သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေး ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်စု အဆိုတင်ပြနိုင်ဖွယ်ရှိ


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပ နေတဲ့ စတုတ္ထအကြိမ် လွှတ်တော် ပုံမှန် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြသွားနိုင်ဖွယ် ရှိနေပါတယ်။ မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ဝင်ရောက် ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်း ပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပနေတဲ့ စတုတ္ထအကြိမ် လွှတ်တော် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြကောင်း တင်ပြနိုင်တယ်လို့ သူမရဲ့ လွှတ်တော် ကိုယ်ရေးအရာရှိ ဦးဇေယျာသော်က ပြောပါတယ်။

သူမအနေနဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆိုတွေကို တင်ပြသွားဖို့ ရှိပေမဲ့ လက်ရှိ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ အဆိုနဲ့ မေးခွန်းပေါင်း ၄၀၀ ကျော် ရှိနေတာကြောင့် ဆွေးနွေးမေးမြန်းမှုတွေ ဘယ်တော့ ဖြစ်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးဇေယျာသော်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ အဆိုတွေ၊ မေးခွန်းတွေကိုတော့ တင်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ဆိုတဲ့နေရာမှာ အင်မတန်မှ စိတ်ဝင်စားတယ် ဆိုတာ အားလုံးပဲ သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ အခု လောလောဆယ် အခြေအနေမှာတော့ ပြင်ဆင်ဆဲ အခြေအနေလို့ပဲ ပြောလို့ရပါသေးတယ်။”

လွှတ်တော်အတွင်း ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဟာ တပတ်တကြိမ် တနင်္လာနေ့တိုင်း နေပြည်တော်မှာ အစည်းအဝေး လုပ်ပြီး တပတ်အတွင်း လွှတ်တော်တွင်း ပြော ဆိုဖို့တွေကို ပြင်ဆင်တယ်လို့ ဦးဇေယျာသော်က ပြောပါတယ်။

“အမေစု အနေနဲ့ သီးသန့် သီးခြား ပြင်ထားတဲ့ အစီအစဉ်မျိုးတွေ မရှိပါဘူးခင်ဗျ။ ကျနော်တို့တွေက လွှတ်တော်ကိုယ်စားလှယ် အားလုံး တနင်္လာနေ့တိုင်း အစည်းအဝေး ထိုင်ပါတယ်။ တပတ် တပတ် အတွင်းမှာ ဘာတွေ လုပ်နိုင်ကြမလဲ ဆိုတာကို အစည်းအဝေး ထိုင်ကြပါတယ်။ အဲဒီတော့ မနက်ဖြန်ကျမှ တနင်္လာနေ့ ကျရင်တော့ မနက်ဖြန်ည အစည်းအဝေး ထိုင်ပြီးတော့မှ တပတ်စာကို ကျနော်တို့က ဆုံးဖြတ်ကြမှာပါခင်ဗျ။”

မနက်ဖြန် ပြန်လည် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၂ ဦး ဝင်ရောက် ဆွေးနွေးဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“လွှတ်တော် အစည်းအဝေး အစီအစဉ်ကို သောကြာနေ့က နည်းနည်း ကြိုပြီးတော့ပေါ့၊ အဲဒါက tentative ပေါ့ သူတို့ ပေးထားတယ်။ အဲဒီအထဲမှာ ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ အကြောင်းအရာ တခု နှစ်ခုလောက် ပါတယ်။ အဲဒီကိစ္စတွေ အတွက် ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းတင်ထားတဲ့ ပုဂ္ဂိုလ်များက လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ အဲဒါတွေက လွှတ်တော်စည်းကမ်းအရ ကြိုသိသွားအောင် ပြောလို့မရပါဘူး။ ဒါကြောင့်မိုလို့ ဆွေးနွေးဖို့ကတော့ ကျနော်တို့တွေလည်း ပြင်ဆင်နေကြတယ် ဆိုတဲ့အကြောင်း၊ အဲဒီလောက်ပဲ ပြောနိုင်ပါတယ်။”

သောကြာနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ကွမ်းဟိန်း မဲ ဆန္ဒနယ်က ဒေါ်နန်းဝါနု ရဲ့ အဆိုတခု တင်ပြခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လွှတ်တော်က ဘာတွေဆက်လက် လုပ်ဆောင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG