သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းထောင်ဥပဒေမူကြမ်း လွှတ်တော်ဆွေးနွေး


အကျဉ်းထောင်များမှာ အခွင့်ထူးခံ လူတန်းစားများ ပေါ်ပေါက်လာနိုင် တာကြောင့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုဖို့နဲ့ ထူးခြားတဲ့ အခွင့်အရေးပေးဖို့ အစီစဉ်မရှိကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း အမျိုးသားလွှတ်တော်ကတော့ ဒီအချက်ကို ဆက်လက် ဆွေးနွေးဖို့ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်လိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကို ခွဲခြားသတ်မှတ်ပြီး ထူးခြားတဲ့ အခွင့်အရေးတွေ ပေးမယ်ဆိုပါက အကျဉ်းထောင်အတွင်း အခွင့်ထူးခံ အကျဉ်းသား အတန်းအစားတရပ် ပေါ်ပေါက်လာပြီး အကျဉ်းထောင်အတွင်း အုပ်စုလိုက် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်တာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်အပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ မဖြစ်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က အခုလို ပြောခဲ့တာပါ။

“အကျဉ်းသားတွေကို အဆင့်အတန်း ခွဲခြားတဲ့စနစ်ကို ပြန်လည်ဖော်ဆောင်မယ် ဆိုလို့ရှိရင်၊ ဖွဲ့စည်းပုံ အခြေခံနဲ့ ကွဲလွဲဆန့်ကျင်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အားလုံးအပေါ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ မည်သူ့ကိုမဆို၊ ဥပဒေအရာမှာ တန်းတူညီမျှ အခွင့်အရေး ရရှိစေရန်နဲ့ ဥပဒေရဲ့ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ် အပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုရန် မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။”

မရမ်းကုန်းမဲဆန္ဒနယ်က ဒေါက်တာမေဝင်းမြင့်က အရပ်ဘက် လူအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေဟာ အစိုးရနဲ့ ပူးပေါင်းပြီး နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး စတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ “နိုင်ငံရေး အကျဉ်းသား” လို့ခေါ်တဲ့ စကားရပ်အပေါ်မှာ ဥပဒေအရ ရှင်းလင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုရန်လိုကြောင်း၊ ဒါကိုအဓိပ္ပါယ်ဖွင့်ဆိုဖို့ ရှိ မရှိနဲ့ပတ်သတ်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တဲ့အပေါ် ပြည်ထဲရေးဝန်ကြီးဌာနက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ကျနော်တို့ ယုံကြည်ချက်နဲ့ ပြုမူခဲ့တာဖြစ်ပါတယ်။ တခြားရာဇဝတ်မှု ကျုးလွန်တဲ့ အကျဉ်းသားတွေနဲ့ တတန်းတည်း ထားလို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”

အဆိုရှင် ဒေါက်တာမေဝင်းမြင့်က အခုလိုအကြံပေး ပြောဆိုလိုက်တာပါ။ လတ်တလောမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ယုံကြည်ချက်ကြောင့် ထောင်ကျခံရတာဖြစ်ကြောင်း အခြားရာဇဝတ်သားတွေနဲ့ တူမျှစွာ ခံစားခွင့်သာပေးခြင်းမှာ မညီမျှဘူးလို့ တင်ပြထားတာတွေ ရှိပါတယ်။ အကျဉ်းထောင်များ ဥပဒေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ဆွေးနွေးလျက်ရှိတာမှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) က ဦးဖုန်းမြင့်အောင်က ဥပဒေကို အခုလို သုံးသပ်ပြောပါတယ်။

“သံခြေကျင်းခတ်ခွင့်၊ လက်ထိပ်ခတ်ခွင့်၊ ၃ လအထိထားခွင့်၊ ၃ လကျော်လို့ရှိရင်လည်း ခွင့်ပြုဖို့၊ နောက် တိုက်ပိတ်ခွင့်၊ နောက်ထပ်ပြီး အဲဒီအထဲမှာ တရားစွဲခွင့်၊ လိုအပ်ပါက သေနတ်အသုံးပြုခွင့်၊ လိုအပ်ပါက စစ်တပ်ကြီးကိုတောင် ခေါ်ပြီးတော့ သုံးခွင့်ဆိုတာမျိုး၊ သူတို့က ထောင်အရာရှိတွေနဲ့ ဝန်ထမ်းတွေအတွက်ကတော့ အခွင့်အရေးတွေ ဖောဖောသီသီ ပေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ အကျဉ်းသားတွေ အတွက်ကတော့ ဘာအခွင့်အရေးတွေ ပေးထားသလဲဆိုတော့ အားမနာတမ်း ပြောရလို့ရှိရင်၊ အကျဉ်းသားတွေဘက်ကတော့ ဘာအခွင့်အရေးမှကို မရှိပါဘူး။”

မကွေးတိုင်းဒေသကြီ်း မဲဆန္ဒနယ်အမှတ် (၄) ဦးအောင်ကြည်ညွန့်ကတော့ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိတဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ကျခံရသူတွေမှာ အခက်ခဲတွေ များစွာရှိနေတယ်လို့ အခုလို တင်ပြဆွေးနွေးခဲ့ပါတယ်။

“လက်ရှိအခြေအနေနဲ့ ပြောင်းလဲနေတဲ့ ခေတ်ကာလနဲ့ လျော်ညီစွာ ဒီဥပဒေထဲမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာကိုလည်း အဓိပ္ပါယ်ထည့်ပြီး ဖွင့်ဆိုပြီးတဲ့နောက်၊ ဒီအဓိပ္ပါယ်နဲ့ လျော်ညီစွာ ဒီဥပဒေကို နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်များမှာ ထိုက်သင့်တဲ့၊ ရရှိသင့်တဲ့ အခွင့်အရေးတွေကို သက်ဆိုင်ရာက အကာအကွယ်ပေးနိုင်မှုမျိုးတွေကို ဒီဥပဒေရဲ့ နောက်တွဲ ပုဒ်မတွေမှာ ထည့်သွင်းပြီးတော့ ဖော်ပြပေးဖို့ရာ အချိန်အခါသင့်ပြီလို့ အကြံပေးခြင်း ဖြစ်ပါတယ်။”

လက်ရှိအစိုးရသစ်လက်ထက် ၂၀၁၃ ဖေဖော်ဝါရီလမှာ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းကာ နိုင်ငံရေးအကျဉ်းသားများစာရင်းကို ပြုစုလျက်ရှိပါတယ်။ လတ်တလောမှာတော့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကို နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG