သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမြဲတမ်းနေထိုင်ခွင့် PR စနစ် မြန်မာကျင့်သုံးတော့မည်


ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

PR ခေါ် နိုင်ငံခြားသားတွေကို မြန်မာပြည်မှာ အမြဲတမ်းနေထိုင်ခွင့်စနစ်ကို လာမယ့် အောက်တိုဘာလကုန်လောက်မှ စတင်ပြီး ကျင့်သုံးဖို့ ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးက ပြောဆိုလိုက်ပြီး ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် မြန်မာပြည်ဟာ စင်္ကာပူနိုင်ငံလို တိုးတက်လာနိုင်မယ်လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တဘက်နိုင်ငံသားခံယူမှုကို စွန့်လွှတ်စရာမလိုဘဲ မြန်မာပြည်မှာ အချိန်အတိုင်းအတာတခုထိ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ရရှိစေမယ့် PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ်ကို မြန်မာအာဏာပိုင်တွေက ၂၀၁၂ ခုနှစ်တည်းက စတင် ဆွေးနွေးဆောင်ရွက်ခဲ့ရာက လာမယ့် အောက်တိုဘာလကုန်လောက်မှာ စတင် ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

ဒီလို ကျင့်သုံးနိုင်တော့မယ့် အခြေအနေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က အခုလို ပြောပါတယ်။

“အောက်တိုဘာလမှာ အကောင်အထည်ဖော်ဖို့ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲ ကလည်း ကျနော့်ကို အောက်တိုဘာလမှာ အကောင်အထည်ဖော်ပါလို့ ပြောပါ တယ်။ အဲတော့ ကျနော်လည်း ကတိပေးပြီးပါပြီ။ အောက်တိုဘာလ နောက်ဆုံးရက် လောက်မှာ ဖြစ်အောင်လို့ ကျနော် လုပ်ပါမယ် PR စနစ်ကို။ ပြီးပါပြီခင်ဗျ နည်းဥပဒေပါ ကျနော်တို့ နိုင်ငံတော်အစိုးရကလည်း ခွင့်ပြုပြီးပါပြီ။ နောက်ပြီးတော့ လွှတ်တော်ကလည်း ခွင့်ပြုပြီးပါပြီ။ ဆိုတော့ အောက်တိုဘာမှာ အပြီး အကောင်အထည် ဖော်ပေးပါလို့လည်း အကြီးအကဲက သတ်မှတ်ပြီးသား။ ကျနော်ကတော့ အောက်တိုဘာလ နောက်ဆုံးပတ်လောက် အကောင်အထည်ဖော်မယ်လို့ ကျနော် ဒီမှာ ကတိကဝတ် ပြုပါတယ်။ Permanent Resident System ကို ပြောတာနော်။ ဟို PR မဟုတ်ဘူး။”

ဒါကတော့ အွန်လိုင်းကနေ ဗီဇာလျှောက်ထားတာကို စတင်ခွင့်ပြုကြောင်း ထုတ်ပြန်တဲ့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာဖြစ်ပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ကို အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ တခြားနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ မြန်မာနိုင်ငံသားတွေ နဲ့ နိုင်ငံခြားသားသွေးနှောသူတွေ ဆိုပြီး စံ ၄ မျိုး ခွဲခြား လက်ခံသွားဖို့နဲ့ အမြဲတမ်းနေထိုင်ခွင့် ပေးရာမှာတော့ ကနဦးကာလ နေထိုင်ခွင့်ကို ၅ နှစ် ခွင့်ပြုဖို့ သတ်မှတ်ထားပါတယ်။ စီးပွားရေးပညာရှင် ဦးလှမောင်ကတော့ စင်္ကာပူနိုင်ငံမှာ ဒီစနစ်ကို ကျင့်သုံးပြီး တိုးတက်မှုရနေတာကြောင့် မြန်မာပြည်မှာ အလားတူ တိုးတက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။

“စင်္ကာပူနိုင်ငံဟာ ဘာသယံဇာတ ဘာပစ္စည်းမှ မရှိပါဘူး။ နိုင်ငံလေး သေးသေးလေးပါ။ အင်မတန် ချမ်းသာကြွယ်ဝပါတယ်။ အဲ့ဒီလိုချမ်းသာသွားတာဟာ နိုင်ငံခြားကို သူတို့ စပါယ်ရှယ် Economic Zone တွေနဲ့ Industrial Zone တွေ ကျကျနနလုပ်ပြီးတော့ ဖိတ်ခေါ်ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်စေပါတယ်။ ဘယ်နိုင်ငံခြားသားဖြစ်ဖြစ် စင်္ကာပူမှာသွားပြီး အလုပ်လုပ်ရင် အလုပ်အကိုင်ရတာနဲ့ PR ရပါတယ်။ Permanent Resident လခကောင်းကောင်းနဲ့ အလုပ် အတည်တကျ ရသွားရင် မြေရော၊ အိမ်ရော ဝယ်ခွင့်ရှိပါတယ်။ အဲ့ဒါကြောင့် စင်္ကာပူကို နိုင်ငံခြားသားတွေ လာပြီးတော့ ဝိုင်းပြီး အလုပ်လုပ်လိုက်ကြတာဟာ စင်္ကာပူကြီး ဒီလောက် ချမ်းသာသွားပါတယ်။ အခု PR စနစ် ပေးတော့မယ်ဆိုပြီးတော့ ပြဌာန်းလိုက်ရင်တော့ ဥပဒေမှာ တိုင်းပြည်အတွက် အင်မတန်မှပဲ အကျိုးရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။”

PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ် ကျင့်သုံးမယ်ဆိုရင် ရန်ကုန်မြို့က လူနေတိုက်ခန်းဈေးတွေလည်း ကျဆင်းလာနိုင်ကြောင်း ပြောပါတယ်။

“အခု သူတို့ PR မရတဲ့အတွက် ရပ်ကွက်တွေထဲက တိုက်ခန်းတွေမှာ လျှောက်ပြီးတော့ ငှားနေရပါတယ်။ ဟိုတယ်တွေကလည်း မလောက်လို့ သူတို့နဲ့ကိုက်ညီတဲ့ Resident တွေကလည်း မလောက်တော့ ရပ်ကွက်က တိုက်ခန်းတွေ ဈေးတွေ ခုန်ခုန်တက်သွားပါတယ်။ အဲတော့ အကယ်၍များ PR စနစ်ပေးပြီးတော့ သူတို့ ကျကျနန နိုင်ငံခြားရပ်ကွက်လေးတွေနဲ့ စနစ်တကျလေး ဖန်တီးပေးမယ်ဆိုရင် ဒီနေ့ တိုက်ခန်းဈေးနှုန်းတွေလည်း ပြန်ကျလာနိုင်တယ်။”

မြန်မာပြည်ရဲ့ ရိုးရာယဉ်ကျေးမှုအရ ထိန်းသိမ်းလုပ်ဆောင်နိုင်ရင် PR ခေါ် အမြဲတမ်း နေထိုင်ခွင့်စနစ် ကျင့်သုံးတာကြောင့် ဆိုးကျိုးသက်ရောက်မှုတွေ မရှိနိုင်ကြောင်းလည်း ပြောပါတယ်။

PR ခေါ် အမြဲတမ်း နေထိုင်ခွင့်စနစ် နဲ့ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတခုမှာတော့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက PR စနစ်ကျင့်သုံးတာကြောင့် နည်းပညာ၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မိမိတို့ နိုင်ငံအတွင်းသို့ စီးဝင်လာနိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူကောင်းတွေ ရရှိနိုင်မှာဖြစ်သလို နိုင်ငံတော်ကပေးအပ်သည့် အခွင့်အလမ်းကောင်းတွေ ဆုပ်ကိုင်ပြီး ကြိုတင်စီမံမှုတွေနဲ့ နယ်ပယ် အသီးသီးကို နည်းမျိုးစုံဖြင့် စိမ့်ဝင်ထိုးဖောက် ဝင်ရောက်တာတွေလည်း ရှိလာနိုင်ကြောင်း၊ နိုင်ငံသားတွေအတွင်း ယှဉ်ပြိုင်မှုတွေ များပြားလာနိုင်ကြောင်းနဲ့ ရာဇဝတ်မှုတွေ များပြားလာနိုင်ကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တည်ဆဲဥပဒေအရ နှစ်နိုင်ငံသားခံယူခွင့် ပြုမထားတာကြောင့် ပြည်ပမှ လာရောက်မယ့် ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တခြားနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေကို တွေ့ကြုံရတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့ PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်တာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG