သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာ့မဟာနာယကအဖွဲ့ အစိုးရလက်အောက်ခံ မဖြစ်သင့်


နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့အစည်းဟာ အစိုးရလောင်းရိပ်အောက်က လွတ်ကင်းတဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတခုဖြစ်သင့် ကြောင်း အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံရေးအကျဉ်းသားဟောင်း မြန်မာသံဃာတော်တွေက ပြောဆိုလိုက်ကြပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသာနာရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ ကို မေလ(၁၄)ရက်နေ့မှာ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဆရာတော် ၄၇ ပါးကို သွားရောက်ဖူးမျှော်လျှောက်ထားအပြီး အခုလို ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံရာမှာ NLD အစိုးရအနေနဲ့ "ရဟန်းရှင်လူ ပြည်သူလူထုနဲ့ မဆန့်ကျင်တဲ့" အစိုးရအဖွဲ့ အဖြစ် တတ်စွမ်းနိုင်သမျှဆောင်ရွက်သွားမှာဖြစ်တယ်လို့ လျှောက်ထားခဲ့သလို နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ချုပ်က တိုင်းနဲ့ပြည်နယ် မြို့နယ်၊ ရပ်ကွက်/ကျေးရွာတွေအထိ ဦးဆောင်မှုပေးပြီး “သံဃာ့ကိစ္စ သံဃာ တော်တွေ ဆောင်ရွက်ရေးမူ” ဆိုတဲ့ မူနဲ့အညီ ဆောင်ရွက်မှုပေးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့တည်ငြိမ် အေးချမ်း တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမယ်လို့လည်း လျှောက်ထားခဲ့ပါတယ်။

တကယ်တော့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ချုပ်ဟာ သီးခြားလွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိမှသာ သာသနာအတွက်ရော နိုင်ငံတော် အေးချမ်းတည်ငြိမ်ရေးအတွက် ကောင်းမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ သတင်းသုံးနေတဲ့ နိုင်ငံရေး အကျဥ်းသားဟောင်းဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။

“သာသနာရေးကိစ္စကို သံဃာတွေဟာ လွတ်လွတ်လပ်လပ် လုပ်ဆိုတဲ့ဟာလေး တကယ်တမ်း အဲ့ဒီလို လုပ်ပိုင်ခွင့်တွေ ရှိဖို့တော့ လိုတယ်ပေါ့။ အရင်တုန်းက ရှိခဲ့တာတွေ အတော်များများက သံဃာတော်တွေဟာ သံဃာ့ရေးရာကိစ္စ၊ သာသနာ့ရေးရာကိစ္စတွေမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့် မရှိတာတွေ အများကြီး ကြုံတွေ့ရပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ သာသနာအရေးတွေနဲ့ ပတ်သက်လာရင် သာသနာရေးဝန်ကြီးဌာနဟာ သံဃာ့မဟာနာယကအဖွဲ့အစည်း ဆရာတော်ကြီးများရဲ့ သြဝါဒတွေကို အမှန်အတိုင်းပဲ ခံယူပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်ဆိုရင် သာသနာအတွက် ပိုပြီးတော့ ကောင်းတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရဘူး။ အရင်ကအတိုင်းပဲ ဖြစ်ဦးမယ်ဆိုရင်တော့ သာသနာအတွက်က ဒီထက်မက ပိုပြီးတော့ ရှုတ်ထွေးလာနိုင်တယ်။”

ဒီအချက်ကို Wisconsin ပြည်နယ်မှာ သတင်းသုံးတဲ့ သာသနာ့ဥသျှောင်အဖွဲ့ တာဝန်ခံဆရာတော်တပါးဖြစ်တဲ့ ဦးဇဝနကလဲ သဘောတူ ပါတယ်။

“နိုင်ငံတော် သံဃာ့နာယကက တကယ်လို့သာ သူဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းမှန်လို့ရှိရင် ဘယ်ဆရာတော်ကမှ ပဋိပက္ခတွေကို လိုလားမှာ မဟုတ်တာ သေချာတယ်။ မြိုင်ကြီးငူဆရာတော်လို ဟာမျိုးဆိုရင်လည်း နိုင်ငံတော်သံဃာ့မဟာနာယက က တကယ်သာ သြဇာအာဏာ ထိထိရောက်ရောက် ဆိုလို့ရှိရင် ဒါဟာ ဝိနည်းဓမ္မတာအရ လုံး၀ မသင့်တော်တဲ့ကိစ္စ ဖြစ်နေတယ်။ သူများမြေကို သွားပြီးတော့ ကျူးကျော်တဲ့ဥစ္စာ ရဟန်းတပါးရဲ့ မလုပ်သင့်တော့တဲ့ကိစ္စပါ။ ပြစ်မှုကျူးလွန်နိုင်တဲ့ ပုစ္ဆာကြီးဖြစ်နေတဲ့ဥစ္စာက သံဃာ့နာယကနဲ့ လူသိရှင်ကြား ပြောသင့်တဲ့ကိစ္စမှာ ဘာမှမပြောဘဲ ငြိမ်နေတာတွေကလည်း ဗုဒ္ဓဘာသာရဲ့ ရုပ်ဆိုးတဲ့ အကျည်းတန်တဲ့ မြင်ကွင်းကြီးက ထင်ထင်ရှားရှားကြီးကို ဖြစ်သွားရတယ်ပေါ့နော်။”

ပြီးခဲ့တဲ့နှစ်တွေအတွင်း မဘသလို့ခေါ်တဲ့ သံဃာ့အဖွဲ့အစည်းတရပ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပြီး ဒီအဖွဲ့ကြောင့် ဗုဒ္ဓဘာသာရဲ့ပုံရိပ်ကို ထိခိုက် တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါကို သံဃာ့ မဟာနာယကအဖွဲ့က ထိန်းသိမ်းသင့်တယ်လို့ အရှင်ဦးဇဝနကမိန့်ပါတယ်။

“မဘသရဲ့ ရပ်တည်မှုကို သံဃာ့နာယကက ဘာမှကို အရေးမယူတဲ့အပြင် တချို့ မဘသပွဲတွေကို သံဃာနာယကဆရာတော်တွေ ကိုယ်တိုင် သွားတက်ရောက်နေတာကို တွေ့ရတယ်။ ဘယ်လိုဖြစ်သွားသလဲဆိုတော့ ဒီ သူ့ဥပဒေရှိတယ်။ သူ့ဥပဒေတွေထဲမှာ ဂိုဏ်း ၉ ဂိုဏ်းမှအပ ဘယ် မည်သည့် သံဃာ့အဖွဲ့အစည်းမှ ခွင့်မပြုဘူးဆိုတဲ့ ဥစ္စာက လိုလို့ရှိလို့ရှိရင် ခွင့်ပြုတယ်၊ မလိုလို့ရှိရင် ခွင့်မပြုဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားတယ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်ထားချက်ထဲမှာ နိုင်ငံကို ဗြဟ္မစိုရ်တရားလေးပါး ပေါ်အခြေခံပြီး လုပ်ဆောင်သွားမယ်လို့ လျှောက်ထားခဲ့ ပါတယ်။ မြန်မာနိုင်ငံတွင်း ဘာသာရေးကို အခြေခံတဲ့ လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်ပေါ်ဖို့ဆိုရင် ဘာသာရေးခေါင်းဆောင်တွေ သဘောထားကြီးဖို့ ဦးပညာဇောတက မိန့်ပါတယ်။

“ဦးဇင်းတို့နိုင်ငံက တလျှောက်လုံး ဘာသာမတူတဲ့လူတွေ အတူတူ ပူးပေါင်းပြီးတော့ နေတာပါ။ ဦးဇင်းတို့နိုင်ငံမှာ အရင်တုန်းကအတိုင်း ရှိခဲ့လျက်သားနဲ့ ညီညွတ်မှုကို ဘာကြောင့် ပြိုကွဲအောင် အချင်းချင်း ပဋိပက္ခတွေဖြစ်အောင် ဦးဇင်းတို့ မနေနိုင်ဘဲ ရှိရမှာလဲပေါ့။ နေကို နေနိုင်ရမယ်လို့ ဦးဇင်းတို့က မြင်တယ်။ အဲဒီအပေါ်မှာ ဘာသာရေး ခေါင်းဆောင်တွေဟာလည်းပဲ သဘောထားကြီးဖို့ လိုပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာလည်းပဲ အရေးကြီးတယ်ဆိုတာ ဦးဇင်းအနေနဲ့ အဓိက ပြောချင်ပါတယ်။ သဘောထား ကြီးကြီးနဲ့ ကိုယ့်ဘာသာဝင်တွေကို ဖျောင်းဖျထိန်းသိမ်းပြီးတော့ သွားမယ်။ ညွှန်ကြားပြီးတော့ သွားမယ်ဆိုလို့ရှိရင် ညီညွတ်မှုတွေ ရလာနိုင်ပါတယ်။ ဘာမှ ပြဿနာ မရှိနိုင်ပါဘူးလို့။”

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဟာ ခေတ်အဆက်ဆက် အစိုးရအဖွဲ့တွေရဲ့အသုံးချတာကို ခံခဲ့ရတယ်ဆိုတဲ့ ဝေဖန်မှုတွေလဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG