သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအပေါ် အမြင်အမျိုးမျိုး


သမ္မတအပေါ် အမြင်အမျိုးမျိုး
သမ္မတအပေါ် အမြင်အမျိုးမျိုး

ပြည်ထောင်စု လွှတ်တော်ရဲ့ နိုင်ငံတော် သမ္မတအဖြစ်နဲ့ ရွေးချယ်မှုတွေကို တချို့ ပြည်သူလူထု အများစုဟာ နေ့တိုင်းစားဝတ်နေရေးကို ရုန်းကန်နေရတဲ့အတွက် စိတ်မဝင်စားနိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ့် ပြည်သူလူထုထဲမှာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ပြည်သူတွေကရော အခုကိစ္စကို ဘယ်လိုများ မှတ်ချက်ချကြသလဲ၊ ဒီကနေ့ လွှတ်တော်က သမ္မတနဲ့ ဒုတိယသမ္မတ နေရာတွေအတွက် လူထုရဲ့အမြင်တွေကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။

ဒီကနေ့မှာတော့ နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော်ကနေ နောင်ဖြစ်လာမယ့် အစိုးရသစ်အတွက် သမ္မတအမည်စာရင်း ထုတ်ပြန်လိုက်တဲ့အပေါ် အမြင်တွေကတော့ အမျိုးမျိုးလို့ ပြောရမှာပါ။ ဒီစစ်တပ် အုပ်ချုပ်မှုကနေ အရပ်သားအုပ်ချုပ်မှု ဆိုတဲ့ အပြောင်းအလဲတခုကို ဖြစ်လာခဲ့ပေမဲ့ နိုင်ငံမှာတကယ်တမ်း အပြောင်းအလဲတွေ ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမယ်လို့ ဝါရင့်သတင်းစာ အယ်ဒီတာတဦး ဖြစ်တဲ့ ဆရာမောင်သစ်လွင် (လူထု) ကပြောပါတယ်။

“အပြောင်းအလဲလေးတခုတော့ ဘဘတို့က မျှော်လင့်ထားတယ်လေ။ အဲဒါကို ဘဘတို့က စောင့်ကြည့်ရမယ့် အခြေအနေပဲရှိပါတယ်။ တခြားတော့ ဘဘတို့က ဘာမှပြောလို့မရသေးပါဘူး။ အခုမှ အစပဲရှိသေးတယ် ဆိုတော့ အပြောင်းအလဲတခုကတော့ သတင်းတခု အနေနဲ့ ပေးလို့ရတာပေါ့။ message တခုရတာပေါ့။ အဲဒီလောက်ပဲ ပြောလို့ရမယ်လို့ထင်တယ်။ ဘဘတို့ကလဲ သေခါလည်း နီးနေပါပြီ။ မသေခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောသလို ငါတော့ ငြိမ်းချမ်းရေး ရတာမြင်သွားချင်တယ်လို့ ပြောတဲ့ဟာမျိုးတောင် ဘဘတို့ ပြန်ပြောရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။”

ဝါရင့်သတင်းစာ အယ်ဒီတာတဦးဖြစ်တဲ့ ဆရာမောင်သစ်လွင် (လူထု) ရဲ့ အမြင်ပါ။ အခု အစိုးရသစ်အတွက် သမ္မတနေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တချို့နဲ့ အခုထွက်လာတဲ့အဖြေ လွဲခဲ့ပေမဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန် သမ္မတနေရာ ရလာတာကတော့ သိပ်အထူးအဆန်း မဟုတ်ဘူးလို့တော့ လူငယ်တယောက်က မြင်ပါတယ်။

“နဂိုကတည်းက ကြိုသိပြီးသားပေါ့နော်။ ဒီလိုပဲဖြစ်မယ်ဆိုတာကို။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ ပြန်လုပ်မယ်လို့ တချို့တွေပြောကြတယ်ပေါ့၊ အဲဒီလိုမဖြစ်ဘူးဆိုတော့ နည်းနည်း တော်သေးတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့ လူကတော့ မပြောင်းဘူးပေါ့၊ မူတော့ပြောင်းမယ်ပေါ့။ အခုလဲ မူတော့ စပြောင်းနေပြီပေါ့နော်။ အရင်ကလို ပါးစပ်တခွန်းနဲ့ ပြောတဲ့အမိန့်ပေးတဲ့စနစ် မဟုတ်တော့ဘဲ မူအတိုင်းသွားမယ်လို့တော့ အဲဒီလိုတော့ ကောင်းတဲ့ဘက်ကနေ မျှော်လင့်တာပေါ့နော်။”

ဒီလိုလူငယ်တဦးရဲ့ အမြင်ကနေ အိမ်ရှင်မတဦးရဲ့ အမြင်သဘောထားကိုလည်း ကြည့်ရအောင်ပါ။

“အဲဒီလိုဖြစ်လာမယ်ဆိုတာ ၂၀၀၈ ခုနှစ်ကတည်းက သိပြီးသားပါ။ ၂၀၀၈ အခြေခံဥပဒေ စဆွဲကတည်းက သူတို့ပဲဆိုတာကို သိပြီးသားပါ။ အခုမှသိတာမဟုတ်ပါဘူး။ မြန်မာဗွီဒီယို ဇာတ်လမ်းတွေလိုပေါ့။ ဒီမင်းသားနဲ့ ဒီမင်းသမီးနဲ့ နောက်ဆုံးညားစေသတည်း ဆိုတာမျိုးပဲ ဒီလိုပဲဆိုတာကို နဂိုကတည်းက သိပြီးသားဖြစ်တဲ့ အတွက် လုံးဝကို စိတ်မဝင်စားပါဘူး အစ်မ။ ကျမတို့ အိမ်ရှင်မတွေ အနေနဲ့ ရပ်ကွက်ထဲမှာ ဒီလွှတ်တော် စခေါ်ကတည်းကိုက မသိကြဘူး။ ဘယ်သူမှ စိတ်မဝင်စားတာပေါ့နော်။ သူတို့တွေထဲကပဲ ဆိုတာလဲ သိနေတဲ့အတွက်ကြောင့် ဘယ်သူမှကို စိတ်မဝင်စားကြဘူး။ ဘာမှလဲ မပြောကြဘူး။”

ရန်ကုန်မြို့က အိမ်ရှင်မတဦးက သူ့ရဲ့သဘောထားကို ပြောပြခဲ့တာပါ။ တကယ်တော့ ဒီလို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေကပဲ နောင်အစိုးရအတွက် အကြီးအကဲရာထူးတွေ ရလာတဲ့အပေါ်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင်တွေကတော့ ဝမ်းသာနေကြပါလို့ ရန်ကုန်တိုင်းအတွင်းက ကြံ့ခိုင်ရေးပါတီဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ ပါတီဝင်တွေကလည်း အားလုံး သိပြီးသားလေ။ ကျနော်တို့ ပါတီဝင်မှာ လက်ရှိ သမ္မတက ဘယ်သူဖြစ်မယ်၊ ဒုသမ္မတက ဒီလူဖြစ်မယ်၊ ကျနော်တို့ သတ်မှတ်ထားတဲ့သူတွေပဲ ရမယ်ဆိုတာ ကျနော်တို့ သိပြီးသားဖြစ်တယ်။ ဒါပေမဲ့ ကောင်းတာတခုကတော့ ကျနော်တို့ပါတီဝင်တွေ အနေနဲ့ကတော့ ပါတီဝင်တွေ လက်ရှိအောက်ခြေမှာတော့ နေရာရမယ်ပေါ့နော်။ ကျနော်တို့ စီစဉ်ထားသလို စည်းရုံးမှူးတွေက ရယက ဥက္ကဌနေရာကနေပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာ နေရာပြန်ရမယ်ဆိုတော့ ကျနော်တို့ ပါတီဝင် အချင်းချင်းကတော့ ပျော်စရာတော့ ဖြစ်နေတာပေါ့။ ဒါပေမဲ့ လက်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတ မဖြစ်လာဘူးဆိုတာကတော့ နဂိုကတည်းကလဲ သူက သမ္မတ မလုပ်တော့ဘူးဆိုတာကို ယုံကြည်စိတ်ချရတဲ့ ကျနော်တို့ ပါတီဝင်တွေကိုမှ သူက စိစစ်ပြီးသေချာလုပ်ထားတဲ့အတွက် ဒါကတော့ ထူးခြားမှုမရှိပါဘူး။ ဒါကတော့ ဒီအတိုင်းပဲ ရှေ့ဆက်ပြီးတော့ ဒီလိုပဲ သွားမှာပါ။”

ဘယ်သူတွေ ဘယ်လိုပဲ ဝမ်းသာနေနေ မထူးဆန်းပါဘူးဆိုတဲ့ အမြင်တွေနဲ့ စိတ်မဝင်စားဘူးဆိုတဲ့ သဘောထားတွေ ရှိနေပါစေ၊ လက်ရှိမှာတော့ ကျပ်တည်းနေတဲ့ စီးပွားရေးအခြေအနေတွေကနေ လွတ်မြောက်နိုင်ဖို့သာ အရေးကြီးပါတယ်ဆိုတဲ့ ဈေးသည်တဦးရဲ့ အမြင်ကတော့ -

“ကျမတို့ကတော့ သူတို့ဘယ်သူတွေ တက်တက်ပါ။ အရေးကြီးတာကတော့ စီးပွားရေး အဆင်ပြေဖို့ စိတ်ကူးထဲမှာရှိတယ်ပေါ့နော်။ ကျမတို့က စီးပွားရေး အဆင်ပြေစေချင်တာပဲ။ ဘယ်သူတွေတက်တက်တော့ သိပ် စိတ်မဝင်စားဘူး။ ကိုယ်တွေက ဒီမှာလဲမနည်း ရုန်းကန်နေရတာဆိုတော့ ကိုယ့်ဟာနဲ့ကိုယ် အကောက်ခွန် နည်းတာတို့ ဘာတို့ပေါ့နော်။ အဲဒီလိုဖြစ်စေချင်တာပေါ့။ ကျမတို့ မနက်ကတော့ ဈေးဝယ်နေတဲ့သူတွေ အချင်းချင်း စုပြီးပြောဖြစ်တာကတော့ ဘယ်သူတွေတက်တက် စီးပွားရေး အဆင်ပြေရင် ပြီးတာပဲပေါ့နော်။”

ဒီကနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်ကနေပြီးတော့ အစိုးရသစ်အတွက် သမ္မတသစ် ရွေးချယ်တင်မြှောက်လိုက်တဲ့အပေါ်ကို လူထုသဘောထားတချို့ရဲ့ အမြင်တွေကို စုစည်းတင်ပြခဲ့တာပါ။

XS
SM
MD
LG