သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း


ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း
ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့ ရုပ်မြင်သံကြား တို့ကနေ နိုင်ငံရေး ပါတီတွေ ဟောပြော တင်ပြခွင့်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသလို လက်ခံနိုင်စရာ မရှိဘူးလို့ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့စွဲနဲ့ ဒီကန့်သတ်ချက်တွေကို ထုတ်ပြန်ပြီးတဲ့နောက် ဦးဝင်းတင်က အဲဒီလို ပြောလိုက်တာပါ။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေက ရေဒီယိုနဲ့ ရုပ်သံတွေမှာ ပါတီမူဝါဒတွေနဲ့ ပတ်သက်လို့ ဟောပြောကြဖို့အတွက် ကန့်သတ်ချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့စွဲနဲ့ အစိုးရ သတင်းစာတွေကနေ ထုတ်ပြန်လိုက်ပါတယ်။ ဒီကန့်သတ်ချက်တွေကတော့ ရေဒီယိုနဲ့ ရုပ်သံတွေမှာ ဟောပြောလိုတယ်ဆိုရင် နိုင်ငံရေးပါတီတွေဟာ ၇ ရက် ကြိုတင် အကြောင်းကြားရမယ် ဆိုတာတွေ၊ ဟောပြောကြမယ့် စာမူတွေကို လိုအပ်သလို စိစစ်ကာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုမယ်၊ ဒါမှမဟုတ် ငြင်းပယ်တာတွေ လုပ်မယ်ဆိုတာအပြင် ၁၅ မိနစ်သာ ခွင့်ပြုမယ်ဆိုတာတွေ ဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမယ့် အပြောအဆိုတွေ၊ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်ပြီး မပြောရဘူးဆိုတာအပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားရမယ် ဆိုတာတွေလည်း ပါပါတယ်။ ဒါ့အပြင် တပ်မတော်ကို မထိခိုက်ရဘူး၊ လူမျိုးရေးနဲ့ ဘာသာရေးအပြင် ပညာရေး သင်ကြားမှုတွေကို ထိခိုက်ပြီး သွေးထိုးလှုံ့ဆော်တဲ့ ဟောပြောမှုတွေ မဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေလည်း ပါဝင်ပါတယ်။

ဒီကန့်သတ်ချက်တွေဟာ အရင်စစ်အစိုးရ လက်ထက်တုန်းက ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ထုတ်ပြန်ချက်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု မြန်မာနိုင်ငံက အရပ်သား အစိုးရတစ်ရပ် ဖြစ်နေပြီး ဒီမိုကရေစီစနစ်ဘက် သွားနေတဲ့ နိုင်ငံတစ်ခုမို့ အခုလို ကန့်သတ်ချက်တွေ ထွက်လာတဲ့အပေါ်မှာ မြန်မာ့အရေး လေ့လာသူတွေက အတော် ဝေဖန်နေကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအတွက် တက်ကြွစွာ လှုပ်ရှား ကြိုးပမ်းမှုတွေနဲ့ ဒီကန့်သတ်ချက်တွေဟာ ဆန့်ကျင်ဘက် ဖြစ်နေသလို ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ ရွေးကောက်ပွဲမှာ ဒါမျိုးတွေ လုံး၀ မရှိသင့်ဘူးလို့ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။

“လက်ရှိ ရှိနေတဲ့ ပေါ်ပေါက်နေတဲ့ စိတ်အားတက်ကြွမှု အနေအထားတွေ၊ စိတ်ဓါတ် အခြေအနေတွေနဲ့ လုံးဝကို ဆန့်ကျင်နေတယ်။ အဲဒီစိတ်ဓါတ် တက်ကြွမှုတွေ၊ စိတ်အားတက်ကြွမှုတွေကိုတောင် ချိုးနှိမ်ရာ ရောက်တဲ့သဘော ဆောင်နေတယ်။ ကျနော်က အဲဒီလိုပဲ ပြောချင်ပါတယ်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျင့်သုံးခဲ့တဲ့ နိုင်ငံရေး လက်လိမ်ချိုးမှုရဲ့ ရလဒ်တွေပေါ့ဗျာ။ သို့မဟုတ်ရင်လည်း ပုံရိပ်တွေပေါ့ဗျာ။ ကျနော် တစ်ယောက်အနေနဲ့ ပြောရရင်တော့ ဒါတွေဟာ လုံး၀ လက်ခံနိုင်တဲ့ အနေအထား မရှိဘူးလို့ ကျနော် ယူဆပါတယ်။”

အခုဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးတွေ အဖြစ် နယ်ဘက်တွေကို သွားနေသလို လူထုဟောပြောပွဲတွေမှာ ဆိုရင်လည်း လွတ်လွတ်လပ်လပ်နဲ့ ဟောပြောနေတာပါ။ ဒါပေမဲ့ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့ ရုပ်သံကနေ လူထုကို စကားပြောဖို့ ကန့်သတ်ချက်တွေ အခုလို ကန့်သတ်ချက်တွေ ထွက်လာတော့ ဒီကန့်သတ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံနိုင်ပါ့မလား။ ဆရာ ဦးဝင်းတင် မြင်ပါသလဲလို့ မေးကြည့်တော့ -

“ကျနော်တော့ မထင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတစ်ခုကို ဒေါ်အောင်ဆန်းစုကြည် မျက်ဝါးထင်ထင် တွေ့နေတဲ့ဟာက ဘာလဲဆိုတော့ သူတို့ ဒီလှိုင်း ဆိုတဲ့ ဂျာနယ် ကျနော်တို့ ထုတ်နေပါတယ်။ ဒီလှိုင်း ရဲ့အနေအထားက ဘာလဲဆိုတော့ ကျနော်တို့က ဒီလှိုင်းဟာ ပြန်ကြားရေးဌာနကို တင်ပြီးတော့ ပြန်ကြားရေးဌာနရဲ့ အတည်ပြုချက်၊ သို့မဟုတ်လည်း ကန့်သတ်ချက်၊ ဆင်ဆာလုပ်ချက်တွေနဲ့ ကျနော်တို့ ဘာမှမရှိတဲ့ ထုတ်ဝေမှုဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ဟာ ဒီလှိုင်း စိတ်ဓါတ်နဲ့ပဲ ကျနော်တို့ ဒီလို ပြဿနာမျိုးတွေကို ရင်ဆိုင်သွားလိမ့်မယ်လို့ ကျနော်တော့ ထင်ပါတယ်။”

ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင် သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ အခုပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်မှုတွေ ဘယ်လောက်ရှိမလဲ ဆိုတာကို နိုင်ငံတကာ တော်တော်များများက စောင့်ကြည့်နေတာ ဖြစ်ပြီး ဒီရလဒ်တွေကနေ အမေရိကန် အပါအဝင် ဥရောပ နိုင်ငံတွေက ပိတ်ဆို့မှုတွေကို လျှော့ချပေးမယ်လို့ ပြောထားတာပါ။ ဒါ့အပြင် ရွေးကောက်ပွဲအတွက် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေ လာဖို့ တိုက်တွန်းထားပေမဲ့ ခုချိန်ထိတော့ အစိုးရက လက်ခံမယ် လက်မခံဘူးဆိုတာ တစုံတရာ ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။

XS
SM
MD
LG