သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်း ချင်းပြည်နယ်ဟာ ဆင်းရဲမွဲတေမှု အမြင့်ဆုံးဖြစ်


မြန်မာပြည်တွင်း ချင်းပြည်နယ်ဟာ ဆင်းရဲမွဲတေမှု အမြင့်ဆုံးဖြစ်

မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီး ၁၄ ခုအနက် ချင်းပြည်နယ်မှာ ဆင်းရဲမွဲတေမှု ပမာဏဟာ ပြည်နယ်လူဦးရေရဲ့ ၇၃.၃ ရာခိုင်နှုန်းနဲ့ အခြားဒေသတွေထက် အများဆုံး ဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကအတိုင်း ဆက်လက် တည်ရှိနေတယ်လို့ ဇွန်လထုတ် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP စစ်တမ်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံတ၀ှမ်း ဒေသပေါင်းစုံက အိမ်ထောင်စုပေါင်း ၁၈,၆၆၀ ကို ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ၂၀၀၄ ခုနှစ်က အလားတူစစ်တမ်းနဲ့ နှိုင်းယှဉ်ရင် တနိုင်ငံလုံးရဲ့ ဆင်းရဲမွဲတေမှုနဲ့ အစားအစာ မလုံလောက်မှု ၆ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆင်းရဲသားတွေဟာ အစားအစာ ဈေနှုန်းမြင့်တက်မှုနဲ့ မြေယာ မရှိတဲ့ လယ်သမားဦးရေ များလာတဲ့ အခြေအနေတွေကြောင့် အခက်အခဲနဲ့ ရင်ဆိုင်ကြရတယ်လို့ ဆိုပါတယ်။

စစ်တမ်းအရ မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ ဆင်းရဲမွဲတေနှုန်း အမြင့်ဆုံး ၇၃.၃ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ဆင်းရဲနှုန်း ၄၄ ရာခိုင်နှုန်းနဲ့ ဒုတိယအမြင့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ စစ်တမ်းကောက်ယူရာမှာ ဆင်းရဲမွဲတေမှုနဲ့ဆိုင်တဲ့ကဏ္ဍမှာ အိမ်ထောင်စု အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ သေဆုံးမှု၊ အလုပ်အကိုင်၊ ငွေကြေး သုံးစွဲနိုင်မှုနဲ့ စုဆောင်းနိုင်မှုတွေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်တမ်းအရ အိမ်ထောင်စုတခုချင်းစီ ပျှမ်းမျှဦးရေ ချင်းပြည်နယ်မှာ ၆ ဦးနှုန်းနဲ့ အများဆုံးဖြစ်ပေမဲ့ တကယ်တမ်းမှာ လူငယ်အများအပြား နိုင်ငံခြားထွက် အလုပ်လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

XS
SM
MD
LG