောဆိုခဲ့တာတွေ၊ နိုင်ငံတော်သမ္မတက နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုပြီး ပြောဆိုချက်တွေကြောင့် လွတ်လပ်တဲ့ အသင်းအဖွဲ့တွေကို အကျဉ်းထောင်တွေနဲ့ ရဲဘက်တွေမှာ စစ်ဆေးခွင့်ပြုဖို့ အေအေပီပီက ပြောပါတယ်။

“သာမန် သီးသန့်အကျဉ်းသား အားလုံးဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်။ အဲဒီအထဲမှာ မပါတဲ့လူတွေတောင်မှ နိုင်ငံရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးထားတဲ့သူတွေ ရှိတယ်။ ဆိုတော့ အဲဒါကိုမှ ဒီအကျဉ်းသားတွေ ဘက်ကနေပြီးတော့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်လို့ ပြန်တင်ရမယ် ဆိုတဲ့ကိစ္စက ဒါက ရှေ့နောက် မညီညွတ်တဲ့ကိစ္စလို့ ကျနော်တို့ မြင်ပါတယ်။ အေအေပီပီအနေနဲ့ တောင်းဆိုထားတာ ရှိပါတယ်။ တကယ်လို့ သူတို့ဆီမှာ တကယ်တမ်း မရှိပါဘူး ဆိုလို့ရှိရင် ဒီအကျဉ်းထောင်တွေထဲကို ရဲဘက်စခန်းတွေကို လွတ်လပ်ပြီးတော့ တရားမျှတတဲ့ အဖွဲ့အစည်းတစ်ခု၊ ဥပမာ ကုလသမဂ္ဂက ဦးဆောင် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ဖြစ်ဖြစ်၊ အိုင်စီအာဆီပဲ ဖြစ်ဖြစ်။ အဲဒီလိုအဖွဲ့အစည်းတွေ မျိုးကို အကျဉ်းထောင်ထဲမှာ လေ့လာခွင့် စာရင်းကောက်ခွင့် ပေးသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

အခုလက်ရှိမှာတော့ အကျဉ်းသား ၁,၅၀၀ ကျော်ရှိတာကို အတည်ပြုထားပြီး အတည်မပြုနိုင်တဲ့ ရဲဘက်စခန်းက အကျဉ်းသားတွေရဲ့ အခြေအနေတွေကိုလည်း ပြောသွားပါတယ်။

“ကျနော်တို့၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးပြီးတဲ့အခါမှာ ကျနော်တို့ သံဃာတော်တွေ အများအပြားပေါ့လေ။ တချို့ ရိုးရိုးလူတွေလည်း ပါပါတယ်။ သံဃာတော်တွေ အများအပြားကို အကျဉ်းထောင်ထဲ ထည့်သလို ရှေ့တန်း ပေါ်တာအဖြစ် ခေါ်သွားတာတွေရှိတယ်။ နောက်တခါ ရဲဘက်မှာ ခေါ်သွားတာတွေ ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့စာရင်းက ကျနော်တို့ အင်မတန် ကောက်ရခက်တယ်။ ကျနော်တို့သိနေတာထက် အများကြီး များနေလိမ့်ဦးမယ်လို့ ကျနော်တို့ အဲဒီလိုတော့ မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော် ရှိနေသေးတယ်လို့ အေအေပီပီက ပြောနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စာရင်းနဲ့ မြန်မာလူ့အခွင့်အရေး ကော်မတီက သတ်မှတ်တဲ့ စာရင်းတွေ အားလုံးဟာ မတူဘဲ ကွဲပြားနေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စာရင်းပြုစုချက်တွေကိုတော့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“၅၉၁ ယောက်ထင်တယ်။ ကျန်နေတာ။”

ဒီလို ကွဲပြားမူတွေ ဘာကြောင့်ဖြစ်သလဲ ဆိုတာရယ်၊ NLD က နိုင်ငံရေး အကျဉ်းသားကို ဘယ်လို သတ်မှတ်သလဲ ဆိုတာကိုတော့ စာရင်းပြုစုတဲ့သူတွေသာ သိနိုင်ကြောင်း၊ သူ့အနေနဲ့တော့ မသိဘူးလို့ ဆိုပါတယ်။

ဒါတွေကို သေချာသိရှိနိုင်ဖို့ အစိုးရက နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို လက်ခံပေးဖို့လိုကြောင်း အေအေပီပီက ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်သားတွေ ပြန်လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေတာဖြစ်ပါတယ်။

XS
SM
MD
LG