မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ် (Prague) မြို့မှာ ဒီကနေ့ ကျင်းပနေပြီး ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် (Vaclav Havel) နဲ့ လက်ရှိ ချက်နိုင်ငံခြားရေး ဝန်ကြီးတို့က အဖွင့်အမှာစကားတွေ ပြောခဲ့ကြပါတယ်။ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံတူညီတဲ့ မူဝါဒကို ပြန်လည်သုံးသပ် ဆွေးနွေးကြတဲ့အခါ ဒီဆွေးနွေးပွဲက ထွက်လာတဲ့ ရလဒ်တွေက မူဝါဒကို ပုံဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဆွေးနွေးပွဲကို အဓိကစီစဉ်တဲ့ အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။
ပရာ့ဂ်မြို့မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲကို “မြန်မာနိုင်ငံ ရွေးကောက်ပွဲများနှင့် ဥရောပ မူဝါဒ” လို့ ခေါင်းစဉ်တပ်ထားပြီး ရွေးကောက်ပွဲပြီး နောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေတွေ၊ အဲဒီအခြေအနေတွေဟာ ဥရောပရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြောင်းလဲစေတဲ့အထိ ဦးတည်သွားဖို့ သင့်၊ မသင့် ဆိုတာတွေကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဗွီအိုအေကို ရှင်းပြခဲ့သူကတော့ ချက်သမ္မတနိုင်ငံ အခြေစိုက် People in Need Foundation က မြန်မာ့အရေး စီမံကိန်း လုပ်ငန်းညှိနှိုင်းရေးမှူး မစ်စ် ခရစ္စတီးနား ပရူနယ်ရိုဗာ (Kristina Prunerova) ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာနနဲ့ People in Need အဖွဲ့တို့က ပူးတွဲ ကမကထပြု ကျင်းပတာ ဖြစ်တယ်လို့ မစ်စ် ခရစ္စတီးနားက ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကာလရှည်ကြာ ထောက်ခံအားပေးလာခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် ကိုယ်တိုင် ဒီဆွေးနွေးပွဲမှာ အဖွင့်အမှာစကား ပြောကြားပေးမှာ ဖြစ်တဲ့အတွက် မိမိတို့ အင်မတန် ဝမ်းမြောက်တဲ့အကြောင်း၊ ဒါ့အပြင် လူ့အခွင့်အရေးကို လုပ်ငန်းအစီအစဉ်ထဲ အမြင့်ဆုံးနေရာမှာ ထည့်သွင်းထားသူအဖြစ် ထင်ရှားတဲ့ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ကာရဲလ် ရှဝါဇန်ဘာ့ဂ် (Karel Schwarzenberg) လည်း အဖွင့်အမှာစကား ပြောကြားပြီး ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်လို့ မစ်စ် ခရစ္စတီးနားက ပြောပါတယ်။
ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံတူညီတဲ့ မူဝါဒကို လာမယ့် ဧပြီလမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ သုံးသပ်ဖို့ ရှိနေချိန်မှာပဲ ဒီဆွေးနွေးပွဲကို ကျင်းပတာမို့ အချိန်အခါအရ အင်မတန် ကိုက်ညီပြီး ထူးခြားပါတယ်လို့ သူက ဆိုပါတယ်။ အခုလက်ရှိမှာကိုပဲ ဥရောပနိုင်ငံ အသီးသီးမှာ မြန်မာနိုင်ငံက အခြေအနေပေါ် ပြန်လည်သုံးသပ်တာတွေ လုပ်နေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ဆွေးနွေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံ ရှိတဲ့အထဲမှာ နိုင်ငံ ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေ စေလွှတ်ထားတာကြောင့် စိတ်ဝင်စားမှု မြင့်မားတယ်ဆိုတာ ထင်ရှားပြီး ဘုံတူညီတဲ့ ဥရောပမူဝါဒ ချမှတ်ရာမှာ ထောက်ကူနိုင်မယ်လို့ မစ်စ် ခရစ္စတီးနားက ယုံကြည် မျှော်လင့်နေပါတယ်။
ဒီမှာရလာတဲ့ အကြံဉာဏ်တွေကို တင်ပြနိုင်မယ်လို့ မိမိယုံကြည်ပြီး ဥရောပရဲ့ မူဝါဒကို ပုံဖော်ရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ်စ် ခရစ္စတီးနားက ပြောသွားပါတယ်။
မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာအဖွဲ့အစည်းတွေ၊ ဥရောပအခြေစိုက် မြန်မာ့အရေး အဖွဲ့အစည်းတွေ စသည်အားဖြင့် ဒီဆွေးနွေးပွဲကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအတွင်း ကဏ္ဍသုံးခုကို ခေါင်းစဉ်ခွဲ ဆွေးနွေးကြဖို့ စီစဉ်ထားပြီး အဲဒါတွေကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး လုပ်ဆောင်ခွင့် နေရာ၊ မြန်မာ့နယ်စပ်ဒေသများ၊ တိုက်ပွဲများ၊ ဒုက္ခသည်များနှင့် နယ်စပ်ဖြတ်ကျော် အကူအညီများ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ ချဉ်းကပ်မှုဆိုတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုတွေကို ဥရောပဘက်ကနေ ဘယ်လို ပူးပေါင်းပါဝင်ပြီး ထောက်ခံ ဝန်းရံပေးသွားဖို့ လိုမယ်ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်း၏ ချဉ်းကပ်မှုဆိုတဲ့ ကဏ္ဍမှာ ဆွေးနွေးတင်ပြမယ့် သူတွေထဲ တဦးကတော့ ထိုင်းနိုင်ငံ အခြေစိုက်၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့က မခင်ဥမ္မာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံတူညီတဲ့ မူဝါဒကို ဧပြီလမှာ ပြန်လည်သုံးသပ်တဲ့အခါ အထောက်အကူ ဖြစ်နိုင်အောင် ဆွေးနွေးသွားမယ်လို့ မခင်ဥမ္မာက ပြောပါတယ်။
“အခုလောလောဆယ် ဥရောပသမဂ္ဂရဲ့ ဘုံသဘောထားမှာဆိုရင် Sanction စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ပြီးတော့ နအဖ အရာရှိတွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေကို ဥရောပသမဂ္ဂကို ဗီဇာဝင်ခွင့် ပိတ်ထားတဲ့ ကိစ္စတွေ၊ ဒါတွေကို ဆက်ပြီးတော့ သူတို့အနေနဲ့ တားဆီးထားဖို့။ မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ဖို့ အတွက်ဆို ဒါတွေက အဓိက နအဖအပေါ်မှာ ဆက်လက် ဖိအားပေးမှုတွေ ဒီအချိန်မှာ ပိုတောင်မှ လိုအပ်နေတယ် ဆိုတဲ့ဟာ၊ အထူးသဖြင့်တော့ အတုအယောင် ရွေးကောက်ပွဲက ပေါ်လာတဲ့ အခုအစိုးရဟာ ပြည်သူရွေးချယ်ထားတဲ့ အစိုးရ မဟုတ်ဘူး။ သူတို့ အသိအမှတ် မပြုဖို့ လိုတယ်။ ကျမတို့ ဒါတွေကို ဥရောပသမဂ္ဂရဲ့ ဘုံသဘောထားထဲမှာ ဒါတွေပါလာအောင် အဓိကပဲ ကျမတို့ ဒီနေရာမှာ သူတို့ကို တင်ပြပြီး သူတို့အနေနဲ့ ဆုံးဖြတ်ချက် ချနိုင်အောင် ဆွေးနွေးတင်ပြဖို့ ဖြစ်ပါတယ်။”
ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့ကြတယ် ဆိုပေမဲ့လည်း ဘုံတူညီတဲ့ မူဝါဒဟာ အားပျော့လွန်းတယ်၊ အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ထိရောက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် ရှေ့ဆက် ဘယ်လိုသွားကြမယ် ဆိုတာအပေါ် နိုင်ငံတခုချင်းစီမှာ ကွဲပြားတဲ့ သဘောထားတွေ ရှိနေကြတာကြောင့်လည်း ခိုင်မာတဲ့ မူဝါဒတရပ် ထွက်လာအောင် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝိုင်းပြီး ဖိအားပေးနေကြပုံ ရပါတယ်။