သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ


ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ပြန်လာကြဖို့ သမ္မတဦးသိန်းစိန်က ထပ်ပြီး ဖိတ်ခေါ်လိုက်ပေမဲ့ ပြန်လာချင်သူတွေရော ပြည်တွင်းကနေ နိုင်ငံရပ်ခြား အတွေ့အကြုံ ယူချင်သူတွေ အတွက်ပါ အခက်အခဲတွေ အမျိုးမျိုး ရှိနေတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မေလ ၁၁ ရက်နေ့တုန်းက နေပြည်တော်မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ပိုပြီး ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ထပ်မံဖိတ်ခေါ်လိုက်တာပါ။ သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်ကလည်း ပထမအကြိမ် ဖိတ်ခေါ်ခဲ့သလို အခု ဒုတိယအကြိမ် ဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမြင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြည်ပက မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒုတိယအကြိမ် ထည့်သွင်းဖိတ်ခေါ်တဲ့ ကိစ္စကို (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို ဗွီအိုအေက စပြီး မေးမြန်းကြည့်ခဲ့ပါတယ်။

“သမ္မတကိုယ်တိုင်ပြောတဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် လေးနက်တာ မှန်ပေမဲ့ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေ အားလုံး ပြန်လာဖို့အတွက် သေချာခိုင်လုံတဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို အမိန့်မျိုးနဲ့ ဥပဒေပြဌာန်းပြီး ဖိတ်ခေါ်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ ပြည်ပကလူတွေ ပြန်လာတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိရှိ အာမခံချက်ရှိရှိ ပြန်လာနိုင်အောင် လုပ်ပေးသင့်သလို၊ ပြည်တွင်းကနေပြီးတော့ ကျနော်တို့လို ထောင်ကထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ passport မရသေးတဲ့ကိစ္စ၊ နိုင်ငံကူး လက်မှတ် မရသေးတဲ့ကိစ္စဟာလည်း တဘက်မှာကျတော့ ကျနော်တို့က ပြည်ပမှာ အတွေ့အကြုံတွေ ရယူဖို့ သင်တန်းတွေ တက်ဖို့ စတဲ့ကိစ္စမျိုးတွေမှာလည်း အခုချိန်အထိ ပိတ်ပင်ထားဆဲ အခြေအနေမျိုးတွေ ကြုံနေရတာ အားလုံးကို ဆက်စပ်ပြီးတော့ ဒါကို နိုင်ငံတော်သမ္မတအနေနဲ့ ဥပဒေဘောင်ဝင်အောင် အမိန့်ကြေညာချက်တစ်ခုမျိုး သတ်သတ်မှတ်မှတ် ထုတ်ပေးသင့်တယ်လို့ မြင်ပါတယ်”

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ နာဂိုယာတက္ကသိုလ်(Nagoya University) မှ ပါရဂူ နှစ်ဘွဲ့ရ တိုကျိုမြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုကိုလည်း သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်ကိုလည်း မေးကြည့်ပါတယ်။

“သမ္မတဦးသိန်းစိန်ရဲ့ ထပ်မံဖိတ်ခေါ်မှုကို ကြားရတဲ့အတွက် အင်မတန်လည်း ဝမ်းသာတယ်၊ ကြိုလည်း ကြိုဆိုတယ်။ ဟိုတုန်းက ဦးနေဝင်း လက်ထက်မှာက နိုင်ငံခြားကို ပညာလာသင်တယ် ဆိုရင်၊ အစိုးရရဲ့ ပညာတော်သင် မဟုတ်ဘူးဆိုရင် ဘယ်လောက်ပဲ ပညာတွေတတ်တတ် အသိအမှတ်မပြုခဲ့ဘူးလေ။ အခု ဦးသိန်းစိန် သမ္မတဖြစ်လာပြီးတဲ့နောက် အသိအမှတ် ပြုလာတယ်၊ ကျနော်တို့တွေကို ပြန်လာပါလို့ ဖိတ်ခေါ်တဲ့အတွက် ဝမ်းလည်း ဝမ်းသာတယ်။ ကျနော်တို့ကလည်း ဒီလိုအချိန်မျိုးကို စောင့်နေတာလေ။ ကျနော်တို့တတ်တဲ့ ပညာတွေနဲ့ ကျနော်တို့ တိုင်းပြည်မှာ ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ဟာကိုပဲ ကျနော်တို့က စဉ်းစားတယ်။ အရင်တုန်းက လုပ်ချင်ပေမဲ့ လုပ်လို့မရဘူး။ အသိအမှတ်လည်း မပြုဘူးလေ။ အခုကျတော့ အသိအမှတ်လည်း ပြုတယ်ဆိုတာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျနော့်အနေနဲ့ကတော့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ပြန်ပြီး လုပ်ချင်တယ်လို့ပဲ ပြောချင်ပါတယ်။”

ဦးမင်းညို ဆိုရင် အစိုးရနဲ့အတိုက်အခံ ပြည်ပမှာထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်နေတော့ ဒီအတိုင်း ပြန်သွားလို့ဖြစ်မလား၊ အဲဒါလည်း သိချင်ပါတယ်။ -

“အကောင်းဆုံးကတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ဟာကိုတော့ ပေးသင့်တယ်လို့တော့ ထင်တာပေါ့။ အဲဒါက ဦးနေဝင်းခေတ်မှာတော့ ပေးတော့ပေးခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေး မပြုပြင်တာကြောင့်မို့၊ ပြောရင်တော့ ထောင်ဘယ်လောက်ပဲ ခါခါ နောက်ပိုင်းထောင်မှာ လူတွေ ပြန်ပြည့်လာတာပဲလေ။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသမားတွေ။ ဒါပေမဲ့ လွှတ်တော်ထဲမှာ အတိုက်အခံတွေလည်း အများကြီး ရှိလာပြီဆိုတော့ လွှတ်တော်ကလည်း ဒါကို တရားဝင်တောင်းဆိုပြီးတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်အောင် လုပ်ဖို့တော့ လိုတယ်လို့ ကျနော် မြင်ပါတယ်။ နိုင်ငံရေးပညာ လေ့လာသူတစ်ယောက်အနေနဲ့ ကျနော် ပြောရရင်တော့ အဲဒီလို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မပေးဘူးဆိုရင်တော့ ခုနက ပြန်ချင်တဲ့သူတွေ၊ ပြန်လို့မရနိုင်တဲ့ဟာတွေ ရှိတာတော့ မကောင်းတာ အမှန်ပဲ။”

နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအင်အားစု NDF ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေက ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။

“နိုင်ငံ တည်ဆောက်ရေးအပိုင်းကကြည့်မယ် ဆိုရင်တော့ သမ္မတ ဖိတ်ခေါ်တာကို ကြိုဆိုသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ တရုတ်ပြည်မှာပဲဖြစ်ဖြစ်၊ ဗီယက်နမ်မှာပဲဖြစ်ဖြစ် စီးပွား ဖွံ့ဖြိုးတိုးတက်နေတာဟာ ပြည်ပရောက်နေတဲ့ ပြည်သူပြည်သား အစုအဝေးကြီး ပြန်လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ၊ နည်းပညာတွေ၊ တတ်စွမ်းတဲ့ သူတို့ရဲ့စွမ်းရည်တွေပေါ့။ ဒါတွေကို စီးပွားဖွံ့ဖြိုးအောင် ပေါင်းထည့်ပြီးတော့ လုပ်မယ်ဆိုရင် တိုင်းပြည်ဟာ မြန်မြန်ဆန်ဆန် ပိုပြီးတော့ ဖွံ့ဖြိုးမှုဘက်ကို ပိုပြီး ရောက်သွားနိုင်တာပေါ့ဗျာ။ သူတို့မှာရှိပြီးသား အဆက်အသွယ်တွေကနေ တဆင့် ကျနော်တို့ ဒီကနေ National market ထဲမှာ ဆက်သွယ်မှုတွေလည်း ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတဲ့အတွက်ကြောင့် မိုလို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဘက်က ကြည့်ရင်တော့ ဖိတ်ခေါ်မှုအပိုင်းကိုတော့ဖြင့် ကြိုဆိုသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲနဲ့ ဖိတ်ခေါ်ကမ်းလာတဲ့ ကိစ္စတွေမှာ အခက်အခဲတွေ ရှိနေတယ်ဆိုတာ သက်ဆိုင်ရာ သံရုံးတွေကနေတဆင့် မေးမြန်းပြီးတော့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ လုပ်မယ်ဆိုရင်တော့ဖြင့် ပြန်လာသင့် မလာသင့်ဆိုတာ ကြိုတင်ပြီးတော့ သိနိုင်စွမ်းရှိလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ပထမအကြိမ် တတိယလွှတ်တော်အစည်းအဝေးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ပေးဖို့ ဆိုပြီး ကျနော်တို့ပါတီက တင်သွင်းပြီး ဖြစ်ပါတယ်။ အဲဒီတော့ သမ္မတဟာ သူ ပြောထားတဲ့စကားကို သူ တည်အောင်လုပ်ဖို့တော့ လိုတာပေါ့ဗျာ။ ဖိတ်ကြားပြီးတဲ့အခါမှာ ဘာကြောင့်ညာကြောင့် ဆိုတာ ဖြစ်တဲ့ဟာတွေဆိုတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းတွေက ရှင်းဖို့တော့ လိုတာပေါ့။”

ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကို ပြန်လာဖို့ သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်တာကို ပြည်တွင်း နိုင်ငံရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ကိုရော်နီညိမ်း စုစည်း တင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG