ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရေး အလှည့်အပြောင်းအတွက် အရေးကြီး တာကြောင့်ဆိုပြီး သူ လွတ်မြောက်လာရေး အတွက် နိုင်ငံရေး ပါတီတွေအပါအဝင် မြန်မာနိုင်ငံရေး စိတ်ဝင်စားသူ အတော်များများက မျှော်လင့်ထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေကို စုံစမ်းမေးမြန်းပြီး၊ သူတို့ သဘောထားတွေကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကန့်သတ်ထားတာကနေ လွတ်လာတော့မလားဆိုတဲ့ သတင်းက ပြည်တွင်းပြည်ပအားလုံးမှာ ထိပ်ဆုံးက ရှိနေပါတယ်၊ အထူးသဖြင့် လက်ရှိ မွန်းကြပ်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို အတော်လေး စိတ်ဝင်တစားလည်း ရှိနေကြတာပါ။ ဒါဟာ မြန်မာ့နိုင်ငံရေး အပြောင်းလဲ ဖြစ်လာနိုင်တဲ့ အခြေအနေထိ ရှိလာနိုင်တယ်လို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက သုံးသပ်ပါတယ်။
“မျှော်လင့်တဲ့အတိုင်းသာ ဒီကနေ့ လွတ်လာမယ်ဆိုရင်တော့ တိုင်း၍ယက်တဲ့ သက္ကလာ မိုးရွာတာနဲ့ အဆင်သင့် ဆိုတဲ့ အတိုင်းပဲပေါ့။ အချိန်သင့်အခါသင့်လို့ ဘဘတို့က ယူဆတယ်။ ဒီနေ့အချိန်ဟာ မြန်မာပြည်ရဲ့ အလှည့်အပြောင်းတခုကို ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လူထုရင်ထဲမှာ မခံမရပ်နိုင် ဖြစ်တာတွေက သိပ်ကိုကြီးမား နေတယ်။ ပြောင်ကျကျကြီး နိုင့်ထက်စီးနင်း မတော်မတရားလုပ်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ အခါကျတော့ တော်တော်လည်းပဲ စက်ဆုပ်ရွံရှာကြတယ်။ အခုလည်းပဲ သူ လွတ်လာတဲ့အချိန်မှာ အဲဒီလို မတရား အလုပ်ခံရတဲ့ ပါတီအဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေ ဘက်ကနေပြီးတော့ သူက ရပ်တည်ပြီးတော့ သူက မတရားမှုကို ရှုတ်ချမှာပဲ။ ဝေဖန်မှာပဲလို့ ဆရာ့အနေနဲ့ ယူဆတယ်။”
မကြာသေးခင်ရက်ပိုင်းက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲရလဒ်တွေကို မကျေနပ်ကြတဲ့အထဲမှာ လူထုတွေ၊ နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အပြင် မြန်မာ့တပ်မတော်သားတွေလည်း ပါဝင်မှာဖြစ်သလို ဒီလိုအနိုင်ကျင့်မှုတွေကို အမျိုးသား အင်အားစုကြီးတရပ်နဲ့ တွန်းလှန်ဖို့ လိုမယ်လို့လည်း ပြောပါတယ်။
“တပ်မတော်ထဲမှာလည်းပဲ ဒါတွေကို မကြိုက်တဲ့ မျက်နှာပူတဲ့ ရှက်တဲ့တပ်မှူးတွေ တပ်သားတွေ၊ ဗိုလ်မှူးကြီး၊ အရာခံတပ်၊ ဗိုလ်ချုပ်တွေအထိ ရှိနိုင်တာပဲ။ ဆိုတော့ အဲဒီလို အမျိုးသားအင်အားစုကြီးထဲမှာ တပ်မတော်လည်း ပါဝင်လာနိုင်တာပဲ။ အဲဒီလိုဆိုရှိရင် အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီအဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေ၊ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးရဲ့ စုစည်းတဲ့နေရာကြီးတခု ဖြစ်လာနိုင်တယ်။ အဲဒီကနေတဆင့် တက်ပြီးတော့ အင်မတန်ကို ကြီးမားတဲ့ အမျိုးသား အင်အားစုကြီးတခု ဖြစ်သွားနိုင်တယ်။ အမျိုးသား အင်အားစုကြီးတခု ဖြစ်သွားနိုင်ပြီဆိုရင် ဒီကြံ့ဖွံ့အစိုးရက ဒီအင်အားစုကြီးနဲ့ စကားမပြောဘဲနေလို့မရတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။”
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီပါတီကနေ ခွဲထွက်ပြီး အမျိုးသား ဒီမိုကရက်တစ်ပါတီအဖြစ် ထူထောင်ကာ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ NDF ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာဖို့ကို ကြိုဆိုကြောင်းနဲ့ သူတို့အနေနဲ့ နိုင်ငံမှာ အမျိူးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်ချက်တွေကို ဆက်လက် ထောက်ခံသွားမယ်လို့ NDF ပါတီရဲ့ ဥက္ကဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။
“အဲန်ကယ်တို့ သဘောထားကတော့ သူ ရောက်လာမယ်ဆိုလို့ရှိရင် ရှေ့မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အတွက်ကို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကို ပြန်ပြီးတော့ ဖော်ဆောင်ပြီးတော့ ပြဿနာတွေကို ဆက်လက်ပြီးတော့ ဦးဆောင် ဖြေရှင်းသွားမယ်ဆိုရင် အဲန်ကယ်တို့ကလည်း အများကြီး ထောက်ခံမှာပါ။”
NDF ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို ဝင်ဖို့ မဝင်ဖို့ ဆိုတဲ့ သဘောထားနဲ့ အယူအဆ ဆိုတဲ့ နေရာတွေမှာ ကွဲလွဲခဲ့ကြပေမဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တရပ် အမှန်တကယ် ဖြစ်ထွန်းလာရေးအတွက် သဘောထားချင်း တိုက်ဆိုင်မယ့် ဘယ်ကိစ္စကိုမဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း လုပ်ဆောင်သွားနိုင်ပါတယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။
“ကျနော်တို့ ရွေးကောက်ပွဲကာလတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့တို့ လာပြီး သပိတ်မှောက်ခဲ့တယ်။ ကျနော်တို့က ရွေးကောက်ပွဲ ဝင်ကြတာပေါ့နော်။ ဒီနေရာမှာတော့ သဘောထားချင်းက သူ့ရဲ့ ရပ်တည်ချက်အရ သူ လုပ်တယ်။ ကျနော်တို့လည်း ကျနော်တို့ရပ်တည်ချက်နဲ့ ကျနော်တို့ လုပ်တယ်ပေါ့နော်။ ဒါကတခုပေါ့။ ဒါ မတူတာနဲ့ အားလုံးမတူတာ မဟုတ်ဘူးလေနော်။ အဲဒီတော့ issue အပေါ် မူတည်လို့ကတော့ issue တခုပေါ်လာရင် သူတို့နဲ့ ကျနော်တို့နဲ့ သဘောထားချင်း တူတယ်ဆိုရင် အတူတူလုပ်မှာပေါ့။”
အခုလို နိုင်ငံရေးပါတီတွေရဲ့ သဘောထားတွေအပြင် လူထုကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာဖို့ကို အထူး မျှော်လင့် စောင့်စားနေတာဖြစ်ပြီး နိုင်ငံအတွက် သူရဲ့ ဦးဆောင်မှုတွေကြားမှာ လူထုက ဝိုင်းဝန်း ပံ့ပိုးကြဖို့လည်း အရေးကြီးလာပြီလို့ ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။
“နိုဝင်ဘာ ၁၃ ဆိုတော့ တကယ်တော့ နိုဝင်ဘာ ၇ ရက်ထက်ကို လူထုကပိုပြီး စိတ်ဝင်စားခဲ့တာပါဗျ။ အန်တီစု အပေါ်မှာ ယုံကြည်ထားတဲ့ လူထုရဲ့ ယုံကြည်မှုကတော့ ဘယ်တော့မှ မကျဆင်းသွားဘူးဗျ။ လူထုက အန်တီစုကို တော်တော် မျှော်လင့်ပါတယ်ဗျ။ ဒါပေမဲ့ အန်တီစုက ဘာတွေ လုပ်ပေးနိုင်တယ်ဆိုတာကို စောင့်မျှော်ထားတာထက် အန်တီကို ဝိုင်းရံပြီးတော့ ကိုယ်တိုင်လည်း ဘာတွေ ဝိုင်းပြီးလုပ်နိုင်ကြမလဲ ဆိုတာကို ကျနော်က စဉ်းစားစေချင်ပါတယ်ခင်ဗျ။”
၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင် ပြောပြခဲ့တာပါ။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ရှိနေတယ်လို့ ပြည်တွင်း ပြည်ပကလည်း သုံးသပ်ထားတာဖြစ်ပါတယ်။