သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရယက တွေကို ကြံ့ဖွံ့တွေနဲ့ အစားထိုးဖွဲ့မည်


ရယက တွေကို ကြံ့ဖွံ့တွေနဲ့ အစားထိုးဖွဲ့မည်
ရယက တွေကို ကြံ့ဖွံ့တွေနဲ့ အစားထိုးဖွဲ့မည်

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေအားလုံးမှာရှိတဲ့ ရယက အဖွဲ့ဝင်တွေရဲ့နေရာတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ အောက်ခြေအကျဆုံး အာဏာပိုင်အဖွဲ့အစည်းတွေအတွင်းမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားဖို့ စီစဉ်နေတာလို့ သုံးသပ်ကြတာတွေရှိပါတယ်။ အခြေအနေအပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရယက လို့ခေါ်တဲ့ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်တွေရဲ့နေရာတွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင်တွေကို အစားထိုးဖို့အတွက် တရပ်ကွက်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၁၀ ဦး လျာထားပြီး မကြာခင် အစားထိုးခန့်အပ်ဖို့ မြို့နယ်အာဏာပိုင်တွေက စီစဉ်နေပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲမတိုင်ခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွှက် မဲဆွယ်စည်းရုံးပေးခဲ့ကြတဲ့ စည်းရုံးရေးမှူးတွေ ဖြစ်ကြပြီး သူတို့ကို ရွေးကောက်ပွဲပြီးတာနဲ့ ရပ်ကွက်အာဏာပိုင်တွေအဖြစ် ခန့်အပ်မယ်ဆိုတာ ပြောထားပြီးပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တဦးက ပြောပါတယ်။

“၁ လပိုင်းမှာ ကျနော်တို့ စည်းကော်မတီကခေါ်ပြီးတော့ ကိုယ့်ရပ်ကွက်မှာ အဖွဲ့ဝင်တွေ ၁၀ ဦးဖွဲ့ပြီးတော့ လျှို့ဝှက်စွာတင်ပေါ့နော်။ တယောက်နဲ့တယောက်လည်း သူ့ရပ်ကွက်ကဘယ်သူတင်လဲတော့ ကျနော်တို့ မသိဘူး။ ဒါပေမဲ့ ကျနော်တို့က လျှို့ဝှက်စွာတင်ထားရပါတယ်။ တင်ထားပြီးမှ အခု ၂ လပိုင်းအကုန်မှာ ကျနော်တို့ကို ကြံ့ခိုင်ရေးတာဝန်ခံတွေက - မင်းတို့တွေ ကိုယ့်ရပ်ကွက်မှာရှိတဲ့ ရယကဥက္ကဋ္ဌတွေ ရပ်ကွက် ထဲမှာ နံမည်ပျက်လာဘ်စားမှုတွေ ဖြစ်နေတယ်။ အဲဒါတွေကို မင်းတို့အသေးစိတ် အစီရင်ခံစာ တင်ပေးပါ။ ဒါမှမင်းတို့တွေကို ငါတို့က လက်ရှိပြောသလို ရယကနေရာတွေမှာ မင်းတို့ကို ငါတို့က နေရာပေးနိုင်မယ်၊ ရယကတွေရဲ့ ပြစ်ချက်တွေကို စုံစမ်းဖော်ထုတ်ပေးပါ၊ - ဆိုပြီးတော့ ကျနော်တို့ ရပ်ကွက်စည်းတွေကို တာဝန်ပေးတာပေါ့။ အခုဆို ကျနော်တို့လုပ်ကတည်းက အဆင့်ဆင့်ပေါ့နော်၊ လက်ရှိပြောထားသလိုပေါ့။ ကျနော်တို့တွေပဲ ရဖို့အစီအစဉ်ရှိတယ်။ ဒါကြောင့် အပေါ်ပိုင်းတွေက ပြီးသွားပြီလေ။ အောက်ပိုင်းတွေမှာ ကျနော်တို့ကိုရအောင်လုပ်ပေးဖို့ အစီအစဉ်နဲ့ ဆက်လက်ဆောင်ရွက်နေတယ်လို့ပဲ ကျနော်တို့ ထင်ပါတယ်။”

အခုဆိုရင် သင်္ဃန်းကျွန်းမြို့နယ်ထဲက ရပ်ကွက်ထဲမှာဆိုရင် ရယက အဖွဲ့ဝင်တွေ အပြောင်းအလဲလုပ်မယ့် ကိစ္စကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အချင်းချင်းမသိကြလို့ မကျေမနပ် ဖြစ်နေကြတာတောင် ရှိနေတယ်လို့ သင်္ဃန်းကျွန်းမြို့ခံတဦးက ဆိုပါတယ်။

“ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၅ ရက်လောက်က ကျနော်တို့ ဓမ္မာရုံမှာပေါ့လေ။ လာရောက်ပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး မြို့နယ်စည်းရုံးရေးမှူးက လာပါတယ်။ လာပြီးတော့ အဲဒီမှာ ရပ်ကွက်ဥက္ကတွေ ရွေးမယ်ဆိုပြီးတော့ သူကိုယ်နှိက်ကဦးစီးပြီး လာလုပ်နေတာပါ။ ရပ်ကွက်မှာ ကော်မတီဥက္ကဌတို့ ဘာတို့ သူတို့ရဲ့ စည်းရုံးရေးအင်အားတွေကိုရအောင် လိုက်လုပ်ပေးတဲ့သူတွေကိုပဲ ခေါ်သွားပါတယ်။ စာရင်းတွေ ယူသွားတယ်။ ယူသွားပြီးတော့ အဲဒီလူတွေကိုပဲ အခုဥက္ကဌတွေ တင်မြှောက်မယ်ဆိုပြီးတော့ သူတို့အခု အစီအစဉ်လုပ်နေပါတယ်။ သူတို့ပြည်ထောင်စု ကြံ့ခိုင်ရေးအချင်းချင်းတောင်မှပဲ မဖိတ်တဲ့သူက မဖိတ်လို့ဆိုပြီး ဒေါသတွေထွက်ပြီးတော့ ဘယ်တုန်းကလုပ်လိုက်တာလဲ။ ဘယ်သူကဦးဆောင် လုပ်လိုက်တာလဲ။ အဲဒီလို ပြဿနာတွေနဲ့ စကားများမှုတွေတောင် ရှိနေကြပါတယ်။ ပြည်သူလူထုဆိုတာမျိုးဟာ အနားတောင် ကပ်လို့ မရပါဘူး။”

ရပ်ကွက်တွင်းမှာ ဥပဒေနဲ့မလွတ်ကင်းတဲ့ အလုပ် လုပ်ကြသူအများစုဟာ အာဏာပိုင်တွေအလိုကျ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်ထားကြသူတွေ ဖြစ်ကြပြီး သူတို့ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတလျှောက်မှာလည်း ပါတီအတွက် အလုပ် လုပ်ပေးခဲ့ကြတာပါ။ ဒါ့ကြောင့် သူတို့တွေထဲကနေ ရပ်ကွက်အာဏာပိုင်အဆင့်တွေထဲကို ရောက်လာရင် ရပ်ကွက်ထဲမှာ ပိုပြီးတော့ပြဿနာများစရာ အခြေအနေတွေ ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှု တွေလည်း လူထုကြားမှာရှိနေပါတယ်။

“ပြည်ထောင်စုကြံ့ခိုင်ရေးကလည်း ချဲတွေရောင်းတာတွေ ရှိတယ်။ ချဲတွေရောင်းတဲ့အခါမှာဆိုရင် ပေါက် လာခဲ့ရင် မလျော်တဲ့အခြေအနေလည်း ဖြစ်နေတယ်။ ဗြောင်ပဲ သူတို့က တိုင်ချင်ရာကိုတိုင်။ အဲဒီလူတွေက အခု ရပ်ကွက်မှာ အုပ်ချုပ်ရေးဘက်မှာ ဝင်ပါနေတယ်။ ဝင်ပါနေတဲ့အတွက် ပြည်သူလူထုက သူတို့ မကောင်းတာ လုပ်နေကြတယ်၊ အရက်ဆိုင်တွေဖွင့်ပြီး လိုင်စင်မဲ့တွေရောင်းနေတယ်။ အဲဒါကို ပြည်ထောင်စု ကြံ့ခိုင်ရေးကလည်း အကာအကွယ်ပေးပြီးတော့ မသိချင်ယောင် ဆောင်နေတယ်။ ရဲကလည်း မဖမ်းရဲဘူး။ အဲဒီလူတွေက အုပ်ချုပ်ရေးမှာ ဝင်ပါနေတဲ့အတွက် ပြည်သူလူထုက စိတ်ချမ်းသာမှုက ဘယ်တော့မှ မရပါဘူးခင်ဗျ။ ပြည်သူတွေအနေနဲ့ ရိုသေသော လေးစားသောသူတွေကို တင်မြှောက်ပိုင်ခွင့် မရှိတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်၊ ခုချိန်ထိပါပဲ။”

ဒါကတော့ သင်္ဃကျွန်းမြို့ခံတဦးက ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ အပြတ်အသတ်အနိုင်ရရမယ်ဆိုတဲ့ အစီအစဉ်တွေနဲ့ စနစ်တကျ ဆောင်ရွက်ခဲ့တဲ့အတိုင်း အစိုးရသစ်အဖွဲ့ရဲ့ အကြီးအကဲနေရာတွေအားလုံးဟာ ကြံ့ခိုင်ရေးပါတီက လူကြီးတွေပဲဖြစ်နေပြီး အခုဆိုရင်လည်း နိုင်ငံရဲ့ နောက်ဆုံးအဆင့် အောက်ခြေရပ်ကွက်တွေအတွင်းမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့သာ အစားထိုးဖို့ ပြင်ဆင်နေကြတာ ဖြစ်တယ်လု့ိ သုံးသပ်ကြပါတယ်၊၊

ကြံ့ခိုင်ဖွံ့ဖြိူးရေးပါတီက ဗုဒ္ဓဘာသာနုဂ္ဂဟ ဆိုတဲ့ ဘာသာရေး အသင်းကြီးတခုဖွဲ့ပြီးတော့လည်း သာသနာ အကျိုး သယ်ပိုးရေးအတွက်ဆိုပြီး ပြီးခဲ့တဲ့လအတွင်းကစလို့ ဘာသာရေးအသင်းဝင် အဖဲ့ွဝင်သစ်တွေကို စတင်စုဆောင်းတာတွေ ပြုလုပ်နေပါတယ်။ အစပထမကတော့ လူမှုရေးအသင်းအဖြစ်နဲ့ ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ဖို့အတွက် နိုင်ငံရေးပါတီတခု အဖြစ်နဲ့ ပြောင်းလဲ လိုက်တဲ့အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG