သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် ဒေါ်စုနဲ့အစိုးရ သဘောတူ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအလုပ်သမားနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာန ဝန်ကြီး ဦးအောင်ကြည်တို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (သြဂုတ်လ ၁၂၊ ၂၀၁၁)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအလုပ်သမားနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာန ဝန်ကြီး ဦးအောင်ကြည်တို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (သြဂုတ်လ ၁၂၊ ၂၀၁၁)

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။ နှစ်ဖက် ပဋိပက္ခဖြစ်နိုင်ခြေတွေကို ရှောင်ရှားပြီးတော့ ဒီမိုကရေစီရေးအတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမယ့်အပြင် တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ဆက်လုပ်သွားမယ်လို့ တွေ့ဆုံအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းနိုင်ငံကနေ စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ဒီကနေ့ နေ့လည် ရန်ကုန်အစိုးရရဲ့ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ဝန်ကြီး ဦးအောင်ကြည်တို့ ၁နာရီနီးပါး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့တဲ့ အချက်လေးချက်ပါ သတင်းထုတ်ပြန်ချက်ကိုတော့ ဦးအောင်ကြည်က ဖတ်ပြခဲ့ပါတယ်။

“နှစ်ဖက်စလုံးက အောက်ပါအတိုင်း သဘောတူညီခဲ့ကြပါတယ်။

(၁) ပြည်သူလူထုတရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့်အနေဖြင့် တိုင်းပြည်၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားပေမည်။

(၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက်ထွန်းကားစေရေး အတွက်လည်းကောင်း၊ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်။

(၃) ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် reciprocal basic အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။

(၄) တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်သွားမည်။”

အခုတကြိမ် တွေ့ဆုံမှုကနေ နိုင်ငံတော်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပထမဆုံးအကြိမ်အဖြစ်နဲ့ အစိုးရသစ်အဖွဲ့ ဝန်ကြီးက တရားဝင်ကြေညာခဲ့သလိုပဲ ဒီမိုကရေစီရေးအတွက် ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောကြားခဲ့တာပါ။

ဇူလိုင်လ ၂၅ ရက်နေ့ ပထမတကြိမ် တွေ့ဆုံချိန်က အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အခုတကြိမ် တွေ့ဆုံရာမှာတော့ တိုးတက်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်မှုတွေက အရေးကြီးပါတယ်လို့ ဆိုပါတယ်။

“ကျမတို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားကိစ္စတွေမှာလည်း တိုးတက်မှု ရရမှာပဲ။ ဘယ်ဘက်မှာမဆို တိုးတက်မှု ရ ရမယ်လေ။ တကယ်တော့ ကျမတို့နိုင်ငံရဲ့အကျိုးကို ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် ဒီ မီဒီယာအပါအဝင်ပေါ့၊ တိုးတက်မှုတွေ ရှိရမှာပေါ့။”

ဝန်ကြီး ဦးအောင်ကြည်ကလည်း စိတ်ဝမ်းကွဲပြားမှုတွေကို ရှင်းနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေးကို အဓိက လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကပဲ အစိုးရသစ်အဖွဲ့ကိုရော၊ လက်ရှိ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုပါ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းခဲ့ပါတယ်။ အခုလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကအစ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ကိစ္စအ၀၀အတွက် ပူးပေါင်းဆောင်ရွက်မှု မရှိတာဟာ အဓိက ပြဿနာဖြစ်နေပြီး ဒါကိုဖြေရှင်းနိုင်ဖို့ဆိုရင် ပြေလည်မှုတွေ ရလာမယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။

“ပူးပေါင်းဆောင်ရွက်မှု ဆိုတာက တကယ့် ကျနော်တို့ နိုင်ငံအတွက် လိုအပ်တဲ့ main problem (အဓိကပြဿနာ) တခုပါ။ ဒါကြီးကို ကျနော်တို့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည်သွားပြီ ဆိုတဲ့အချိန်ကျလို့ရှိရင် ကျန်တဲ့ကိစ္စတွေအားလုံးဟာ ဒီ main problem ကြီးရဲ့ အကျိုးဆက်တရားများ၊ အဲဒါတွေ ဖြစ်လာမှာဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မယ့် အနေအထားပဲ ဖြစ်ပါတယ်။”

အရင် စစ်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ (၉) ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပေမယ့် ထူးခြားမှု သိသိသာသာ မတွေ့ခဲ့ရဘူးလို့ ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။ အခု အစိုးရသစ်လက်ထက် ဒုတိယအကြိမ် တွေ့ဆုံအပြီးမှာတော့ ပဋိပက္ခ ဖြစ်နိုင်ချေတွေကို ရှောင်ရှားပြီး ဒီမိုကရေစီရေးအတွက် ပူးပေါင်းပြီး လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တဲ့အပြင် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဖို့ရှိတယ်လို့ပါ ပြောကြားနိုင်ခဲ့ပါတယ်။

XS
SM
MD
LG